Sunday, June 22, 2008

နေ့စဉ် ကုသိုလ်ဝတ်များ

ငယ်စဉ်က စ၍

ကလေးငယ်များ၊ လူငယ် လူရွယ်များသည် ငယ်စဉ်က စ၍ အလေ့ကောင်း အကျင့်ကောင်းတို့ကို ရရှိထားမှသာ အလေ့ဆိုး အကျင့်ဆိုးများ မဝင်လာအောင် တားဆီးနိုင်ပေမည်။ အလေ့ဆိုး အကျင့်ဆိုးများ ဝင်လာလျှင် လူဆိုး သူခိုး ဖြစ်ဖို့ သေချာပေသည်။

အလိုမလိုက် အပေါင်းမမှား

ငယ်စဉ်က အလေ့ကောင်း အကျင့်ကောင်းတို့ကို ရရှိထားသော ကလေးသည် မျိုးစေ့ကောင်းကို ချမိပြီ ဖြစ်၍ ကြီးလာလျှင် လူကြီး လူကောင်း ဖြစ်ရန် သေချာသလောက် ဖြစ်ပေပြီ။ အရွယ်ရောက်လာသည့် အခါ မိတ်ဆွေဆိုးနှင့် အပေါင်းမှားလျှင် ဖြစ်စေ၊ လူကြီး မိဘ များက အချစ်လွန်၍ အလိုလိုက် များလျှင် ဖြစ်စေ၊ လူကြီးလူကောင်း ဖြစ်ဖို့ မသေချာပေ။ ထို့ကြောင့် “ သေချာသလောက်” ဟု ဆိုရခြင်း ဖြစ်သည်။


မိဘတို့ တာဝန်

သို့ဖြစ်ရာ ကလေးများ၊ လူငယ် လူရွယ်များ ငယ်စဉ်က စ၍ အလေ့အကျင့်ကောင်းများ ရအောင် လူကြီး မိဘတို့က ပြုစုပျိုးထောင်ပေးဖို့ လိုအပ်သလို ထိုအလေ့အကျင့် ကောင်းများကို အရွယ်ရောက်လာသည့်အခါ ဆက်လက် ထိန်းသိမ်းသွားနိုင်အောင်၊ မိတ်ဆွေဆိုးနှင့် မပေါင်းမိအောင်၊ အကျိုးယုတ်မည့် ကိစ္စတို့၌ အလို မလိုက်မိအောင် လက်ဦးဆရာ ဖြစ်သည့် လူကြီး မိဘများက အထူး သတိကြီးကြီးထားကာ အမြဲတစေ မျက်ခြည် မပြတ် ထိန်းသိမ်း ပဲ့ကိုင်ပေးဖို့ လွန်စွာ လိုအပ်ပေသည်။

ကုသိုလ် အလေ့အကျင့်

ယင်းသို့ ပြုစု ပျိုးထောင်ပေးရမည့် အလေ့အကျင့် ကောင်းများ အနက် စိတ်ဓာတ်ပြုပြင်ရေးနှင့် သက်ဆိုင်သည့် ဘာသာရေးဆိုင်ရာ ကုသိုလ်ဝတ်များကို နေ့စဉ် အချိန်မှန်မှန် ပြုလုပ် ဆည်းပူးစေခြင်းသည် အရေးပါလှသော အလေ့အကျင့်များတွင် တစ်ခု အပါအဝင် ဖြစ်သည်။

ထို့ကြောင့် နေ့စဉ် ရတနာသုံးပါးကို ရှိခိုးခြင်း၊ ဘိုးဘွား မိဘတို့ကို ရှိခိုး ဦးချပြီးမှ အိပ်ခြင်း၊ မြတ်စွာဘုရားအား ပန်းကပ် ဆွမ်းကပ်ခြင်း၊ သတ္တဝါများအား မေတ္တာပို့ခြင်း စသော ကုသိုလ် အလေ့အကျင့်များကို အချိန်များများ မကုန်စေဘဲ ပြုလုပ်နိုင်ရန် ရွတ်ကောင်း ရလွယ်၊ တိုကျဉ်း ထိမိ၊ ခံစားမှု ပီတိ အပြည့်ပါသော ဘုရားရှိခိုး၊ ပန်းကပ်၊ ဆီမီးကပ် စသည်တို့ကို အောက်တွင် ဖော်ပြထားပါသည်။

ဘုရားရှိခိုး အကျဉ်း

ကိုယ်တော်တိုင် ကိလေသာ ခပ်သိမ်း ချုပ်ပြတ် ငြိမ်းလျက် ဒုက္ခဇာတ် သိမ်းတော်မူပြီး သည်ဖြစ်၍ သတ္တဝါဝေနေ တပည့်တွေကိုလည်း ကိလေသာ ငြိမ်းကြောင်း နည်းကောင်း ညွှန်ပြ ဆိုဆုံးမ၍ ဒုက္ခ အထွေထွေ ငြိမ်းအေးစေတော်မူသော မြတ်စွာဘုရားကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ အရှင်ဘုရား။ ။

တရားရှိခိုး အကျဉ်း

ဆင်းရဲ အဖြာဖြာ ငြိမ်းလိုပါ၍ လိုက်နာကြသူ များဗိုလ်လူကို အပူငြိမ်းအေး ဆင်းရဲဘေးမှ ကင်းဝေးလေအောင် နိဗ္ဗာန်သောင်သို့ ပို့ဆောင်ပေတတ် တရားတော်မြတ်ကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ အရှင်ဘုရား။ ။

သံဃာရှိခိုး အကျဉ်း

မြတ်စွာဗုဒ္ဓ ဟောညွှန်ပြ၍ ဆုံးမတိုင်းသာ သုံးသိက္ခာကို ကောင်းစွာလည်းကျင့် ဖြောင့်စွာကျင့်၍ ဖြည့်ကျင့်မှန်စွာ အရိယာဟု ရှစ်ဖြာသန့်စင် ထေရ်အရှင်နှင့် နွယ်ဝင်အရိယာ မြတ်သံဃာကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ အရှင်ဘုရား။ ။

ပန်း ကပ်လှူပူဇော်ရန်

ဘုန်းတော် အနန္တ၊ ဂုဏ်တော် အနန္တ၊ ဥာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တ နှင့် ပြည့်စုံတော်မူသော သုံးလောက ထွတ်ထား သဗ္ဗညု ရှင်တော်မြတ်ဘုရားအား အဆင်း အနံ့ သင်းပျံ့လှိုင်ကြွယ် ပန်းအသွယ်သွယ်ကို ရင်ဝယ်သိမ့်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့်ကြည်သာ စေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။ ။

ဆီမီး ကပ်လှူပူဇော်ရန်

ဘုန်းတော် အနန္တ၊ ဂုဏ်တော် အနန္တ၊ ဥာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တ နှင့် ပြည့်စုံတော်မူသော သုံးလောက ထွတ်ထား သဗ္ဗညု ရှင်တော်မြတ်ဘုရားအား ဖယောင်းဆီမီး လျှပ်စစ်မီးနှင့် မီးအသွယ်သွယ် ရောင်လျှံခြယ်၍ ရင်ဝယ်သိမ့်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့်ကြည်သာ စေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။ ။

ရေချမ်း ကပ်လှူပူဇော်ရန်

ဘုန်းတော် အနန္တ၊ ဂုဏ်တော် အနန္တ၊ ဥာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တ နှင့် ပြည့်စုံတော်မူသော သုံးလောက ထွတ်ထား သဗ္ဗညု ရှင်တော်မြတ်ဘုရားအား အေးမြကြည်လင် မြတ်ရေစင်ကို ကြည်ရွှင်ရင်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့်ကြည်သာ စေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။ ။

ဆွမ်း ကပ်လှူပူဇော်ရန်

ဘုန်းတော် အနန္တ၊ ဂုဏ်တော် အနန္တ၊ ဥာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တ နှင့် ပြည့်စုံတော်မူသော သုံးလောက ထွတ်ထား သဗ္ဗညု ရှင်တော်မြတ်ဘုရားအား အဆင်း၊ အနံ့၊ အရသာ အဖုံဖုံ ပြည့်စုံပါသော ဘောဇဉ်ခဲဖွယ် အသွယ်သွယ်ကို ရင်ဝယ်သိမ့်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့်ကြည်သာ စေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။ ။

သစ်သီး ကပ်လှူပူဇော်ရန်

ဘုန်းတော် အနန္တ၊ ဂုဏ်တော် အနန္တ၊ ဥာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တ နှင့် ပြည့်စုံတော်မူသော သုံးလောက ထွတ်ထား သဗ္ဗညု ရှင်တော်မြတ်ဘုရားအား အဆင်း၊ အနံ့၊ အရသာ အဖုံဖုံ ပြည့်စုံပါသော ဘောဇဉ်ခဲဖွယ် အသွယ်သွယ်ကို ရင်ဝယ်သိမ့်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့်ကြည်သာ စေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။ ။

ဆုတောင်း အမျှဝေ

ဤသို့လျှင် သုံးလောက ထွတ်ထား၊ သဗ္ဗညု ရှင်တော်မြတ်ဘုရား၏ ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်နှင့် ဥာဏ်တော် အဖုံဖုံ ကျေးဇူးဂုဏ်ကို ကြည်ယုံမျှော်မှန်း လှူဒါန်းဆက်ကပ်ရသော ဤဒါန ကောင်းမှု (ဆောက်တည်ရသော သီလကောင်းမှု၊ ပွားများရသော ဘာဝနာကောင်းမှု) အစုစုတို့ကြောင့် တပည့်တော် (တို့) သည် ပညာရှိ သူတော်ကောင်းတို့နှင့်သာ တွေ့ကြုံ ဆုံဆည်း ပေါင်းသင်း ဆက်ဆံရ၍ ပညာရှိ သူတော်ကောင်းတို့ ဟောပြောသော တရားမှန် စကားမှန်တို့ကို နာခံ မှတ်သားရသဖြင့် ပညာရှိ သူတော်ကောင်းတို့ ကျင့်ကြံ နေထိုင်ကြသည့် အတိုင်း ဆင်းရဲ ငြိမ်းကြောင်း အကျင့်ကောင်း အကျင့်မှန်တို့ကို ကျင့်ကြံပွားများ ကြိုးစား အားထုတ်နိုင် (ကြ) သဖြင့် ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာ နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက် ပြုရပါလို (ကုန်)၏ အရှင်ဘုရား။ ။

ဤကောင်းမှု အစုစု၏ အဖို့ဘာဂကို မိဘဘိုးဘွား ဆရာသမား တို့မှစ၍ အလုံးစုံသော သတ္တဝါတို့အား အမျှ ပေးဝေပါ (ကုန်)၏။ ။

အမျှ ရ၍ ချမ်းသာ ကြပါစေ။ ။

အမျှ အမျှ အမျှ ယူတော်မူကြပါ (ကုန်)လော့။ ။

မှတ်ချက်

တစ်ဦးတည်း ကပ်လှူလျှင် လက်သည်းကွင်း အတွင်းရှိ စကားများကို ထည့်မရွတ်ရပါ။ ။

စာရေးသူ မှတ်ချက်

ဤ နေ့စဉ် ကုသိုလ်ဝတ်များ အကြောင်းကို ကျွန်တော်၏ ၂၂.၆.၂၀၀၈ ခုနှစ်တွင် ၂၇-နှစ် ပြည့်သော မွေးနေ့ အတွက် ရည်ရွယ်၍ ကုသိုလ်ပြုရပါသည်။ ။



အပြည့်အစုံသို့...

Saturday, June 21, 2008

လယ်တီဆရာတော်ဘုရားကြီး၏ ခုနှစ်နေ့ ဘုရားရှိခိုး

ဘုရားရှင် ပဋိသန္ဓေ နေတော်မူသည့်နေ့

သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင် စင်္ကြာဝဠာ၊
နတ်ဗြဟ္မာတို့ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊
ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊
ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊
ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊
နတ်လူငြိမ်းဖို့၊ ကိန်းပါကို။ ။
(မဟာသက္ကရာဇ် ၆၇- ခု၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့၌ ပဋိသန္ဓေနေတော်မူသည်။)



ဘုရားရှင် ဖွားမြင် တော်မူသည့်နေ့

သန္ဓေယူခါ၊ ဆယ်လကြာသော်၊
မဟာသက္ကရာဇ် ၆၈ ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊
ချမ်းမြေ့စုံညီ၊ လုမ္ဗိနီ၌၊
မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊
နတ် လူ အောင်မြို့၊ လမ်းပါကို။ ။
(မဟာသက္ကရာဇ် ၆၈- ခု၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ် လုမ္ဗိနီ၌ ဖွားမြင်တော်မူသည်။)

ဘုရားရှင် တောထွက် တော်မူသည့်နေ့

ဖွားမြင်မြောက်သော်၊ ၁၆ နှစ်ရွယ် ပျိုနုနယ်၌၊
သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ၁၃ နှစ်လျင်၊
ဘုန်းသစ်လျံလူ၊ စံတော်မူ၍၊
ရွယ်တော်ဖြိုးစ ၂၉ ဝယ်၊ လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို သံဝေပိုက၊
ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊
ချမ်းမြေ့ရဂုံ၊ တောရိပ်လှု့သည်၊
စုံမြိုင် ပင်ရိပ် ခမ်းမှာကို။ ။
(မဟာသက္ကရာဇ် ၉၇- ခု၊ ဝါဆိုလပြည့်၊ တနင်္လာနေ့၌ တောထွက်တော်မူသည်။)

ဘုရား ဖြစ်တော်မူသည့်နေ့

တောရိပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊
ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊
မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊
ရွှေညောင်တော်ကြီး၊ ဗိတန်ထီးနှင့်၊
မငြီးကြည်ဖြူ၊ နေတော်မူလျက်၊
ရန်မြူခပင်း၊ အမိုက်သင်းကို၊
အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊
ထွန်းတောက် ဘုန်းတော်၊ သောင်းလုံးကျော်သည်၊
သုံးဘော်လူတို့ ငြိမ်းပါကို။ ။
(မဟာသက္ကရာဇ် ၁၀၃- ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၌ ဘုရားဖြစ်တော်မူသည်။)

ဓမ္မစင်္ကြာ ဟောတော်မူသည့်နေ့

ဘုရားဖြစ်ခါ၊ မိဂဒါသို့၊
စင်္ကြာရွှေဖွား၊ ဖြန့်ချီသွား၍၊
ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊
မဟီတစ်သောင်း၊ တိုက်အပေါင်းက၊
ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊
ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊
ကြွေ့ကြွေ့ လျံတက်၊ ဓမ္မစက်ကို၊
မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊
တရားနတ်စည်၊ ရွှန်းတယ်ကို။ ။
(မဟာသက္ကရာဇ် ၁၀၃- ခု၊ ဝါဆိုလပြည့်၊ စနေနေ့၌ ဓမ္မစင်္ကြာ တရားဟောတော်မူသည်။)

ပရိနိဗ္ဗာန် စံတော်မူသည့်နေ့

တရားနတ်စည်၊ ဆော်ရွှမ်းလည်က၊
သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊
ကျွတ်ထိုက်သသူ၊ နတ် လူ ဗြဟ္မာ သတ္တဝါကို၊
ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊
ဝါ (၄၅) သက်ကား (၈၀)၊ စုံပြည့်ကြွယ်က၊
ရာ(၄၈) သက္ကရာဇ်ဝယ်၊
နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊
ကုသိနာရုံ၊ အင်ကြင်းစုံ၌၊
ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊
ချမ်းမြေ့ နိဗ္ဗူ၊ စံတော်မူသည်၊
ဝှမ်းဆူ သောင်းလုံး ကျော်တယ်ကို။ ။
(မဟာသက္ကရာဇ် ၁၄၈- ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ အိန္ဒိယနိုင်ငံ ကုသိနာရုံမြို့၌ ပရိနိဗ္ဗာန် စံတော်မူသည်။)

အလောင်းတော် တေဇောဓာတ် သင့်လောင်သောနေ့

နိဗ္ဗူစံပြီး၊ ရှူမအိသာ၊
သိင်္ဂီ ရွှေလှော်၊ အလောင်းတော်ကို၊
ထိုရော်ကဆုန်၊ လဆုတ်ကြုံ၌၊ ဂဠုန်နေ့ဝယ်၊
ခိုးငွေ့မနှော၊ ဓာတ်တေဇောလျင်၊
ရှင်စောဥာဏ်စက်၊ ဓိဌာန်ချက်ဖြင့်၊
လျံတက်ကော်ရော်၊ မီးပူဇော်သည်၊
မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။ ။
(မဟာသက္ကရာဇ် ၁၄၈- ခု၊ ကဆုန်လဆုတ် (၁၂) ရက်၊ တနင်္ဂနွေနေ့၌ အလောင်းတော်ကို တေဇောဓာတ် လောင်ကျွမ်း တော်မူသည်။)

ဆုတောင်း

ထို ခုနှစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ်တော်ဖျားကို၊ သုံးပါးမွန်စွာ၊ ဝန္ဒာနာဖြင့်၊ သဒ္ဒါ ဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း၊ ကြွယ်စေသော်။ ။


စာရေးသူ မှတ်ချက်

ကျွန်တော်၏ (၂၇) နှစ်မြောက် မွေးနေ့ အမှတ်တရ အဖြစ် ရေးသားထားပါသည်။


အပြည့်အစုံသို့...

အကြွင်းမဲ့ လွတ်မြောက်သူ

မိုင်ပေါင်း ၁၅၅၇-မိုင် ရှည်လျားသော ဂင်္ဂါမြစ်သည် ကမ္ဘာပေါ်ရှိ သက်တမ်း အရင့်ဆုံး မြစ်ကြီးများတွင် တစ်ခုအပါအဝင် ဖြစ်၏။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၀၀၀၀-ကျော် မြင့်သော ဟိမဝန္တာတောင်တန်းရှိ ရေခဲလိုဏ်ဂူကြီး တစ်ခုအတွင်းမှ စတင် မြစ်ဖျားခံခဲ့၏။ တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်သန်းရင်း ကြီးမား ကျယ်ပြန့်လှသော အိန္ဒိယလွင်ပြင်ကြီးကို ဗဟိုပြု၍ ယမုံနာမြစ်၊ ဂုမ္မတီမြစ်၊ ဂေါဂရာမြစ်၊ ဂန်ဒတ်မြစ်၊ ဗြဟ္မပုတ္တရမြစ်၊ ဟူဂလီမြစ်များ စီးဝင်ပေါင်းဆုံမှုဖြင့် ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်ခဲ့၏။

မြစ်ညာဒေသတို့မှ နုံးတင်မြေနု များစွာ ပို့ချ ခံရသည့် အလျောက် မြစ်ဝှမ်းလွင်ပြင်ဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသတို့တွင် မြေသြဇာ အလွန် ကောင်းမွန်၍ ကောက်ပဲသီးနှံ အလျှံပယ် ပေါများသည့်အတိုင်း ကမ္ဘာပေါ်၌ လူနေ အထူထပ်ဆုံး ဒေသတစ်ခုလည်း ဖြစ်၏။

ရှည်လျားလှသော သမိုင်းကြောင်းတို့ကို ဖြတ်သန်းလာခဲ့ရသည့် ဂင်္ဂါမြစ်ကြီးသည် အယူဝါဒ အမျိုးမျိုးတို့၏ စတင် မွေးဖွားခဲ့ရာ၊ စည်ပင် ထွန်းကားခဲ့ရာ ဒေသတစ်ခုလည်း ဖြစ်၏။ တကယ်တော့ အိန္ဒိယပြည်ကြီး၏ ယဉ်ကျေးမှုသည်ပင် ဂင်္ဂါမြစ်ဝှမ်း ယဉ်ကျေးမှုဟု ဆိုရချေတော့မည်။



စတင် ပေါ်ထွန်းလာသည့် အချိန်ကာလကိုပင် ခန့်မှန်း၍ မရနိုင်သော ရှေးကျလှသည့် ဟိန္ဒူဘာသာဝင်တို့တွင် ဂင်္ဂါမြစ်သည် အထွတ်အမြတ်ဖြစ်၏။ ကွယ်လွန်သူတို့၏ အရိုးပြာကို အိုးတွင်ထည့်၍ ဂင်္ဂါမြစ်ရေကို မျှောလျှင် ကောင်းရာသုဂတိသို့ ဧကန် ရောက်၏။ ဂင်္ဂါမြစ်ရေကို ချိုးလျှင် အကုသိုလ် အညစ်အကြေးတို့မှ ကင်းစင်၏။ မကောင်းမှုဟူသရွေ့မှ လွတ်မြောက်ရာ၏ ဟု အယူရှိကြ၏။

အယူဝါဒဟူသည် ယုံကြည်ရာကို စွဲမြဲစွာ လက်ခံထားကြခြင်းပင် ဖြစ်၏။ အမျိုးအနွယ် မိရိုးဖလာတို့၏ ကိုးကွယ်မှု ယုံကြည် စွဲလန်းမှုတို့ကြောင့်ပင် ဤ ဂင်္ဂါမြစ်ကြီးသည်လည်း ကိုးကွယ်ရာ တစ်ခု ဖြစ်လာရသည်ဟုပင် ဆိုရချေတော့မည်။

မီးနတ်၊ နေနတ်၊ လေနတ်၊ သစ်ပင် တောတောင် အမျိုးမျိုးသော ကိုးကွယ်မှုတို့ကို မျက်စိမှိတ် ယုံကြည်နေကြသည့် ခေတ်အခါသမယ၌ ဤကဲ့သို့ ကိုးကွယ်မှုသည် အဆန်း မဟုတ်သော်လည်း ယနေ့တိုင် ရှိနေသေးသည် ဆိုလျှင်တော့ အမှန်ပင် အံ့သြကြရမည် ဖြစ်၏။

မည်သည့် အချိန်က စခဲ့မှန်းမသိ၊ ရှည်လျားလှသော ခေတ်ကာလတို့ကို ဖြတ်သန်းပြီး ယနေ့ထိအောင် ထင်ရှားနေသေးသည်ဆိုသော ဤအယူဝါဒသည် ဂင်္ဂါမြစ်ဝှမ်း၌ ဗုဒ္ဓ၏ အယူဝါဒ အဆုံးအမတို့ နေလို လလို ထွန်းပသော အခါသမယ၌လည်း မှေးမှိန်ခဲ့သည်ဟု မဆိုသာပါချေ။

အထင်ရှားဆုံး သာဓက တစ်ခု အနေနှင့်ပင် ရှိခဲ့ဖူးပါ၏။

အတိတ်ဇာတ်ကြောင်း ပြ၍ တစ်ဆင့်ခံ ပြောပြပါရစေ။

မြတ်စွာဘုရားရှင် သာဝတ္တိပြည်မွန် ဇေတဝန် ရွှေကျောင်း၌ သီတင်းသုံး နေထိုင်တော်မူစဉ် ကာလ ဖြစ်၏။

ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ ဟုဆိုအပ်သော ခြောက်ဆူသော ဘုရားရှင်တို့ လက်ထက်တော်၌ ပိဋကတ်သုံးပုံဆောင် ဓမ္မကထိက ဖြစ်ခဲ့ဖူးသော ဘိက္ခုနီမလေးသည် ယခု ဘုရားရှင်လက်ထက် အနာထပိဏ်သူဌေးကြီး အိမ်၌ ယုတ်နိမ့်လှသော အစေအပါး ကျွန်မ မျိုးရိုး၌ ဖြစ်၏။

ဘုရားခြောက်ဆူလက်ထက်၌ မြင့်မြတ်လှသော ပိဋကတ်သုံးပုံဆောင် ဓမ္မကထိက ဘိက္ခုနီမလေး ဖြစ်ပါလျက် အဘယ့်ကြောင့် ယုတ်နိမ့်လှသော ကျွန်မ မျိုးရိုး၌ ဖြစ်လာရပါသနည်း။

အကြောင်းရှိပါ၏။

မြင့်မြတ်လှသော အထက်တန်းစား ဘဝမှ ယုတ်နိမ့်လှသော အောက်တန်းစား ဘဝသို့ မိုက်မိုက်ကန်းကန်း ပို့ဆောင်ပေးလိုက်သည့် လက်သည်တရားခံမှာ ထောင်လွှားတတ်သော “မာန” ပင် ဖြစ်သည်။

ငါသာ တော်သည်၊ ငါသာ တတ်သည်၊ ငါသာ ပိဋကတ်သုံးပုံ ဆောင်နိုင်သည်၊ ငါသာ ပရိသတ် အလယ်၌ ဝင့်ဝင့်ကြွားကြွား ပြောဟော ဆုံးမနိုင်သည်၊ ငါလိုလူ ဇမ္ဗူ၌ တစ်လူသာ ရှိသည်၊ အခြားသူများကား ငါနှင့် တူသည်မဟုတ်၊ တန်သည် မဟုတ်၊ ငါသာ အတော်ဆုံး၊ ငါသာ အမြတ်ဆုံး ဆိုသော ထောင်လွှားခြင်းပင်။

ထို ထောင်လွှားခြင်းကို မချိုးနှိမ်နိုင်၊ မချိုးနှိမ်နိုင်သည့်အတိုင်း အမြင့်ဆုံး ဒီဂရီအမှတ်သို့ တက်ခဲ့၏။ ထောင်လွှားခြင်း ဆိုသည့်အတိုင်း တံခွန်သဖွယ်လည်း ဖြစ်၏။ သို့သော် မာန ဆိုသည်မှာ ကောင်းသောတရားမျိုးမဟုတ်၊ ဆိုးသော တရားမျိုး ဖြစ်၏။ ကျက်သရေရှိသော တရားမျိုး မဟုတ်၊ ကျက်သရေမဲ့သော တရားမျိုး ဖြစ်၏။ ထို့ကြောင့် မာန တံခွန် ဆိုသည်မှာ ကျက်သရေမဲ့သော၊ မကောင်းသော တံခွန် အလံသာ ဖြစ်၏။ ကောင်းကျိုးကို မပေးနိုင်၊ ဆိုးကျိုးကိုသာ ပေးနိုင်၏။ သံသရာ၏ ထွက်ပေါက်ကို မရနိုင် စေရုံမျှသာမက အပါယ်လေးဘုံ သို့ပင် ဆွဲချ နိုင်၏။

တရားဆိုးဖြစ်သည့် ထို ထောင်လွှားတတ်သော မာနကြောင့်ပင် ဘုရားခြောက်ဆူ လက်ထက်တိုင်တိုင် ပိဋကတ်သုံးပုံဆောင် ဓမ္မကထိက ဖြစ်ခဲ့ဖူးသော ဘိက္ခူနီမလေးသည် နိဗ္ဗာန်ချမ်းသာကို မရရှိရုံမျှမက ယုတ်နိမ့်လှသော ကျွန်မ မျိုးရိုးသို့ တွန်းပို့ခြင်းကို ခံခဲ့ရ၏။

တကယ်တော့လည်း ထောင်လွှားတတ်သော မာန၏ အဆုံးအစွန်သည် ပြိုလဲခြင်းပင် မဟုတ်ပါလော။

ပုဏ္ဏားအမည်ဖြင့် ကျွန်မ ဖြစ်ခဲ့ရသော မိန်းကလေးသည် တကယ်တော့ ပါရမီရှင်လေး ဖြစ်၏။ မာနကြောင့် ကျွန်မ ဖြစ်ခဲ့ရသော်လည်း ပိဋကတ်သုံးပုံဆောင် ဓမ္မကထိက ဆိုသော ပါရမီမျိုးစေ့တို့ကြောင့် ပညာဥာဏ်နှင့် ပြည့်စုံခဲ့ရ၏။ အနာထပိဏ်သူဌေးကြီး ဆိုသည်မှာလည်း နှယ်နှယ်ရရ မဟုတ်၊ သာမည ပုဂ္ဂိုလ် မဟုတ်၊ ဘုရားကျောင်း ဒါယကာ၊ မဟာ သောတာပန်ကြီး ဖြစ်၏။ ရဟန်းတော်များနှင့် အထူး ရင်းနှီးပြီး အနာထပိဏ်သူဌေးကြီး၏ အိမ်သည် တရားမိုး ဖြိုင်ဖြိုင် ရွာသွန်းရာ၊ တရားဓမ္မသံတို့ဖြင့် လွှမ်းမိုးရာ နေရာတစ်ခု ဖြစ်၏။ ကျွန်မပင် ဖြစ်လင့်ကစား ပညာဥာဏ် အထူး ရင့်သန်ခဲ့သော ပါရမီရှင် ပုဏ္ဏားလေးသည် သူဌေးကြီး အိမ်၌ပင် မြတ်စွာဘုရား၏ မဟာသီဟနာဒ သုတ္တန်ဒေသနာတော်ကြီးကို နာကြားရပြီး သောတာပန်တည်ခဲ့သူ ဖြစ်၏။

တစ်နေ့ ချမ်းအေးလှသော နံနက်တစ်ခု၌ ကျွန်မလေး ပုဏ္ဏာသည် ရေခပ်ရန် ရေဆိပ်သို့ ဆင်းလာခဲ့၏။ ဆောင်းကာလ ဖြစ်သည့်အလျောက် ပိတ်ပိတ် သည်းသည်း နှင်းတွေဝေနေသော အချိန်တွင် ရေဆိပ်၌ သူ့ထက် အရင်ဦးနေနှင့်သူ တစ်ယောက်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရ၏။ ထိုသူကား တခြားမဟုတ်၊ မြစ်ဆိပ်၌ ရေချိုးနေသော ဂုဏ်သရေရှိ ပုဏ္ဏားကြီး တစ်ယောက် ဖြစ်၏။

ချမ်းချမ်းစီးစီး တဟီးဟီး တဟဲဟဲ ဖြင့် တုန်တုန် ခိုက်ခိုက် ရေချိုးနေသော ပုဏ္ဏားကြီးကို တအံ့တသြ ကြည့်မိရင်း ကျွန်မလေး ပုဏ္ဏာ၏ စိတ်၌ စိတ်ကူးတစ်ခု ရလာ၏။ ဘုရားခြောက်ဆူ လက်ထက်တော် တိုင်တိုင် ပိဋကတ်သုံးပုံဆောင် ဓမ္မကထိက ဖြစ်ခဲ့ဖူးသော ပါရမီဓာတ်ခံကြောင့် ထင်၏။ ပုဏ္ဏားကြီးကို ကြည့်၍ ချေချွတ်လိုသော စိတ်ဖြင့် ခနဲ့တဲ့တဲ့ ဤသို့မေးလိုက်၏။

“ အို…ပုဏ္ဏားကြီး ကျွန်မတို့ကတော့ အိမ်က သခင်တွေကို ကြောက်ရလို့ အခုလို ချမ်းချမ်းစီးစီးကြီးမှာ မဆင်းချင်လည်း မနေရ၊ မထိချင် မကိုင်ချင်လည်း မနေရလို့ မြစ်ဆိပ်ဆင်းရ၊ ရေလာခပ်ရတာ၊ ပုဏ္ဏားကြီးကတော့ ဘယ်သူကို ကြောက်ရလို့များ အခုလို ချမ်းချမ်း စီးစီးကြီးမှာ တုန်တုန်ခိုက်ခိုက်နဲ့ ရေလာချိုးနေရတာလဲ”…

ထိုအခါ ပုဏ္ဏားကြီးက မျက်နှာ ရှုံ့မဲ့၍…

“ ဒီမှာ သူငယ်မ၊ ဒီအချိန်မှာ ဒီမြစ်ရေကို ချိုးရင် မကောင်းမှုတွေ စင်ကြယ်တယ်၊ ကောင်းမှုတွေ ဖြစ်တယ်ဆိုတာ မင်းသိသားပဲ၊ လူဆိုတာ ကြီးတာပဲ ဖြစ်ဖြစ်၊ ငယ်တာပဲ ဖြစ်ဖြစ် မကောင်းမှုဆိုတာ ပြုမိကြတာပဲ၊ အဲဒီလို မကောင်းမှုတွေ ပြုထားရင် ဒီလိုအချိန် ဒီရေမြစ်ရေကို ချိုးရင် ပျောက်တယ်ဆိုတာတော့ မင်းသိထားဖို့ ကောင်းတယ်”….

မကျေနပ်သံဖြင့် ပြောလိုက်သော ပုဏ္ဏားကြီး၏ စကားအပြီး…

“ ဒီမှာ ပုဏ္ဏားကြီး၊ နားမလည်တဲ့ ပုဏ္ဏားကြီး ကို ဘယ်လို မသိတတ်တဲ့ လူမျိုးက ဒီလိုပြောထားတာလဲ၊ ကံ-ကံ၏ အကျိုးဆိုတာ ရှိတယ်၊ ဒါကို မသိဘဲနဲ့ စောစောစီးစီး မြစ်ရေချိုးရင် မကောင်းမှုတွေ စင်ရတယ်လို့၊ နေပါဦး - ပုဏ္ဏားကြီး၊ တစ်ခုပြောပါဦးမယ်၊ မြစ်ထဲမှာ ရေချိုးတယ်ဆိုတာက ပုဏ္ဏားကြီးက တစ်ခါတလေမှ ချိုးတာပါ၊ ဟိုမှာကြည့်စမ်း ငါးတွေ၊ လိပ်တွေ၊ တခြား သတ္တဝါတွေ၊ မိကျောင်းတွေ သူတို့က အမြဲတမ်း ရေထဲမှာ နေတာ၊ တကယ်လို့သာ မြစ်ရေချိုးလို့ အကုသိုလ် စင်တယ်ဆိုရင် သူတို့တွေ အားလုံး နတ်ပြည် ရောက်ကုန်ကြမှာပေါ့…”

ဓမ္မကထိက လေသံဖြင့် ပြောလိုက်သော ကျွန်မလေး ပုဏ္ဏာ၏ စကားကြောင့် ပုဏ္ဏားကြီး တွေဝေသွား၏။

“ အင်း…. အတော်လေး ယုတ္တိရှိတဲ့ စကားပဲ၊ သူပြောမှပဲ ငါ တစ်သက်လုံး မိုက်လာခဲ့တာကို မှားမှန်း သိရတယ် ”…

“ ပုဏ္ဏားကြီး ဆက်ပြောပါဦးမယ်၊ လောကမှာ မကောင်းမှုတွေ အမြဲ လုပ်နေကြတဲ့ သူတွေ ရှိတယ်၊ ဆိတ်သတ်၊ ကြက်သတ်၊ ငှက်သတ်၊ မုဆိုးတံငါတွေ အများကြီးပဲ၊ ဒီလူတွေလည်း ဒီမြစ်မှာ ရေချိုးနေကြတာပဲ၊ ပုဏ္ဏားကြီး ပြောသလိုဆိုရင် သူတို့ပြုသမျှ အကုသိုလ်တွေလည်း အကုန် ပျောက်ရမှာပေါ့၊ နောက်ပြီး ဒီမြစ်ရေက အကုသိုလ်ကို ပျောက်စေတယ်ဆိုရင် ကုသိုလ်ကောင်းမှု တွေကိုလည်း ပျောက်စေရမှာပေါ့၊ စဉ်းစားပါ ပုဏ္ဏားကြီး၊ ပုဏ္ဏားကြီးမှာ မကောင်းမှုတွေ ပြုထားတာရှိသလို၊ ကောင်းမှုတွေလည်း ရှိနေတာပဲ၊ တကယ်လို့ ဒီမြစ်ရေချိုးလို့ အကုသိုလ်တွေ ပျောက်စေနိုင်တယ်ဆိုရင် ပုဏ္ဏားကြီး ပြုထားသမျှ ကောင်းမှု ကုသိုလ်တွေလည်း ပျောက်ကုန်မှာပေါ့၊ ဘာကျန်တော့မှာလဲ၊ အကုန်ပြောင်ကုန်မှာပေါ့… ”

ပုဏ္ဏားကြီး၏ ပီတိတို့ကား ရွှန်းရွှန်းဝေလျှက်…

“ ဆက်ပြောပါရစေဦး ..ပုဏ္ဏားကြီး၊ တကယ်လို့ လူတစ်ယောက်ဟာ အကုသိုလ်တွေကို ကြောက်တယ်ဆိုရင် ရေချိုး မနေပါနဲ့၊ အကုသိုလ်တွေကို ကြောက်ရင် အဲဒီ အကုသိုလ်တွေကို မလုပ်ဘဲ နေရုံရှိပါတယ်၊ ဒါဆို အကုသိုလ် မဖြစ်တော့ဘူးပေါ့၊ ဒီလို မဟုတ်ဘဲ ရေချိုး နေမယ်ဆိုရင်တော့ အဲဒါ အကုသိုလ်တော့ ပျောက်မှာ မဟုတ်ဘူး၊ လူပဲ အအေးမိပြီး ဒုက္ခ ရောက်ဖို့ ပဲရှိတယ် ”

ပုဏ္ဏားကြီး သဘောပေါက်သွား၏။ အစက ဒီလို မထင်ခဲ့၊ စိတ်ပင် ဆိုးခဲ့သေး၏။

တကယ်တော့ အယူဝါဒ အစွဲတစ်ခုကို ချေချွတ်သည်ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်၊ ချေချွတ်မည့် ပုဂ္ဂိုလ်က ပညာဥာဏ်နှင့် ပြည့်စုံရသလို ချေချွတ်ခံရမည့် ပုဂ္ဂိုလ် ကလည်း ပြည့်စုံရ၏။ သည်မျှ မကသေး၊ ချေချွတ်ခံရမည့် ပုဂ္ဂိုလ်က ချေချွတ်ခံပါမှ၊ ချေချွတ်ခံနိုင်သည့် သူတော်ကောင်း စိတ်ဓာတ် ပြည့်ဝပါမှသာ အောင်မြင်နိုင်၏။

ကျွန်မလေး ပုဏ္ဏာသည် သာမည ပုဂ္ဂိုလ် မဟုတ်သလို ပုဏ္ဏားကြီးကလည်း သာမညမဟုတ်၊ ပညာဥာဏ် ကြီးရင့်ကြသူချည်း ဖြစ်ပြီး ပုဏ္ဏားကြီးသည် သူတော်ကောင်း စိတ်ဓာတ် ပြည့်ဝသူ ဖြစ်၏။

မည်သို့သော အမှန်တရားပင်ဖြစ်စေ ပုဏ္ဏာကဲ့သို့သော ကျွန်မတစ်ယောက်၏ စကားကို အများ လေးစားခံရသော ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီး တစ်ယောက် အနေနှင့် လက်ခံ သည်းခံရန်မှာ သာမည စိတ်ဓာတ် သာမည နားနှင့် မဖြစ်နိုင်၊ သူတော်ကောင်း စိတ်ဓာတ်၊ သူတော်ကောင်း ဓာတ်ခံ ရှိမှသာ ဖြစ်နိုင်၏။

ပုဏ္ဏားကြီးကား သူတော်ကောင်း စိတ်ဓာတ် ရှိသူ ပီပီ သည်းခံမှု တရားဖြင့် ပုဏ္ဏာ၏ ပြောစကားကို နားထောင်၏၊ ကြောင်းကျိုး ယုတ္တိ ရှိမှုကိုလည်း ပညာဥာဏ်ဖြင့် ဆင်ခြင်မိသဖြင့် ဆုပ်ကိုင်ထားမိသော အယူမှားကို စွန့်လွှတ်၍ အယူမှန်သို့ ရောက်ရှိလာခဲ့၏။

ပုဏ္ဏားကြီး၏ ဝမ်းမြောက်ခြင်းကား အတိုင်းမသိနိုင်တော့ပါ၊ “ အမှားသို့ လျှောက်နေသော ငါ့အား လမ်းမှန်သို့ ပို့ဆောင်ပေးသူမှာ ရှင်မငယ် ဖြစ်ပါ၏။ ရှင်မသည် ငါ၏ ဆရာ ဖြစ်ပါ၏။ ငါသည် ယခု အရိယာ လမ်းကြောင်းကို ကောင်းစွာ မြင်ရပါပြီ၊ သို့ဖြစ်ပါ၍ ငါ၏ ဆရာဖြစ်သော ရှင်မအား ဤ ပုဆိုး အဝတ်ကလေးကို ဆရာစားအဖြစ် လှူဒါန်းပါ၏ ”…

ပုဏ္ဏာက လက်မခံ…။

“ သည်းခံပါ အရှင်၊ ကျွန်မအတွက် အလိုမရှိပါ၊ အရှင်အတွက်သာ ဖြစ်ပါစေ ..” ဟု ဆို၍ “ ဆက်လက်ပြီး နောက်ဆုံး အနေနဲ့ ပြောပါရစေ၊ အဲဒါကတော့ ဒုက္ခကို တကယ် ကြောက်သလား ဆိုတာပါပဲ၊ ဒုက္ခကို တကယ်မုန်း၊ တကယ် ကြောက်ရင် ဒုက္ခရောက်ကြောင်းဖြစ်တဲ့ မကောင်းမှုတွေကို ရှောင်ကြဉ်ပါ၊ တကယ်လို့ ဒုက္ခကို မကြောက်လို့ မကောင်းမှုတွေ ပြုမယ်ဆိုရင်တော့ မိုးပေါ် ပျံတက်ပြေးလည်း ဒုက္ခဘေးက လွတ်မှာ မဟုတ် ပါဘူး၊ ဒါ့ကြောင့် ဒုက္ခကို ကြောက်ရင်၊ မုန်းရင် ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါးကို ဆည်းကပ်ပါ၊ အင်္ဂါငါးပါး ရှိတဲ့ သီလကို ဆောက်တည်ပါတော့ …”

ကျေးဇူးတင်ခြင်း၊ ဝမ်းမြောက် ပီတိ ဖြစ်ခြင်း တို့နှင့်အတူ အိမ်သို့ ပြန်ခဲ့သော ပုဏ္ဏားကြီးသည် ဇနီး၊ သားသမီး၊ ကျေးကျွန် အပေါင်းတို့ကို ခေါ်၍ ပုဏ္ဏာလေး ထံမှ သိခွင့်ရခဲ့သော တရားအမြင်မှန် တို့ကို ပြန်လည် ပြောကြားပြီးသည်နှင့် တည်ငြိမ်သော ခြေလှမ်း၊ ရင့်ကျက်သော ဣနြေ္ဒ တို့ဖြင့် တရွေ့ရွေ့ လျှောက်လှမ်း နေသည်ကတော့ ဗုဒ္ဓ၏ ဇေတဝန် ကျောင်းတော်ပင် ဖြစ်၏။

သာဝတ္တိမြို့၏ အထင်ကရ ပုဏ္ဏားကြီးအား ကျွန်မလေး ပုဏ္ဏာက အသိမှန်၊ အမြင်မှန် ဖွင့်ပေး လိုက်ပြီ၊ ပုဏ္ဏားကြီးလည်း အယူဝါဒမှန် ဖြင့် ဗုဒ္ဓဘာသာ အဖြစ် ကူးပြောင်းသွားပြီ ဆိုသော သတင်းသည် သာဝတ္ထိတစ်မြို့လုံး ပျံ့နှံ့သွား၏။ မလိုလားသူတွေ ရှိသလို ဝမ်းမြောက် သူတွေကလည်း ဒုနဲ့ဒေးပင်၊ မိစ္ဆာဝါဒ အယူရှိသူတို့က စုတ် တသပ်သပ်နှင့် တက်ခေါက် နေကြသလောက် ဗုဒ္ဓဘာသာဝင် တို့က ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြ၏။ မတူသော တူရူ နှစ်ဖက်သို့ လျှောက်လှမ်း နေကြသော ဆန့်ကျင်ဘက် တရားတို့၏ ဓမ္မတာပါပင်။

ဝမ်းမြောက်သူများထဲတွင်တော့ ဗုဒ္ဓဘက်တော်သား ကျောင်းဒါယကာ သူဌေးကြီး အနာထပိဏ်ပင် ဖြစ်ပါ၏။ မိမိအိမ်မှ အစေခံမလေးက သာဝတ္ထိမြို့၏ အထင်ကရ ပုဏ္ဏားကြီးအား တရားအသိ ဖွင့်ပေးနိုင် လိုက်သည်ဆိုတော့ တရားရှင် သောတာပန်ကြီးပီပီ ဓမ္မပီတိ ဖြစ်ရသည်မှာ ပြောစရာမရှိ။

“ ချစ်သမီး၊ သင်သည် တကယ်တော့ အစေခံ မဟုတ်၊ ကျေးကျွန် မဟုတ်၊ အရှင်သခင်သာ ဖြစ်၏။ တရားတို့၏ ပိုင်ရှင်ဖြစ်၏။ ဤ ယနေ့မှစ၍ လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပြီ၊ ဤ အိမ်ကြီး၌ ကျွန်ုပ်၏ သမီး အဖြစ် တစ်သက်တာပတ်လုံး နေပါလေတော့။။ ”

ကျွန်ဘဝမှ လွတ်မြောက်သွားသော ပုဏ္ဏာလေးကား သူဌေးကြီးကို ရိုသေစွာ ဦးခိုက်လျက် အေးဆေးငြင်သာသော လေသံဖြင့် “ ကျေးဇူးကြီးမား လှပါပြီအရှင်၊ သို့သော် ကျွန်မမှာ ပကတိ ကျွန်ဘဝမှ လွတ်မြောက်ပြီ ဖြစ်သော်လည်း သံသရာ၏ ကျေးကျွန် အဖြစ်မှ လွတ်မြောက်နိုင်ရန် ကျွန်မအား ဗုဒ္ဓ၏ ရင်ခွင်တော်သို့ ခိုလှုံခွင့် ပေးတော်မူပါ.. ”

ရင့်ကျက်သော ဣနြေ္ဒ တည်ငြိမ်သော ခြေလှမ်းတို့ဖြင့် ပုဏ္ဏာလေး လျှောက်လှမ်း နေသည်ကလည်း ဗုဒ္ဓ၏ ဇေတဝန် ကျောင်းတော် ပါပင်။

တကယ်တော့လည်း ဇေတဝန် ကျောင်းတော်သည် ဗုဒ္ဓ၏ ရင်ခွင်ပင် ဖြစ်၏။ ပင်ပန်း ဆင်းရဲ ပူလောင် ငိုကြွေး နေသူတို့ကို မေတ္တာ၊ ကရုဏာ တို့ဖြင့် ထွေးပွေ့ရာ ဖြစ်သလို တရားနို့ချို သောက်ဖို့စေရာ၊ တိုက်ကျွေးရာ မုဒိတာ ရင်ခွင်လည်း ဖြစ်၏။

ကျွန်မ အဖြစ်မှ လွတ်မြောက်ခဲ့ပြီး ဗုဒ္ဓရင်ခွင်သို့ ခိုဝင်ခဲ့သော ပုဏ္ဏာလေးသည် မကြာမီမှာပင် ဘဝများ စွာက တုတ်နှောင်ခြင်း ခံလာရသည့် မာန တည်းဟူ သော သံယောဇဉ်ကြိုး နှင့်တကွ သံသရာ အနှောင်အဖွဲ့ အားလုံးတို့မှ အကြွင်းမဲ့ လွတ်မြောက်သူ အဖြစ်သို့ ရောက်ရှိခဲ့ပေ၏။

သြော်… ဗုဒ္ဓ၏ ရင်ခွင် ဆိုသည်မှာ အကြွင်းမဲ့ လွတ်မြောက်လို သူတို့ အတွက် ထာဝရ ငြိမ်းချမ်းမှုကို ပေးနေသည့် ဗြဟ္မ ဝိဟာရ ရင်ခွင်ဟုပင် ဆိုရပေတော့မည်။။။။

စာရေးသူ၏ မှတ်ချက်

ကျွန်ုပ်၏ စာကို ဖတ်၍ မမြတ်တိုင်စေ.. မရှုံးစေရ ပါ... အကျိုးများစွာ ရရှိနိုင်ကြပါစေ...


အပြည့်အစုံသို့...

Tuesday, June 17, 2008

ဆုံးမစာများ

မဟာစည်ဆရာတော်ဆုံးမစာ

မနာလိုကင်း၊ ၀န်တိုရှင်း ၊လက်ငင်း ချမ်းသာကြရမည်။

တောင်ဖီလာဆရာတော်၏ ဆုံးမစာများ

၁။ ဓမ္မသတ်တရား၊ ရှိပါသော်လည်း၊တိမ်းပါးငဲ့ကွက်၊ လက်ဆောင်ဖျက်သည်။
၂။ သုခမိန်ဟု၊ ကျော်ရှိန်နှံ့သိ၊ ပညာရှိလည်း၊ ကြီးဘိအမျက်၊ဒေါသဖျက်သည်။
၃။ မင်းကောင်းပါလျှက်၊ မင်းမြှောင်ဖျက်သည်။
၎။ သူကောင်းဖြစ်ငြား၊ မူထားကောင်းလျက်၊ အပေါင်းဖျက်သည်။

ဒီဃာဝု ဆုံးမစာ

- အရှည်ကိုလည်းမကြည့်လင့်၊ အတိုကိုလည်းမကြည့်လင့်၊
- ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းနိုင်ကုန်။
- ရန်တုံ့မမူမှသာ ရန်တို့သည် ငြိမ်းကုန်၏။

၁။ ရန်စကို မရှည်စေလင့်
၂။ မိတ်စကို မတိုစေလင့်
၃။ ရန်မလိုမှ ရန်ပြိုသည်၊
၎။ ရန်လိုလျှင် ရန်ပိုတတ်သည်။


ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ ဆုံးမစာများ

၁။ ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေခတ်ရသည်။
၂။ မသူတော်၌ အပြစ်ဖယ်၍ ဂုဏ်ကောင်းရှာရသည်။
၃။ တုံးတံတား လျှောက်စဉ် အရပ်တပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မည်။
၎။ သံသရာတံတား လျှောက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျ
လိမ့်မည်။
၅။ ရိုသေစွာခစားလျှင် မင်းခစားပင် မင်းကိုနိုင်သည်။
၆။ ကျင့်ဝတ်မချွှတ်လျှင် တပည့်ပင် ဆရာကို နိုင်သည်။
၇။ မြင်းနိုင်လို့ဇက်ဆွဲ၊ လှေနိုင်လို တက်စွဲ၊ဆရာနိုင်လို့ကျင့်ဝတ်ရိုသေမြဲ။
၈။ ပန်ပဲဆရာ အထုမခံရသော သံတုံး လက်နက်မဖြစ်။
၉။ ကျောက်ဆစ်ဆရာ အဖြတ်မခံရသော ကျောက်တုံး အရုပ်မဖြစ်။
၁၀။ ဆရာကောင်းအဆုံးအမ မခံရသောတပည့် သူကောင်းမဖြစ်။
၁၁။ သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလဲမချင်း အရိပ်ဖြင့် အေးစေ၏။
၁၂။ နံ့သာတုံးသည် မီးရှို့သူကို မကျွမ်းမချင်း အနံ့ဖြင့် မွှေးစေ၏။
၁၃။ သူတော်ကောင်းသည် ညှဉ်းဆဲသူကို သော်လည်း မသေမချင်း အကျိုးဆောင်
သည်။
၁၄။ တုတ်၊ဓါး ကိုင်လျှင် ခွေးဟောင်သည်၊အစာကြွေးလျှင် အမြီးနှံ့သည်၊ ထို့ကြောင့်
တုတ်၊ဓါး အားမကိုကြနှင့်။
၁၅။ တရားဟောတတ်လျက် အကျင့်တန်လျှင် မျောက်အုန်းသီး ရသည်နှင့်တူ၏။
၁၆။ ဗဟုသုတရှိလျှက် သီလမရှိလျှင် ရေမတည်သောကန်နှင့်တူ၏။
၁၇။ ပညာရှိလျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့်တူ၏။
၁၈။ ကျမ်းဂန်တတ်လျက် သီလမရှိလျှင် အဆိပ်သီးပင်နှင့်တူ၏။
၁၉။ မသူတော်ကား လာဘ်ရဖို့ကြံသည်။ တူတော်ကောင်းကား တရားရဖို့ကြံသည်။
၂၀။ ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည် ရွံဖွယ်တည်း။
၂၁။ စာတတ်လျက် မိမိကိုယ်ကို မဆုံးမလျှင် ထိုစာ ငရဲရိက္ခာတည်း။
၂၂။ သရက်ပင်ငယ် အသီးကြွယ်လျှင် ကျိုးပဲ့တတ်သည်၊ ကြိုးဆွဲ၍ ဂွထောက်ရမည်။
၂၃။ ရဟန်းငယ်ငယ်၊ ဂုဏ်ထူးကြွယ်လျှင် ကျိုးပဲ့တတ်သည်၊ သီလကြိုးဆွဲ၍ သမာဓိဂွ
ထောက်ရမည်။

ပေါက္ကံ မောင်ချိုစကားပုံ ဆုံးမစာများ

၁။ အသုံးကြီးသော် မပြီးစီး၊ စကားလုံးကြီးသော် အချည်းနှီး။
၂။ ငါးတစ်ကောင်ပုပ်သော် တလှေလုံး ပုပ်သည်။
၃။ တစ်ယောက် မကောင်းသော် အားလုံးပျက်စီးသည်။
၎။ တစ်ယောက် ကောင်းသော် ပေါင်း ချမ်းသာသည်။
၅။ တရားသိသော် အမှားကို မြင်နိုင်သည်။
၆။ ဥစ္စာရတနာ ကုံလုံကြွယ်ဝပြည့်စုံသည် မှန်စေ၊ လှူဒါန်းပေးကမ်း စွန့်ကြဲခဲသည်။
၇။ ဒါန သီလ အကျိုးအပြစ်ကို အသိအမြင် အသင်အကြားရှိသည်မှန်စေ၊ ကျင့်ဆောင်
နိုင်ခဲသည်။
၈။ ပညာကိုလိုသော် မပျင်းနှင့်။
၉။ ဥစ္စာကိုလိုသော် မငြင်းနှင့်။
၁၀။ အရပ်ကို ချစ်စေလိုသော် ပေးကမ်း။


ရှင်မဟာသီလ၀ံသ ဆုံးမစာများ

၁။ ရိုင်းစိုင်းနီးကပ်၊ မကိုင်းမညွတ်ဘဲ ၊ မတ်တတ်ထိုး၍ မသွားနှင့်။
၂။ မိဦးဖဦး ၊ ဆရာဦးကို ၊ခူး၍အလျင် မစားနှင့်။
၃။ မိဘဆရာ ထားသည့်ဟာကို မျက်နှာကွယ်လျှင် မယူငင်နှင့် လိုချင်သောအား၊
စားချင်ငြားက ၀ပ်တွားခယ တောင်းပါကြ။
၎။ အသက်ကြီးငယ် ၀ါကြီးငယ်ကို လွှဲဖည်မသွေ နှိမ့်ချလေ။
၅။ ဗဟုသုတ တတ်ပါချင်လျှင် ၊သင်သာခိုက်ကို သင်လိုက်ကြ။
၆။ ၀ါယာလုံ့လ ၊ ကြိုးပမ်းက၊ ရလိမ့်ဉာဏ်ပညာ။
၇။ လိမ္မာသိတတ် ၊ လောကဓာတ် ၊တတ်လိမ့်များဂုဏ်အင်။

ညောင်ပင်သာဦးပုည ဆုံးမစာ

၁။ သူတပါးကို၊ ကဲ့ရဲ့လို၊ ကိုယ်မှာရန်သူ ပေါတတ်သည်။
၂။ မော်မော်ကြွားကြွား ၊ လူရမ်းကား ၊ အများမချစ် မုန်းတတ်သည်။
၃။ တောင်းတတ်သောလူ၊ တောင်းမူ မပေး၊ သည် နှစ်ရေး၊မအေးစိတ်ကမုန်းတတ်
သည်။
၎။ ဆိုခွင့်ပြုခွင့် သင့်မသင့်၊ နှိုင်းချင့်အခါလင့်ရမည်။
၅။ အကျယ်ကျယ်၊ မငြမ်းဖွယ်၊ မာန်စွယ်ချုံး၍ ကျဉ်းတတ်စေ။
၆။ တံတားအို မှောင်ခိုမလျှောက်နှင့်
စကားဆို တောင်လိုမမောက်နှင့်
တံတားအို မှောင်ခိုလျှောက်က ကျိုးတတ်သည်။
စကားဆို တောင်လိုမောက်က ငြိုးတတ်သည်။

ဖိုးသူတော်ဦးနု စကားပုံဆုံးမစာများ

၁။ သေရည်ကိုလည်း မသောက်နှင့်၊ ရေကြည်ကိုလည်းမနှောက်နှင့်၊
သေရည်ကိုသောက်က အပါယ်ဘုံသို့ ကျတတ်သည်။
ရေကြည်ကိုနှောက်က အနည်မှုန်တို့ ထတတ်သည်။

၂။ ထင်တိုင်းလည်းနှိပ်၍ မဆိုနှင့်၊ ၀င်တိုင်းလည်းသိပ်၍ မမျိုနှင့်
ထင်တိုင်းနှိပ်၍ဆိုက ရန်အသွယ်သွယ် ပွားတတ်သည်။
ဝင်တိုင်းသိပ်၍မျိုက အန္တရာယ်များတတ်သည်။
၃။ အဟုတ်အမှန်လည်းသိမှ၊ အလုပ်အကြံလည်းရှိမှ၊
အဟုတ်အမှန်သိမှ သံသရာဘေးပ၍ အနေကြွယ်ဝမည်။
အလုပ်အကြံရှိမှ ဆန်ရှာရေးလှ၍ အခြေတည်ကြမည်။

မြန်မာ့ရှေးအစဉ်အလာ ဆုံးမစာ

၁။ ကိုယ့်ကာယကံ၊ ကိုယ့်ဆီပြန် ၊ အမှန်ကြုံရမြဲ
၂။ ကိုယ့်ဝစီကံ၊ ကိုယ့်ဆီပြန်၊ အမှန်ကြုံရမြဲ
၃။ ကိုယ့်မနောကံ၊ကိုယ်ဆီပြန်၊ အမှန်ကြုံရမြဲ

စာရေးသူ မှတ်ချက်

ကျွန်တော်၏ ချစ်သူ ပေးသော ဤ ဆုံးမစာစောင် ကို ဖတ်၍ အကျိုးအမြတ် များစွာ ရရှိနိုင်ကြပါစေ...


အပြည့်အစုံသို့...

Original Design by : x-template.blogspot.com.

Modified by :...