Saturday, April 26, 2008

လောကနီတိ

သုဇန ကဏ္ဍ

၃၃။ သူတော်ကောင်းတို့ကိုသာ ပေါင်းဖော်ရာ၏။
သူတော်ကောင်း တရားကို သိရ၍ မြင့်မြတ်၏။

၃၄။ သူယုတ်မာတို့နှင့် ပေါင်းဖက်ခြင်းကို စွန့်လွှတ်လော့၊
သူတော်ကောင်း ပေါင်းဖက်အပ်သူကိုသာ ဆည်းကပ်လော့၊
ကုသိုလ်ကောင်းမှုကို အစဉ်အမြဲပြုလော့၊
မမြဲသောအဖြစ် (သင်္ခါရတရား) ကို အစဉ်အမြဲအောက်မေ့ဆင်ခြင်လော့။

၃၅။ သူယုတ်မာတို့သည် ရေသဖန်းသီးမှည့်နှင့်တူ၏။ အပြင်ပန်းအားဖြင့် အဆင်းရှိသော်လည်း အတွင်း၌မူကား ပိုးလောက်များဖြင့်သာ ပြည့်ကုန်၏။

၃၆။ ပိန္နဲသီးမှည့်တို့သည် ပြင်ပ၌ ဆူးများရှိသော်လည်း အတွင်းအရသာမူကား ချိုမြိန်လှပေ၏။
သူတော်ကောင်းတို့၏ စိတ်နှလုံးသည်လည်း ထို့အတူပင် ဖြစ်၏။

၃၇။ စန္ဒကူးပင်သည် သွေ့ခြောက်သွားသည့်တိုင် မွှေးရနံ့ကို မစွန့်။
ဆင်ပြောင်သည် စစ်မြေပြင်သို့ ရောက်သော်လည်း ခံ့ထည်တင့်တယ်ခြင်းကို မစွန့်။
ကြံသည် ကြိတ်စက်သို့သို့ ရောက်သော်လည်း ချိုသော အရသာကို မစွန့်။
ပညာရှိ သူတော်ကောင်းသည် ဘေးဒုက္ခဆင်းရဲသို့ ကျရောက်ငြားသော်လည်း သူတော်ကောင်းတရားကို မစွန့်။

၃၈။ ခြင်္သေ့တို့ မည်သည် ငတ်မွတ်ဆာလောင်သော်လည်း မြက်သစ်ရွက်ကိုမူ မစား။
ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်းရဲဒုက္ခကြုံရသော်လည်း မကောင်းမှုဒုစရိုက်ကို လက်မခံ အကျင့်သီလကို စောင့်ထိန်းကြကုန်၏။

၃၉။ မြင့်မြတ်သောမျိုးနွယ်ကို စောင့်သူသည် ဆင်းရဲခြင်းသို့ ရောက်သော်လည်း ယုတ်ညံ့သော အမှုကိုမပြု။

၄၀။ စန္ဒကူးနံ့သာသည် ချမ်းမြေ့၏။
ထို့ထက် လရောင်ကပို၍ ချမ်းမြေ့၏။
စန္ဒကူးနှင့် လရောင်တို့ချမ်းမြေ့သည်ထက် ကောင်းစွာဆိုအပ်သော သူတော်ကောင်းစကားက ပို၍ ချမ်းမြေ့၏။

၄၁။ အနောက်က နေထွက်ရာ၏။
မြင်းမိုရ်တောင် ယိုင်ညွတ်ရာ၏။
ငရဲမီးအေးရာ၏။
တောင်ထိပ်၌ ကြာပွင့်ရာ၏။
သူတော်ကောင်း စကားသည်ကား တစ်ရံတစ်ဆစ်မျှ မဖောက်ပြန်ရာ။

၄၂။ သစ်ပင်၏ အရိပ်သည် အေးချမ်း၏။
ထိုထက် ဆွေမျိုးမိဘအရိပ်က ပို၍အေးချမ်း။
ထိုထက် ဆရာသမားအရိပ်က ပို၍ အေးချမ်း၏။
ထိုထက် မြတ်စွာဘုရားအရိပ်က အဆများစွာသာလွန် အေးချမ်း၏။

၄၃။ ပျားပိတုန်းတို့သည် ပန်းကို အလိုရှိကုန်၏။
သူတော်ကောင်းတို့သည် ဂုဏ်ကျေးဇူးကို အလိုရှိကုန်၏။
ယင်ကောင်တို့သည် အပုပ်ကို အလိုရှိကုန်၏။
သူယုတ်တို့သည် အမျက်ဒေါသကို အလိုရှိကုန်၏။

၄၄။ အမိအဘတို့၏ အဆုံးအမကို မရမူ ကိုယ်နှုတ်အမူအရာ ကြမ်းတမ်း၏။
အမိအဘတို့၏ အဆုံးအမကို ကောင်းစွာရမူ ကိုယ်နှုတ် အမူအရာ လိမ္မာ ယဉ်ကျေး၏။

၄၅။ စစ်မြေပြင်အရပ်၌ ရဲရင့်သောသူကို အလိုရှိ၏။
လျှို့ဝှက်သောကိစ္စ၌ နှုတ်လုံသူကို အလိုရှိ၏။
စားကောင်းသောက်ဖွယ် စားသောက်ရချိန်၌ ချစ်ခင်သူကို အလိုရှိ၏။
ခက်ခဲနက်နဲသော အရေးကိစ္စကြုံတွေ့ရချိန်၌ ပညာရှိကို အလိုရှိ၏။

၄၆။ သူယုတ်မာသည် သူတော်ကောင်းကို တွေ့မြင်လျှင် ချုပ်ချယ် ညှဉ်းဆဲခြင်းကိုပြုလို၏။

၄၇။ အမှုကိစ္စဟူသမျှကို အလျင်စလို မပြုရာ၊ အလျင်စလိုပြုခဲ့သော် နောင်မှ ပူပန်ရတတ်၏။

၄၈။ အမျက်ဒေါသကို ဖြေဖျောက်နိုင်လျှင် စိုးရိမ်ခြင်း ကင်းရ၏။
သူ့ကျေးဇူးကို ဆိုတတ်လျှင် သူတော်ကောင်းတို့ ချီးမွမ်းကုန်၏။
ကြမ်းကြုတ်သော စကားကို သည်းခံခြင်းသည် မြတ်၏။

၄၉။ ကျဉ်းမြောင်း၍ မစင်အတိပြီးသောနေရာ၌ နေရခြင်းသည် ဆင်းရဲ၏။
ထိုထက် မချစ်မနှစ်သက်သောသူနှင့် အတူတကွ နေရခြင်းသည် ပို၍ ဆင်းရဲ၏။
ထိုထက် သူ့ကျေးဇူးကို မသိတတ်သူနှင့် နေရခြင်းက ပို၍ ဆင်းရဲ၏။

၅၀။ ဆုံးမသင့်သည်ကို အမြဲဆိုဆုံးမရာ၏။
ယုတ်မာသောအကျင့်ကိုလည်း တားမြစ်ရာ၏။
ထိုသို့ဆုံးမ တားမြစ်တတ်သူကို သူတော်ကောင်းတို့ နှစ်သက်လိုလားကြ၏။ သူယုတ်မာတို့ကား မနှစ်သက်ကြချေ။

၅၁။ မိမိထက် မြတ်သောသူကို မိမိကိုယ်ကို နှိမ့်ချခြင်းဖြင့် လည်းကောင်း၊
ရဲရင့်သောသူကို သင်းကွဲခြင်းဖြင့်လည်းကောင်း၊
မိမိအောက်နိမ့်သောသူကို ပေးကမ်းခြင်းဖြင့်လည်းကောင်း၊
မိမိနှင့်တန်းတူသူကို မိမိက လုံ့လပြုအားထုတ်ခြင်းဖြင့်လည်းကောင်း အောင်မြင်ရာ၏။

၅၂။ သံဃာပိုင် (သံဃိက) ပစ္စည်းကို အလွဲသုံးစားပြုခြင်းသည် အဆိပ်ကိုသောက်သုံးခြင်းထက် ဆိုး၏။
အဆိပ်သည် တစ်ကြိမ်တစ်သက်ကိုသာ သတ်သော်လည်း သံဃာ့ပစ္စည်းကို အလွဲသုံးစားပြုမှားမူ ဘဝ အဆက်ဆက် ပျက်စီးရချေ၏။

၅၃။ လျင်မြန်ခြင်းဖြင့် မြင်း၏ ကျေးဇူးကို သိရာ၏။
ဝန်ကို ဆောင်ရွက်ခြင်းဖြင့် နွား၏ ကျေးဇူးကို သိရာ၏။
နို့ရည်ရသဖြင့် နွားမ၏ ကျေးဇူးကိုသိရာ၏။
ကြံစည်လျှို့ဝှက်ရာအမှုကိစ္စ တို့၌ ဖြေကြားပြောဆိုနိုင်ခြင်းဖြင့် ပညာရှိ၏ ကျေးဇူးကိုသိရာ၏။

၅၄။ သူတော်ကောင်းတို့၏ ဥစ္စာသည် နည်းပင်နည်းငြားသော်လည်း တွင်းမှထွက်သောရေချိုကဲ့သို့ သူတစ်ပါးတို့ သောက်သုံးမှီခိုရ၏။
မသူတော်တို့၏ ဥစ္စာသည် များပင်များငြားသော်လည်း သမုဒ္ဒရာရေကဲ့သို့ သောက်ချိုး မှီခိုရာမရနိုင်။

၅၅။ မြစ်တို့သည် ရေကို မသောက်ကုန်။
သစ်ပင်တို့သည် အသီးကို မစားကုန်။
သူတော်ကောင်းတို့၏ ဥစ္စာသည်လည်း သူတစ်ပါးတို့၏ အကျိုးအတွက်သာ ဖြစ်၏။

၅၆။ မတောင့်တအပ်သည်ကို မတောင့်တရာ။
မကြံစည်အပ်သည်ကို မကြံစည်ရာ။
တရားသဖြင့်သာလျှင် ကောင်းစွာကြံစည်ရာ၏။
အချိန်ကို အချည်းနှီး အလဟဿ မကုန်ဆုံးစေရာ။

၅၇။ မကြံစည်ဘဲလျက်လည်း ဖြစ်တတ်၏။
ကြံရွယ်ထားလျက်လည်း ပျက်တတ်၏။
ဥစ္စာစည်းစိမ်ဟူသည် ကြံစည်ကြိုးစားတိုင်း မရနိုင်။

၅၈။ သူယုတ်မာအား ချစ်ခြင်း၊
သူတော်ကောင်းအား မနှစ်သက်ခြင်း၊
သူယုတ်မာတို့၏ တရား၌ နှစ်လိုခြင်း၊
ဤသည်တို့ကား ပျက်စီးမည့် အကြောင်းတည်း။


=========== သုဇနကဏ္ဍပြီး၏။ ===========

0 comments:

Original Design by : x-template.blogspot.com.

Modified by :...