Tuesday, May 20, 2008

ကျေးဇူးကြီးလှမိနှင့်ဖ

‘‘မကောင်းမြစ်ထာ ကောင်းရာညျွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြားခြင်း‘‘ ဟူသော မိဘ၀တ္တရားတို့မှာ သားသမီးများ ၀မ်းကကျွတ်သည်မှစသော စောင့်ဂှောက်မှုများ ဖြစ်၏ ၊ ကိုယ်ဝန်သန္ဒေ လွယ်ရသည့်အချိန်မှစ၍ ကျေဇူး ပြုခဲ့ကြပုံကိုလည်း သိသင့်သည်။

အနန္တ ဂုဏ်ရည် သိမှတ်ဖွယ်ရာများ

ဘုရား ၊ တရား ၊သံဃာ ရတနာမြတ်သုံးပါးတို့၏ အနန္တ ကျေးဇူးဂုဏ်ကို အကျယ်ထပ်မံ ပြဆိုရန်မလိုပေ ၊ သက်ဆိုင်ရာ ဂုဏ်တော် အခန်းတို့၌ ပြဆိုခဲ့သည့်အတိုင်း အာရုံပြုလျက် ရှိခိုး ကန်တော့ရမည်။ ဆင်ခြင် အောက်မေ့ကာ ပွားများရမည်။

ဤ၌ မိဘနှင့် ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကိုသာ ဆင်ခြင် နှလုံးသွင်း နိုင်ရန် ဖော်ပြပါမည်။ မိဘတို့၏ ကျေးဇူးကို `မြင်းမိုရ်တောင်ဦး မကကျူး ‘ဟု ပြောစမှတ် ပြုကြသော်လည်း ကျေးဇူးကို တကယ် သိ၍ ပေးဆပ်နိုင်သူကား ရှားလှပေ၏ ။


မိဘတို့ အသက်ထင်ရှား ရှိစဉ်အခါ ရာသီအလိုက် အ၀တ်အစား နေရာထိုင်ခင်း စီမံပေးခြင်း ၊ ခြေဆုပ်လက်နယ် ပြုပေးခြင်း ၊ မိဘတို့စကား နားထောင်ပြီး မိဘများ စိတ်ချမ်းသာအောင် နေထိုင်ပြခြင်း ၊ ခရီး ဝေးနီး သွားရန် ရှိသောအခါ ဦးချ ကန်တော့သွားခြင်း ၊ ပြန်လာလျှင်လည်း တန်ဖိုး နည်းများမဆို လက်ဆောင် ပစ္စည်း စားသောက်ဖွယ်ရာ များဖြင့် ဦးချ ကန်တော့ခြင်း ပြုလုပ်ဖော်ရလျှင်ပင် ကျေးဇူးကြွေး မကျေသော်လည်း မိဘတို့အဖို့ အားဆေးများ အသက်ရှည် ဆေးများ ပင်ဖြစ်ပေသည် ။ နေ့စဉ် အိပ်ရာဝင် အိပ်ရာထ ဦးချ ကန်တော့ခြင်း သည်လည်း ကျေးဇူး သိခြင်းပင် မည်၏ ။

အချို့ကား ” ပစ္စည်း ရှိလာမှ ထိုက်ထိုက်တန်တန် ကန်တော့မည် ” ဟု ယူဆ ထားကြ၏`။
မိမိမြှော်မှန်း သည့်အတိုင်း ပစ္စည်း ရှိလာသောအခါ မိဘတို့ ကွယ်လွန် ကြလေပြီ ၊ ပစ္စည်း ရှိမှသာ မိဘတို့အား ကျေးဇူး ဆပ်နိုင်သည် မဟုတ်၊ ရသမျှ ရှိသမျှနှင့် ယနေ့ ပြုစု ကျွေးမွေး ဖြစ်ဖို့က အရေးကြီး လေသည်။ အဇာတသတ် လိုပင် နောင်တ ကြီးစွာ ဖြစ်တတ်သည်။

လက်ဦးဆရာ

မိဘတို့သည် မိမိတို့ ရင်သွေးများ စကား မပြောတတ်မီ ကပင် သင်ပြ ပေးခဲ့ကြ၏။ သွားပုံ၊ လာပုံ ၊ လမ်းလျှောက်ပုံ၊ ဦးတော်လုပ်ပုံ ၊ အမေဖေခေါ်ပုံ မှစ၍ အရွယ်အလိုက် ပြောဆိုပြုမှု ပုံများကို ဘာမျှ လိုလေ သေးမရှိ၊ အကွက်စေ့အောင် သင်ပြပေးခဲ့ ကြရ သဖြင့် မိဘနှစ်ပါးကို ‘‘ လက်ဦးဆရာ ’’ဟုပင် မြတ်စွာဘုရား ဟောတော်မှုထားသည်။

သားသမီးများ အိမ်ထောင်ကျ သွားကြသော်လည်း အိမ်ခွဲရန် မလိုလား၊ မိဘရိုးရာ အလုပ်အကိုင်များကို လုပ်တတ်အောင်၊ အရင်းအနှီး စုဆောင်းမိအောင် မိမိတို့နှင့်အတူ ထားကာ သေသည့်နေ့အထိ သင်ပြ ပေးသွားကြလေသည်။ ကြက် သားပေါက်လေးများကို မိခင် ကြက်မကြီးသည် မိမိ တောင်ပံ နှစ်ဘက်ဖြင့် ထွေးပိုက်ကာ အမြဲတမ်း မိခင် မေတ္တာများ မွမ်းထုံပေးသကဲ့သို့ ရှိပေသည်။ ရှောင်တတ်၊ ယက်၍ အစာ ရှာတတ် အောင်လည်း သင်ပြပေး၏။
မိဘတို့မေတ္တာကားကြီးမားလှပေ၏ ။

ဗြဟ္မာနှင့်တူသောမိဘ

မြတ်စွာဘုရားက မိဘ များကို ဗြဟ္မာ နှင့်တူသော ပုဂ္ဂိုလ်များ ဟုလည်းဟောတော်မှုသည်။

ဗြဟ္မာဘုံ ၌နေသော ဗြဟ္မာ တို့သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မ ၀ိဟာရ တရား လေးပါးနှင့် အမြဲ နေထိုင်ကြသည်၊ ထို့အတူ မိဘတို့ သည်လည်း ယင်း ဗြဟ္မစိုရ် တရားလေးပါး နှင့် နေကြသည်ဟု ဟောတော်မှု၏ ။မိဘများ နေပုံမှာ-

(၁) မိခင်သည် သားသမီးများ ကိုယ်ဝန် သန္ဒေတည် ရှိသောအခါ ပူစပ်ချဉ်ငန် အစား အသောက်ရှောင်ရခြင်း၊ အကုန်းအကွ အထိုင်အထ ဆင်ခြင်ရခြင်း၊ အလေးအပင် မထမ်းမရွက် ဆင်ခြင်ရခြင်း၊ ကိုယ်ဝန်သားငယ် ဒုက္ခဖြစ်စေမည့် အနေအ စားအားလုံး ဆင်ခြင်နေရခြင်း စသည်ဖြင့်`ငါ့သားသမီး ကလေး ချမ်းသာပါစေ ခြေလက်အင်္ဂါ ပြည့်ပြည့်စုံစုံနှင့် ချမ်းသာစွာ မွေးဖွားပါစေ’ ဟုချစ်ခြင်း မေတ္တာ စိတ်သည် အမြဲ ဖြစ်ပွားနေ၏။

(၂) မွေးဖွား လာသောအခါ တွင်လည်း သားသမီး ကလေး မျက်နှာမြင် ရသည်နှင့် ကိုးလလွယ် ဆယ်လဖွား ရသော အာဝေဏိက ဒုက္ခကြီးကိုပင် မေ့ပျောက် သွားရှာ၏ ။ မွေးဖွား ပြီးနောက် တအူဝဲ၀ဲ ငိုယိုကာ ထားသလိုနေရခြင်း၊ တစုံတရာ အခံခက်၍ နာကျင်၍ ဆာလောင်၍ နေသော်လည်း မပြောမဆိုတတ် ပက်လက် ကလေး ထားသည့်အတိုင်းပင် နေရပြီး တစာစာ ငိုကြွေးလျှင် မိခင်၏ နှလုံးသားတွင် သနားခြင်း ကရုဏာ စိတ်များ ဖြစ်ပွားရ ပြန်သည်။

(၃) သားသမီး ကလေးများ မှောက်နိုင် လှန်နိုင် ထိုင်နိုင် ထနိုင် သွားစပြုနိုင် ပြုံးရယ် စပြုနိုင်၊ စကား တီတီတာတာ ပြောနိုင်ဆိုနိုင် ချိုမိုင်မိုင် လုပ်နိုင်လာသော အခါ မိဘတို့ရင်၌ ဖြစ်ရသော ၀မ်းမြောက် ကြည်နူးမှု မုဒိတာ စိတ်မှာ ပြောဖွယ်ရာ မရှိပြီ။

မိဘကို မဆိုထားဘိ၊ ဘေးက မြင်တွေ့ရ သူများပင် ၀မ်းမြောက်၍ နေကြရ၏။ သားသမီးငယ်များ ကစား ပြေးလွှား၍ ကျန်းမာ ပျော်ရွှင်နေသည်ကို မြင်ရတိုင်း မိဘတို့နှလုံးသားတွင် မုဒိတာ တရား ဖြစ်ပွားရ၍ အရွယ်အလိုက် စာကြိုးစားခြင်း အလုပ် ကူညီလုပ်ခြင်း စသည်ဖြင့် သားသမီးတို့ လိမ္မာလျှင် လိမ္မာ သလောက်
မိဘတို့ဝမ်းမြောက်ရ၏။ ချမ်းသာရ၏ ။ အသက်ရှည်၏ ။ ထို့ကြောင့် သားသမီး တို့သည် မိဘတို့ အသက်ရှင်တမျှ ၀မ်းမြောက်ဝမ်းသာ ကျန်းမာချမ်းသာ၍ အသက်ရှည် စေရန် သားသမီး တို့က လိမ္မာ ပြကြဖို့ အရေးကြီး လှပေသည်။

(၄) သားသမီးများ အချိန်တန် အရွယ်ရောက်၍ အိမ်ထောင် ပြုကြသောအခါ ကိုယ့်အိုး ကိုယ့်အိမ် နှင့် နေထိုင် ကြသောအခါ `သြော် - ငါ့သား သမီးများ ကိုယ်စွမ်း ကိုယ်စဖြင့် နေထိုင်နိုင် ကြပေပြီ ’ ဟု လျစ်လျုပြု သောအားဖြင့် သင့်တင့် မျှတသော ဥပေက္ခာ စိတ်ထားကို ထားကြ လေသည်။ သား သမီးများနှင့် စပ်၍ တွယ်တာမှု (လောဘ)၊ ပူပန် စိုးရိမ် နေရမှု ၊ ကြောင့်ကြမှု (ဒေါသ) ဟူသော အစွန်း နှစ်ဘက်မှ လွတ်ကာ ဥပက္ခာ စိတ်ထားဖြင့် ငြိမ်းအေးကာ စိတ်ချ လက်ချ နေထိုင် သွားနိုင်ကြ၏ ။

မိခင်စိတ်

ဤ မျှတ၍ မြင့်မြတ်သော ဥပေက္ခာ အရသာကို ခံစား လိုသဖြင့် မျက်စိ မမှိတ်ခင် သား သမီးများကို အိမ်ထောင် လျာထား ချထား ပေးသွား ကြသည်လည်းရှိလေ သည်။ သားသမီးများအပေါ် သူစိမ်း တစ်ရံ ဆံတို့ ချစ်သည်၊ အကျိုး လိုလားပါသည်ဆို ခြင်းမှာ မိဘများ မှန်းသလောက်သာ ရှိပေသေး၏ ။ သားသမီးတို့ အပေါ်၌ ထားရှိသော မိဘတို့ မေတ္တာကား သေခါမှသာ ရပ်စဲတော့၏ ။ ထို့ကြောင့် သတ္တလောက၌ ‘‘မိခင်စိတ်’’ လောက်မြင့်မြတ်သော စိတ်မရှိပေ။ မြတ်စွာဘုရား ကလည်း သတ္တ၀ါတိုင်း အပေါ်မေတ္တာ ထားရန် ညွှန်ပြတော်မှုရာ၌ ထို မိခင်စိတ်ကို ဥပမာ ပေးတော်မှုခဲ့သည်။

သားသည် နွားမ ကြီးအား လှံဖြင့် ထိုးသတ်၍ မသေခြင်းမှာ နို့စို့နေသော နွားသားငယ် ပေါ်ထားသော ထိုသည့် မိခင် မေတ္တာကြောင့်ပင် ဖြစ်ပေသည်။

မဟာပထ၀ီ မြေကြီးသည် လည်းကောင်း၊ မဟာ သမုဒ္ဒရာ၊ မြင်းမိုရ်တောင်နှင့် အဇဋာ ကောင်းကင်ကြီး သည်လည်းကောင်း မိဘမေတ္တာနှင့် နှိုင်းစာလျှင် သေးငယ်ကျဉ်းကျုံ ၍သွားကုန်၏၊ မိဘ မေတ္တာသည် အနန္တ ဖြစ်သောကြောင့် ပေတည်း။


ဆပ်၍မကုန်သောကျေဇူး

လောက၌ ရွှေငွေ စသည် ကြွေးဆပ်လျှင် ကြွေးတင်သည့် အရေအတွက် အားလျော်စွာ ပေးဆပ်လို့ရ၏ ။ ကြွေးကျေ၏ ၊မိဘတို့မေတ္တာ ကား အနန္တ ဖြစ်၍မကျေနိုင်။ မကျေနိုင် မဆပ်လျှင် ကြွေးထပ်တင် ရန်သာရှိတော့သည်။

မြတ်စွာဘုရား ဟောတော် မှုသည်မှာ သားသမီး တို့သည် ကျေးဇူးရှင် မိဘနှစ်ပါး အားပခုံး တဘက်စီ၌ တင်ထား၍ အမြဲတမ်း မိဘ နှစ်ပါးအား အစာ ကျွေးမွေး ပေးခြင်း၊ ရေချိုး ပေးခြင်း၊ နင်းနှိပ် ပေးခြင်း၊ သိပ်ပေးခြင်း၊ မိမိတို့ ပခုံး ပေါ်၌ ကျင်ကြီး ကျင်ငယ် စွန့်သော်လည်း မငြူမစူ ပြုစု သုတ်သင် ပေးခြင်း စသည်ဖြင့် အနှစ် တစ်ရာ တိုင်တိုင် ပခုံး ထမ်း၍ ပြုစု လုပ်ကျွေး သော်လည်း ကျေးဇူးကြွေး မကျေနိုင်ဟုပင် ဟောတော်မူသည်။

အကောင်းဆုံး ကျေးဇူးဆပ်နည်း

‘ကျေးဇူးကြွေး မကျေနိုင်’ ဟု ဆိုသည်မှာ ကျေးဇူး ကြီမားပုံကို ပြဆို လိုခြင်းသာ ဖြစ်ပေ သည်။

မိဘနှစ်ပါး အသက် ထင်ရှားရှိစဉ် ပြဆိုခဲ့သည့် အတိုင်း ရာသီအလိုက် ကျွေးမွေး ပြုစု ပေးခြင်း၊ အထူးသဖြင့် အမွေခံ ထိုက်အောင် နေခြင်း ၊ မိဘနှစ်ပါး စိတ်ချမ်းသာအောင် သားသမီးတို့ လိုက်နာရမည့် ၀တ္တရား ငါးပါး နှင့်အညီ လိမ်လိမ်မာမာ နေပြခြင်း ၊ ကွယ်လွန် သွားကြသောအခါ တွင်လည်း မိဘနှစ်ပါးကို ရည်စူး၍ အလှူဒါန ပြုလုပ်ပြီး အမျှဝေခြင်း ပြုပေးလျှင်ပင် ၀တ္တရား ကျေပြီဟု ဆိုသင့်၏ ။

ကျေးဇူးရှင် မိဘ နှစ်ပါး တို့၏ ကျေးဇူး ကြွေးကို ပေးဆပ် ရာ၌ အကောင်းဆုံး နည်းကို မြတ်စွာ ဘုရား ဟောကြား ထားသည်မှာ တရားဖြင့် ကျေးဇူး ဆပ်ခြင်းပင် ဖြစ်၏ ။ တရားဖြင့် ကျေှးဇူး ဆပ်ခြင်းဆိုသည်မှာ-

(၁) ရတနာသုံးပါး မယုံကြည်သေးသော မိဘတို့အား ယုံကြည် လာအောင်၊ သရဏဂုံ မတည် သေးသော မိဘ တို့အား သရဏဂုံ တည်အောင် ဆောင်ရွက်ပေးခြင်း၊

(၂) အလှူဒါန အားနည်းသော မိဘတို့အား အလှူဒါန ပြုလုပ် ဖြစ်အောင် ဆောင်ရွက် ပေးခြင်း၊

(၃) စစ်မှန်သော ကိုယ်ကျင့် သီလ မရှိ သေးသော မိဘ တို့အား ကိုယ်ကျင့် သီလ စောင့်ထိန်း လာအောင် ဆောင်ရွက်ပေးခြင်း၊

(၄) အသိပညာ မရှိသေးသော မိဘတို့အား အသိပညာ ရှိအောင် ဆောင်ရွက် ပေးခြင်းတို့ ဖြစ်သည်။ အသိပညာ ဆိုရာ၌ ရတနာ သုံးပါးနှင့် စပ်သော အသိပညာ ၊ ၀ိပဿနာ ပညာ ၊ သစ္စာ မြင်သော ပညာများသည် အမြတ်ဆုံး ဖြစ်၍ ထိုပညာများ ဖြစ်ပွားအောင် စာဖတ်ပြခြင်း၊ တရားနာဖြစ်အောင်၊ တရား ထိုင်ဖြစ်အောင် ဆောင်ရွက် ပေးခြင်းများသည် ကောင်းဆုံး ကျေးဇူး ဆပ်ခြင်း ဖြစ်ပေသည်။

သားသမီးများ ကိုယ်တိုင်က သီလရှင်၊ ရှင်သာမဏေ ၊ရဟန်း ပြု၍ တရား အားထုတ်ခြင်း မိဘများအပေါ် မေတ္တာ ပွားများခြင်း များလည်း မိဘ နှစ်ပါးအား သာသနာ့ အမွေခံ စေ၍ တရားဖြင့် အကောင်းဆုံး ကျေးဇူး ဆပ်ခြင်း ဖြစ်သည်။

အရှင်သာရိပုတ္တရာသည် မိစ္ဆာ အယူရှိသော မိခင်အား၊ သမာ အယူရှိအောင် ဆောင် ရွက်ပေးခြင်း၊ မြတ်စွာဘုရား သည်ပင် မယ်တော် တော်စပ် ဖူးသော သန္တုသိတ နတ်သားအား အဘိဓမ္မာ တရား ဟောကြား ခြင်းဖြင့် အကောင်းဆုံး မွေကျေးဇူး ပေးတော်မှု သွားကြလေသည်။

ဤမျှ ကျေးဇူး ကြီးမား လှသောကြောင့် မိဘလုပ်ကျွေး ကျေးဇူး ဆပ်၍ ချမ်းသာ ကြီးပွားသော ဖြစ်ရပ် များကို များစွာ ဟောတော်မှု ထားသည်။မိဘတို့အား စိတ်ဆင်းရဲအောင် လုပ်၍၊ တမင် ပြစ်မှား၍ ယခု ဘ၀ မှာပင် ဆင်းရဲရ သူများ၊ မြေမျို ခံရသူများ၊ နောက်ဘ၀တွင် ငရဲ ကျသူများလည်း များလှလေပြီ။ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီး သော်မှပင် နုစဉ်ဘ၀က မိုက်မဲသော မယား စကား နားထောင်မိ၍ မိဘ နှစ်ပါးကို ရိုက်နှက် မိသော ကံကြောင့် ခိုးသားရိုက် နှက်ခံရ၍ ပရိနိဗ္ဗန် ပြုတော်မှု ရရှာသည်။

စာရေးသူမှတ်ချက်

ကျွန်တော့်ရဲ့ ဓမ္မ မိတ်ဆွေ များလည်း ဤစာကို ဖတ်၍ မိဘ ကျေးဇူး ကို ဆပ်နိုင် ကြပါစေ။ နောင်ဘဝ မဆိုင်းပဲ ယခု ဘဝ၌ ပင်လျှင် အကျိုးများစွာ ရရှိ ခံစားနိုင်ကြပါစေသော်...




အပြည့်အစုံသို့...

Sunday, May 4, 2008

ဗုဒ္ဓကိုယ်တော်တိုင် တရားနာကြားခြင်း


အခါတစ်ပါး၌ ဘုရားရှင်သည် နန္ဒမထေရ်တရားဟောနေသော နေရာသို့သွား၍ ညဥ့်သုံး ရံကာလပတ်လုံး တရားနာကြားပြီး သာဓုခေါ်ဆိုတော်မူ၏။ နန္ဒမထေရ်သည် ထိုသို့ ရပ်လျက် တရားနာကြားနေသော ဘုရားရှင်အားမြင်သော် လာရောက် ကာ လက်အုပ်ချီမိုးရှိခိုးလျက် ဘုရားရှင်အား ဤသို့ လျှောက် ထား၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား… အရှင် ဘုရားသည် အလွန်နူးညံ့သိမ်မွေ့ခြင်း ရှိတော်မူပါလျက် လွန်စွာ ပြုနိုင်ခဲသောအမှုကို ပြုတော်မူပါပေစွ။” ဟူ၍ဖြစ်၏။

ထိုအခါ ဘုရားရှင်က နန္ဒမထေရ်အား မိန့်ကြားတော်မူသည်မှာ- “အို ချစ်သားနန္ဒ… သင်သည် တစ်ကမ္ဘာပတ်လုံး တရားဟော ခြင်းငှာစွမ်းနိုင်အံ့။ ငါဘုရားသည်လည်း ရပ်လျက်ပင်တစ်ကမ္ဘာ ပတ်လုံး တရားနာတော်မူအံ့။” ဟူ၍ မိန့်တော်မူခဲ့လေ၏။


တရားအလုံးစုံကို ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာ ဘုရားသည်ပင် တရားနာကြားခြင်းအမှုကို ဤမျှ အလေးအနက် ထားသော် ပုထုဇဉ်တို့မှာမူ အဘယ်မှာလျှင် အလေးအနက် မထားဘဲ နေသင့်ပါမည်နည်း။ နားကို အဘယ်သို့သော သဒ္ဒါရုံ-အသံဖြင့် အလှဆင်ပါမည်နည်း။ နားကို အလှဆင်ရာ၌ဓမ္မအသံ ဖြင့် အလှဆင်သင့်ပေ၏။ စာဖတ်သူ ပရိတ်သတ်တို့အား ကျွန်တော့်အနေဖြင့် အကြံပေးလိုခြင်းဖြစ်၏။

မကောင်းမှု၌ မွေ့လျော်နေသောစိတ်သည် မကောင်းသော သဒ္ဒါရုံသို့သာ မွေ့လျော်နေတတ်ပေရာ စိတ်ကိုစောင့်ရှောက်ပေး ရပေမည်။ စိတ်ကို မစောင့်ရှောက်ဘဲ လိုရာသို့လွှတ် ပေးထားသော် ကိလေသာ၏ ခြယ်လှယ်မှုကြောင့် မကောင်းသော သဒ္ဒါရုံသို့သာ နှစ်သက်ရင်းနှစ်သက်ရင်းဖြင့် ကြာလျှင်ဥပါဒါန်သို့ ရောက်လာပေ၏။ ၎င်းအဆင့်သို့ ရောက်လာခဲ့သော် မရမက အားထုတ်မှုတို့သည် ဆက်၍ လာပေမည်။ ထိုသဒ္ဒါရုံကို မကြားရ မနေနိုင်ဖြစ်လာပေမည်။ မကောင်းသော သဒ္ဒါရုံဆိုရာ၌ စိတ်ကို ကိလေသာအနှောင်အဖွဲ့ ဖြစ်စေသော၊ အပြစ်လည်း မကင်းစေ သော အသံတို့ကို ဆိုလိုခြင်းဖြစ်၏။

ထို့ကြောင့် နားကိုအလှဆင်ရာ၌ ဗုဒ္ဓ၏အဆုံးအမတော်များ ဖြစ်သည့် ဓမ္မအသံဖြင့် အလှဆင်သင့်ပေသည်။ တရားနာကြား ခြင်းကြောင့် ရရှိသောအကျိုးတို့မှာ ပြောပြ၍ မကုန်နိုင်ပါပေ။ တရားနာကြားခြင်းကြောင့် ဦးစွာ စိတ်ကိုငြိမ်းချမ်းစေပေသည်။ ဓမ္မသည် မှန်ကန်သော ဗုဒ္ဓ၏သစ္စာစကားများဖြစ်ခြင်းကြောင့် ဓမ္မကိုနာကြားရခြင်းဖြင့် မှန်ကန်သောအသိပညာနှင့်ကောင်းမှု၌ မွေ့လျော်လိုသော သတိတရားတို့ ဖြစ်လာပေသည်။ သစ္စာ စကားကို နာကြားရမှ သစ္စာတရားကို ရနိုင်ပေမည်။

ဘုရားရှင်လက်ထက်က ဖားနတ်သားဝတ္ထုကို လူတိုင်ကြားဖူး ကြပါသည်။ ဗုဒ္ဓ၏အသံတော်ကို သာယာသောစိတ်ဖြင့် နာကြား နေချိန် နွားကျောင်းသား၏တုတ်ဖြင့် သေဆုံးပြီး နတ်ပြည်၌ နတ်သားဖြစ်ရပေသည်။ ထို့နောက် နတ်ပြည်မှ မိမိ၏ဘ၀ဟောင်းကို ပြန်ကြည့်ပြီး ဗုဒ္ဓ၏တရားအသံ မဆုံးသေးခင် လူပြည်သို့ဆင်းကာ ဆက်လက်တရားနာကြားခြင်းကြောင့် သောတာပန်တည်ခဲ့လေ၏။

တဖန် လက်ယာတော်ရံ အရှင်သာရိပုတ္တရာကိုယ်တော်ကြီး၏ တပည့်ရဟန်းငါးရာတို့ သည်လည်း တစ်ခုသောဘ၀မှာ လင်းနို့ ငါးရာဖြစ်ခဲ့ကြရာ ပဋ္ဌာန်းရွတ်ဆိုသောအသံကို ကြည်နူးဝမ်း မြောက်မှုဖြင့် နာကြားခဲ့ဘူးသောအထုံကြောင့် ကျွန်ုပ်တို့ မြတ်စွာဘုရား လက်ထက်၌ အဘိဓမ္မာဆောင် ရဟန္တာငါးရာ ဖြစ်ခဲ့ကြပေသည်။

လောက၌ သေခြင်းတရားမရှိသော သန္တိသုခကို ရရှိသောသူ လောက် ချမ်းသာသောပုဂ္ဂိုလ် အဘယ်မှာရှိအံ့နည်း။ ထိုသုခကို ရရှိအောင် လမ်းညွှန်ပေးသော ဗုဒ္ဓ၏ဓမ္မအသံဖြင့် နားကိုအလှ ဆင်ကြပါကုန်။ ဗုဒ္ဓ၏သစ္စာစကားတို့ကို နာကြားခွင့် ရရှိကြ သောသူတို့မှာလည်း အလွန်ရခဲလှစွာသော လူ့ဘ၀ကို ပိုင်ဆိုင် ထားသူတို့ဟူ၍ မိမိကိုယ်ကိုသိရှိပြီး တရားတော်အတိုင်း လက်တွေ့ကျင့်ကြံနေထိုင်သွားကြပါဟူ၍လည်း ဤဆောင်းပါး ဖြင့် တိုက်တွန်းနှိုးဆော်ရင်း ဓမ္မဒါနပြုလိုက်ရပါသည်။

အပြည့်အစုံသို့...

ဗုဒ္ဓတိုင်း၏ အဆုံးအမတော်

သဗ္ဗပါပဿ အကရဏံ၊ ကုသလဿုပသမ္ပဒါ။
သ စိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။

သဗ္ဗပါပဿ = အလုံးစုံသော အကုသိုလ်ကို၊ ယံအကရဏံ = အကြင် မပြုခြင်း သည်လည်းကောင်း၊ ကုသလဿ = ကုသိုလ်ကို၊ ယာဥပသမ္ပဒါ = အကြင် ပြည့်စုံစေခြင်း လည်းကောင်း၊ ယံသစိတ္တ ပရိယောဒပနံ = အကြင် မိမိစိတ်ကို ဖြူစင်စေခြင်းသည် လည်းကောင်း၊ အတ္ထိ = ရှိ၏၊ ဧတံ = ဤ အလုံးစုံသည်၊ ဗုဒ္ဓါနံ = မြတ်စွာဘုရားတို့၏၊ သာသနံ= အဆုံးအမတော်တည်း။

ခပ်သိမ်းသော မကောင်းမှုတို့ကို ကြဉ်ရှောင်ခြင်း၊ ကောင်းမှုကို ဆည်းပူးခြင်း၊ မိမိ၏ စိတ်ကို စင်ကြယ်စေခြင်း ဤသည်လျှင် ဘုရားရှင်တို့၏ အဆုံးအမတော်တည်း။


ခန္တီပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊
န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

တိတိက္ခာ = သည်းခံခြင်း ဟုဆိုအပ်သော၊ ခန္တီ = သည်းခံခြင်း ခန္တီသည်၊ ပရမံ = မြတ်သော၊ တပေါ = အကျင့်တည်း၊ နိဗ္ဗာနံ = ကိလေသာမှ ငြိမ်းခြင်း နိဗ္ဗာန်ကို၊ ပရမံ = မြတ်၏ ဟူ၍၊ ဗုဒ္ဓါ = ဘုရား ပစ္စေက ဗုဒ္ဓါတို့သည်၊ ဝဒန္တိ = ဟောကြားတော် မူကြကုန်၏။ ပရူပဃာတီ = သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲလေ့ ရှိသောသူသည်၊ ပဗ္ဗဇိတော = ရဟန်းမည်သည်၊ နဟောတိ = မဖြစ်။ ပရံ = သူတစ်ပါးကို၊ ဝိဟေဌ ယန္တော = ညှဉ်းဆဲသောသူသည်၊ သမဏော = ရဟန်းမည်သည်၊ နဟောတိ = မဖြစ်။

အငြိုငြင် အဆင်းရဲခံရခြင်း၊ သည်းခံခြင်းသည် အမြတ်ဆုံးသော အကျင့်ဖြစ်၏။ နိဗ္ဗာန်သည် အမြတ်ဆုံးဟု ဘုရားရှင်တို့ ဟော၏။ သူတစ်ပါးအား သတ်ပုတ်သော ရဟန်းဟူ၍ မရှိ။ သူတစ်ပါးအား နှိပ်စက်သော သူမြတ်၏ဟူ၍ မရှိ။

အနုပဝါဒေါ အနုပဃာတော၊
ပါတိမောက္ခေစ သံဝရော။
မတ္တညုတာစ ဘတ္တသ္မိံ၊
ပန္တဉ္စသယနာသနံ။
အဓိစိတ္တေစ အာယောဂေါ။
ဧတံ ဗုဒ္ဓါန သာသနံ။

အနုပဝါဒေါ = မစွပ်စွဲ မကဲ့ရဲ့ခြင်းသည် လည်းကောင်း၊ အနုပဃာတော = မညှဉ်းဆဲ မသတ်ဖြတ်ခြင်းသည် လည်းကောင်း၊ ပါတိမောက္ခေ = အကြီးဖြစ်သော ပါတိမောက္ခေ သံဝရသီလ၌၊ သံဝရော = စောင့်စည်း ပိတ်ပင်ခြင်းသည် လည်းကောင်း၊ ဘတ္တသ္မိံ = ဆွမ်းဘောဇဉ်၌၊ မတ္တညုတာစ = အတိုင်းအရှည်ကို သိသည်၏ အဖြစ်သည် လည်းကောင်း၊ ပန္တဉ္စသယနာသနံ = ဆိတ်ငြိမ်ရာ ဖြစ်သော ကျောင်း၌ နေခြင်းသည် လည်းကောင်း၊ အဓိစိတ္တေ = ရှစ်ပါးသော သမာပတ်ဟု ဆိုအပ်သော စိတ်ကို အစိုးရခြင်း အဓိစိတ္တ သိက္ခာ၌၊ အာယောဂေါစ = လုံ့လပြုခြင်းသည် လည်းကောင်း၊ အတ္ထိ = ရှိ၏၊ ဧတံ = ဤအလုံးစုံသည်၊ ဗုဒ္ဓါနံ = မြတ်သောဘုရားတို့၏၊ သာသနံ = အဆုံးအမတော်တည်း။

မကဲ့ရဲ့ အပြစ်မတင်ခြင်း၊ မသတ်ပုတ် မညှဉ်းဆဲခြင်း၊ ရဟန်းတို့၏ ပါတိမောက် အကျင့်သီလကို စောင့်စည်းခြင်း၊ ဆွမ်း၌ အတိုင်းအရှည်ကို သိခြင်း၊ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာ နေရာသို့ ကပ်ခြင်း၊ သမာဓိတရား၌ လုံ့လပြုခြင်း ..ဤသည်ပင်လျှင် ဘုရားရှင်တို့၏ အဆုံးအမတော်တည်း။

ဓမ္မပဒ၌ သုံးဂါထာ ဆက်စပ်လျက် ဟောတော်မူထားသည့် အကြောင်းအရာကို ဗုဒ္ဓ၏ ညီတော် အာနန္ဒာ၏ ဥပုသ်ပြဿနာ ဝတ္ထုတွင် တွေ့သိ ဖတ်ရှု ရပေသည်။

သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ ဗုဒ္ဓသခင် သီတင်းသုံး နေတော်မူစဉ် အခါသမယ ဖြစ်၏။

တစ်နေ့သော် အရှင်အာနန္ဒာ မထေရ်သည် တစ်ကိုယ်တော် တစ်ပါးတည်း နေ့ သန့်စင်တော်မူစဉ် ဤသို့ စဉ်းစားမိ ပေသည်။

“ ယခု ငါတို့ သံဃာတော်များသည် လခွဲတစ်ကြိမ် ဥပုသ်နေ့ များ၌ အစည်းအဝေးပြုကာ မြတ်စွာဘုရားရှင်၏ ပါတိမောက် ပြခြင်းကို ကြားနာပြုပြင် ဆောက်တည် နေကြရသည်။ လွန်လေပြီးသော ဘုရားရှင်များ၏ လက်ထက်တော်က ယခုကဲ့သို့ပင် လခွဲတစ်ကြိမ် ဥပုသ်ပြု၍ ပါတိမောက်ကို ကြားနာရ ပေသလား။ ပါတိမောက် အဆိုအမိန့် ဒေသနာတော်များ သည်လည်း ယခုအတိုင်း ဖြစ်ပါသလား။

“ မြတ်စွာဘုရားသခင်သည် ငါတို့အား ခုနစ်ဆူသော ဘုရားရှင်တို့ ဗုဒ္ဓဝင်ကို ဟောကြားတော် မူခဲ့ပြီ၊ ထို ဘုရားရှင်တို့၏ တစ်ဆူနှင့်တစ်ဆူ မတူ ကွဲပြားကြသော အကြောင်းအရာများ ကိုလည်း ကြားနာ ခဲ့ကြရသည်။

ဥပမာအားဖြင့် -

၁။ ဝိပဿီမြတ်စွာဘုရား။ ။ ၉၁ ကမ္ဘာ၌ ပွင့်တော်မူသော ဝိပဿီမြတ်စွာဘုရားသည် ဗန္ဓုမတီပြည်၌ ဖွားမြင်တော်မူသည်။ ခမည်းတော် မယ်တော်ကာ ဗန္ဓုမတီမင်းကြီးနှင့် ဗန္ဓုမတီမိဖုရားကြီးဖြစ်၏။ နန္ဒ၊ သုနန္ဒ၊ သီရိမာ မည်သော နန်းမသုံးဆောင်၌ သုဒဿနာဒေဝီ မည်သော မိဖုရားနှင့် အနှစ်ရှစ်ထောင် မင်း၏ စည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား သမဝတ္တက္ခန္ဓကုမာရ ဖြစ်၏။ ရထားယာဉ်ကို စီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ရှစ်လမျှ ကျင့်တော်မူ၍ သခွတ်ပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ အဘိဘူမထေရ်နှင့် သမ္ဘဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ အသောကမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော် ခုနစ်ယူဇနာ ရှိ၏။ သက်တမ်းကား အနှစ်ရှစ်သောင်း ဖြစ်၏။

၂။ သိခီမြတ်စွာဘုရား။ ။ မဏ္ဍကမ္ဘာ၌ ပွင့်တော်မူ၏။ အရုဏဝတီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ အရုဏမင်းကြီးနှင့် ပဘာဝတီမိဖုရားကြီး တို့ဖြစ်၏။ သုစန္ဒက၊ ဂိရိ၊ ဝိသဘ ရွှေနန်းသုံးဆောင်၌ သဗ္ဗကာမာဒေဝီ မည်သော မိဖုရားနှင့် အနှစ်ခုနစ်ထောင်မျှ မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား အတုလကုမာရ ဖြစ်၏။ ဆင်ယာဉ်ကိုစီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ရှစ်လကျင့်တော်မူ၍ သရက်ဖြူပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ အဘိဘူမထေရ်နှင့် သမ္ဘဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ခေမင်္ကရမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော် သုံးယူဇနာ ရှိ၏။ သက်တမ်းကား အနှစ်ခုနစ်သောင်း ဖြစ်၏။

၃။ ဝေဿဘူမြတ်စွာဘုရား။ ။ မဏ္ဍကမ္ဘာ၌ ပွင့်တော်မူ၏။ အနောမမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ သုပ္ပတီတမင်းကြီးနှင့် ယသဝတီမိဖုရားကြီး တို့ဖြစ်၏။ ရုစိ၊ သုရုစိ၊ ရတိဝဍ္ဎန ရွှေနန်းသုံးဆောင်၌ သုစိတ္တာဒေဝီမိဖုရားနှင့် အနှစ်ခြောက်ထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား သုပ္ပဗုဒ္ဓမင်းသား ဖြစ်၏။ ရွှေထမ်းစင်ဖြင့် တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခြောက်လကျင့်တော်မူ၍ အင်ကြင်းပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ သောဏမထေရ်နှင့် ဥတ္တရမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ဥပသန္တမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား အပိုင်းအခြား မရှိ။ သက်တမ်းကား အနှစ်ခြောက်သောင်း ဖြစ်၏။

၎။ ကကုသန်မြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ ခေမဝတီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ အဂ္ဂဒတ္တပုဏ္ဏားကြီးနှင့် ဝိသာခါပုဏ္ဏေးမ တို့ဖြစ်၏။ ကာမပြာသာဒ်၊ ကာမဝဏ္ဏပြာသာဒ်၊ ကာမသုဒ္ဓိပြာသာဒ် သုံးဆောင်၌ ရောစိနီမည်သော ပုဏ္ဏေးမနှင့် အနှစ်လေးထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား ဥတ္တရကုမာရ ဖြစ်၏။ ရထားယာဉ်ကို စီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ရှစ်လကျင့်တော်မူ၍ ကုက္ကိုပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ ဝိဓူရမထေရ်နှင့် သဉ္စီဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ဗုဒ္ဓိဇမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော် ထက်ဝန်းကျင် ဆယ်ယူဇနာတိုင်တိုင် ပျံ့နှံ့ ကွန့်မြူး၏။ သက်တမ်းကား အနှစ်လေးသောင်း ဖြစ်၏။

၅။ ကောဏာဂုံမြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ သောဘဝတီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ ယညဒတ္တပုဏ္ဏားကြီးနှင့် ဥတ္တရာပုဏ္ဏေးမ တို့ဖြစ်၏။ တုသိတပြာသာဒ်၊ သန္တိသိတပြာသာဒ်၊ သန္တုဋ္ဌပြာသာဒ် သုံးဆောင်၌ ရုစိဂတ္တာမည်သော ပုဏ္ဏေးမနှင့် အနှစ်သုံးထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား သတ္တဝါဟကုမာရ ဖြစ်၏။ ဆင်ယာဉ်ဖြင့် တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခြောက်လကျင့်တော်မူ၍ ရေသဖန်းပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ ဘိယျောသမထေရ်နှင့် ဥတ္တရမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သောတ္ထိဇမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား အပိုင်းအခြား မရှိ။ သက်တမ်းကား အနှစ်သုံးသောင်း ဖြစ်၏။

၆။ ကဿပမြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ ဗာရာဏသီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ ဗြဟ္မဒတ္တပုဏ္ဏားကြီးနှင့် ဓနဝတီပုဏ္ဏေးမ တို့ဖြစ်၏။ ဟံသပြာသာဒ်၊ ယသပြာသာဒ်၊ သိရိနန္ဒပြာသာဒ် သုံးဆောင်၌ သုနန္ဒာမည်သော ပုဏ္ဏေးမနှင့် နှစ်ပေါင်းနှစ်ထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား ဝိဇိတသေနကုမာရ ဖြစ်၏။ စံနန်းပြာသာဒ်တော်နှင့်ပင် ကောင်းကင်ခရီးဖြင့် တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခုနစ်ရက်မျှကျင့်တော်မူ၍ ပညောင်ပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ တိဿမထေရ်နှင့် ဘာရဒွါဇမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သဗ္ဗမိတ္တမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား အပိုင်းအခြား မရှိ။ သက်တမ်းကား အနှစ်နှစ်သောင်း ဖြစ်၏။

၇။ ဂေါတမမြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ ကပိလဝတ်နေပြည်တော်၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ သုဒ္ဓေါဒနမင်းကြီးနှင့် မဟာမာယာမိဖုရားကြီး တို့ဖြစ်၏။ ရမ္မ၊ သုဘ၊ သုရမ္မဟူသော နန်းမသုံးဆောင်၌ ယသော်ဓရာမိဖုရားနှင့် ဆယ့်သုံးနှစ် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား ရာဟုလာ ဖြစ်၏။ ကဏ္ဍကမြင်းကိုစီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်တော်မူ၍ ညောင်ဗုဒ္ဓဟေ ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ ရှင်သာရိပုတ္တရာမထေရ်နှင့် ရှင်မဟာမောဂ္ဂလာန်မထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ညီတော်အာနန္ဒာမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား ကိုယ်တော်၏ အလံနှင့် ညီမျှစွာ လေးတောင်ခန့် ပျံ့နှံ့၍ တည်၏။ သက်တမ်းကား အနှစ်တစ်ရာ (၁၀၀) ဖြစ်၏။

ထိုကဲ့သို့ မြတ်စွာဘုရားသခင်သည် မိမိ၏ ဘဝ ဖြစ်စဉ်နှင့် တကွ အခြားသော ဗုဒ္ဓ ကိုယ်တော်များ၏ ဗုဒ္ဓဝင် ကို ဟောကြားတော် မူဖူး၏။

အရှင်အာနန္ဒာသည် သတိ အမှတ်သညာ၌ ပါ ဧတဒဂ် ရရှိထားသူ ဖြစ်၍ ထို အကြောင်းအရာ များကို ကောင်းစွာ မှတ်မိလျက် ရှိသည်။

ထို အကြောင်းမှ တစ်ပါး ပါတိမောက် ပြဆိုတော်မူခြင်းကို သိလိုသော ဆန္ဒ ဖြစ်ပေါ်လေ၏။ အဘယ်ကဲ့သို့နည်း ဟူမူ အခြား အခြားသော တထာဂတ များသည် ယခုကဲ့သို့ပင် လခွဲတစ်ကြိမ်စီ ဥပုသ် ပြု၍ ဘုရားရှင်က ပါတိမောက် ပြတော် မူလေသလော။ ထို ပါတိမောက် ဒေသနာတော် များသည်လည်း ယခု ဗုဒ္ဓသခင်၏ အဆိုအမိန့် သြဝါဒများ နှင့်မတူ ကွဲပြား ခြားနားမှုများ ရှိပါသေး သလား။ ကြားနာ လိုသည်။ အာနန္ဒာ မထေရ်သည် မိမိကိုယ်တိုင် မဝေခွဲနိုင်သော သိလိုသမျှသော သံသယ ပြဿနာ အမျိုးမျိုး တို့ကို ဖြေရှင်း ဟောကြား ပေးပါရန် မြတ်စွာဘုရားသခင်အား ချဉ်းကပ် လျှောက်ထားခွင့် အထူးကိုလည်း ရရှိထားသည့် မထေရ်ဖြစ်ပေသည်။

ထို့ကြောင့် မြတ်စွာဘုရားထံ ချဉ်းကပ်၍ မေးလျှောက်လေ၏။

ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်ကြားတော်မူ၏။

“ ချစ်သား အာနန္ဒာ၊ ဝိပဿီမြတ်စွာဘုရားသည် ခုနစ်နှစ်တစ်ကြိမ် သြဝါဒပါတိမောက် ဥပုသ်ကို ပြု၏။ အဘယ့်ကြောင့်ဆိုသော် တစ်ကြိမ်ပြသော သြဝါဒသည် ခုနစ်နှစ်ပတ်လုံး တည်၏။ ထို့ကြောင့် ခုနစ်နှစ်ကြာမှ တစ်ကြိမ်မျှလောက်သော ဆုံးမသြဝါဒ ဥပုသ်ကို ပြုလေသည်။

“ ထို့အတူ သိခီမြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရားသည် လည်းကောင်း ခြောက်နှစ်တစ်ကြိမ် ဥပုသ် ပြုလေ၏။

“ ကကုသန်နှင့် ကောဏာဂုံဘုရားတို့သည် တစ်နှစ်တစ်ကြိမ်ကျ ဥပုသ်ကို ပြုလေ၏။

“ ကဿပမြတ်စွာဘုရားသည် ခြောက်လတစ်ကြိမ် ဥပုသ်ကို ပြုတော်မူ၏။ ။”

ဤကဲ့သို့ ထို မြတ်စွာဘုရားသခင် တို့၏ ဥပုသ် ပြုရာ အချိန် တို့မှာ ကာလ ကွာပြား ခြားနားခြင်းသာ ဖြစ်၍ အဆုံးအမ သြဝါဒ ပါတိမောက် ပြသော တရား စကားမှာကား ကွဲပြားခြင်း မရှိ၊ ထပ်တူ ထပ်မျှ ပင်တည်း “ - ဟု မိန့်တော်မူ လေသတည်း။

စိတ်ဆိုသောစိတ်နှင့် ပတ်သတ်၍ သဗ္ဗပါပဿ အကရဏံ - အစချီသော ဒေသနာတော်တွင် ဖော်ပြထားပါသည်။

“ မကောင်းမှုဟူသမျှကို ရှောင်၊
ကောင်းမှုဟူသမျှကို ဆောင်၊
စိတ်ကို စင်ကြယ်အောင်ထား၊
အဲဒါ မြတ်စွာဘုရားတို့၏ အဆုံးအမစကား။ ။ "

ယခုလို ဆောင်ပုဒ်ကလေးလုပ်၍ နှုတ်မှ တတွတ်တွတ် ရွတ်ဆိုလေ့ ရှိကြပါသည်။ ထိုမှ တစ်ဆက်တည်း အနက်အဓိပ္ပာယ်ကို ကိုယ့်ဉာဏ်နှင့်ကိုယ် စဉ်းစားကြည့်ကြသော် -


“ မကောင်းမှုဟူသမျှကို ရှောင်သည့်အခါ ဖြစ်စေ၊ ကောင်းမှုဟူသမျှကို ဆောင်သည့်အခါ၌ ဖြစ်စေ မိမိစိတ်ကို စင်ကြယ်အောင် ထားရမည်။” စိတ်သည် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းတွင်ပင် လျှင်မြန်စွာ ပြောင်းလဲနိုင်သည် - ဆိုသော စကားကို လူတိုင်းလက်ခံနိုင်ကြပေလိမ့်မည်။ ထို့ကြောင့် စိတ်ကောင်းရှိအောင် မွေးမြူကြပါ။

စိတ် (မနော) နှင့်ပတ်သက်၍ မဇ္ဈိမပဏ္ဏာသ၌ မြတ်စွာဘုရားဟောကြားထားသည်ကို ဤသို့ တွေ့ရပါသည်။

“ ရဟန်းတို့၊ စိတ်၏ ငြောင့်တံသင်း ငါးပါးကို မပယ်ရသေးသော စိတ်၏ အနှောင်အဖွဲ့ ငါးပါးကို ကောင်းစွာ မဖြတ်ရသေးသော ရဟန်းသည် ဤသာသနာတော်၌ တိုးတက်စည်ပင် ပြန့်ပွားခြင်းသို့ ရောက်နိုင်ဖွယ် အကြောင်းမရှိ။"

“ ရဟန်းတို့၊ စိတ်၏ ငြောင့်တံသင်း ငါးပါးဟူသည် အဘယ်တို့နည်းဆိုသော် ဤသာသနာ၌ ရဟန်းသည် ဘုရား၊ တရား၊ သံဃာ အကျင့်သိက္ခာတို့၌ ယုံမှား၏။ သို့လော - သို့လော တွေးတော၏။ သက်ဝင်ကြည်လင်ခြင်းမရှိ၊ သီတင်းသုံးဖော်တို့အား မကျေနပ် မနှစ်သက်သော စိတ်ရိုင်းကို၊ ရဟန်း၏ စိတ်သည် အားထုတ်ကျင့်ကြံရန် လိုက်နာရန် မတိမ်းညွှတ်။ ဤသို့ ဘုရား၌ ယုံမှား၊ တရား၌ ယုံမှားခြင်းစသည်တို့သည် စိတ်၏ ငြောင့်တံသင်း ငါးပါးဖြစ်၏။

“ ရဟန်းတို့၊ စိတ်၏ အနှောင်အဖွဲ့ ငါးပါးဟူသည် အဘယ်တို့နည်းဆိုသော် ဤသာသနာ၌ ရဟန်းသည် ကာမဂုဏ်၌ မကင်းသော တပ်စွန်းခြင်းရှိ၏။ ကိုယ်၌ မကင်းသော တပ်စွန်းခြင်းရှိ၏။ ရုပ်အဆင်း၌ မကင်းသော တပ်စွန်းခြင်းရှိ၏။ အလိုရှိသလောက် ဝမ်းပြည့်ရုံစားပြီး၊ အိပ်စက်ရခြင်း ချမ်းသာ၊ လဲလျောင်းနေရခြင်း ချမ်းသာ၊ ငိုက်မျဉ်းနေခြင်း ချမ်းသာတို့ကို အစဉ်အားစိုက်၍ နေ၏။ ငါသည် ဤအကျင့်သီလဖြင့် နတ်တစ်ပါးပါး ဖြစ်ရလိမ့်မည်ဟု တစ်ခုခုသော နတ်လောက၌ တောင့်တလျက် အကျင့်မြတ်ကို ကျင့်၏။ ရဟန်းတို့၊ ဤကာမဂုဏ်၌ မကင်းသော တပ်စွန်းမှုရှိခြင်း စသည်တို့ကို စိတ်၏ အနှောင်အဖွဲ့ ငါးပါးဖြစ်၏။

“ ရဟန်းတို့၊ စိတ်၏ ငြောင့်တံသင်း ငါးပါးကို ပယ်ပြီးသော စိတ်၏ အနှောင်အဖွဲ့ ငါးပါးကို ဖြတ်ပြီးသော ရဟန်းသည် ဤသာသနာ၌ တိုးတက်စည်ပင် ပြန့်ပွားခြင်းသို့ ရောက်နိုင်ဖွယ် အကြောင်းရှိပေ၏။ "

ထိုမှတစ်ပါး နေနှင့်လ တို့၏ နေနှင့်လ တို့၏ အညစ်အကြေး ငါးပါးရှိသကဲ့သို့ ပုထုဇဉ်တို့၏ စိတ်သန္တာန်တွင်လည်း အညစ်အကြေး ငါးပါးရှိကြောင်း ကြားနာဖတ်ရှုရဖူးပါသည်။

ပကတိ ပင်ကိုအားဖြင့် ကြည်လင်ရွှန်းပသော နေနှင့်လ တို့အား -

(၁) ဆီးနှင့်များ ဖုံးအုပ်သောအခါ၊
(၂) နွေဦးကာလ မြူထသောအခါ၊
(၃) တိမ်ဖုံးအုပ်သောအခါ၊
(၄) အသူရိန်နတ် ဖမ်းစားသောအခါ၊
(၅) မီးခိုးများ ဖုံးအုပ်သောအခါ။

ဤ ငါးပါးအနက် တစ်ပါးပါးက အနှောင့်အယှက်ပြုလျှင် ညှိုးမှိန်မည်းမှောင်စေတတ်သကဲ့သို့ ထို့အတူ ပကတိပင်ကိုအားဖြင့် ရွှန်းပကြည်လင်နေသောစိတ်ကိုလည်း -

(၁) လောဘ၊
(၂) ဒေါသ၊
(၃) မောဟ၊
(၄) မိဒ္ဓ၊
(၅) ဝိစိကိစ္ဆာ။

ဤငါးပါးတို့မှ တစ်ပါးပါးတို့က အနှောင့်အယှက်ပြုလျှင် မကြည်မလင် မရွှင်မပျ နောက်ကျိသွားလေ၏ ဟူသတည်း။ သဂါထာဝဂ္ဂဒေဝတာ သံယုတ်တွင်လည်း ဤသို့တွေ့ရသည်။

စိတ္တေန နိယျတိလောကော = စိတ်သည် လောကကို ရှေ့ဆောင်၏။
စိတ္တေန ပရိကဿတိ = စိတ်သည် လောကကို ဆွဲငင်၏။
စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူတိ = အလုံးစုံသော တရားတို့သည်သာလျှင် စိတ်ဟုဆိုအပ်သော တစ်ခုသော တရား၏ အလိုသို့ အစဉ်လိုက်ရကုန်၏။

စာရေးသူမှတ်ချက်

ကျွန်တော် ဒီ ဆောင်းပါးကို ဖတ်တော့ ဘုရားအဆူဆူ တို့ရဲ့ အထုပ္ပတ္တိ အကျဉ်းချုပ် ကို သိခွင့် ရခဲ့ပါတယ်။ စာဖတ်သူ တို့လည်း ဗဟုသုတ အသိပညာ ရရှိနိုင်ကြ စေရန် ရည်ရွယ်လျက်...


အပြည့်အစုံသို့...

ယခုမကြာ လိုက်နာပါ

အမရာကိန္နရီ မဒ္ဒီသမ္ဘုလ တော်လေးဝဟု
လောကတလွှား ဂေါတမဘုရား၏
ဟောကြားခဲ့ပုံ အဖုံဖုံကို
စုံလင်စေ့ငု မျိုးသမီးထုတို့
ဖတ်ရှုပါလေ လိုက်နာစေဖို့
ဖွေရှာမပျက် ကလောင်လက်ဖြင့်
တင်ဆက်ပါသည်
ရွာပြည်ညာကြေ ရောက်ပါစေ။

အမရာခေါ် မတ်မဟော်၏
ကြင်ဖော်သက်ထား မိန်းမသားသည်
ယောင်သွားဆံထုံး ပါမြဲထုံးမို့
ရွှင်ပြုံးကြည်သာ လိုက်၍လာစဉ်
မြို့ ပြင်ထိပ်စူး တံခါးမှုးအိမ်
နေဦးသည်မှာ ခေတ္တပါဟု
ဆိုကာထွက်သွား လင်ယောက်ျားကို
မျှော်ငြားနေရှာ သည်ချိန်ခါ။


လာပါချေပြီ မျှော်သူ့ဆီသို့
လူရည်နုထွား အမျိုးသားတွေ
ခံ့ညားပေစွ ဝတ်စားလှနှင့်
အမရာ့ကို ချစ်စေလို၍
ချွဲပိုစကား ပြောကာကြားတော့
နားခါးလေရှာ အမရာက
သူ့မှာလင်သား အပ်ချုပ်သမား
ရှိပြီးသားမို့ လက်မခံငြား။

မဟောသဓာ မင်းအာဏာကြောင့်
ရှောင်ကာသက်ဘေး ခွာထွက်ပြေးစဉ်
အတွေးပျော်မြူး မတ်လေးဦးတို့
အထူးပဏ္ဏာ ပို့ဆက်လာပြီး
အမရာကို သိမ်းပိုက်လို၍
မြှူချိုစကား ပြောပါငြားလည်း
ဖောက်ပြားမပါ အလိမ္မာနှင့်
အိမ်သာထိုတွင်း ကျစေညှဉ်း၏။

ဟိမဝန္တာ ငွေတောင်သာ၌
ကိန္နရာကိန္နရီ ချစ်တေးသီကြူး
လှည့်လည်မြူးစဉ် မင်းဘုရင်က
မြားတင်ပစ်ခတ် လင်ကိုသတ်၍
ရည်မှတ်မှန်းထား သူ့မယားကို
မိဖုရားမြှောက်မည် ချစ်ကြိုးသီလည်း
ကိန္နရီမ လင်ကိုတ၍
သတ်လိုသတ်ပစ် ပြန်မချစ်။

ပြည်သူ့အာဏာ ပြင်းထန်စွာမို့
ဝနာမြိုင်ဗွေ သွားရလေသည့်
ဝေဿန္တရာ မင်းရာဇာအား
မခွာယှဉ်နွှဲ တောတောင်ထဲတွင်
သားရဲမမှု သစ်သီးစု၍
ယုယလုပ်ကျွေး သူများပေးလည်း
မနှေးသာကြည် လိုက်ပါမည်ဟု
ပါရမီပြုသည် မယ်မဒ္ဒီ။

သောတ္ထိသေန နူနာရ၍
တောဝမြိုင်မှာ သမ္ဘုလာက
ဖွေရှာသစ်သီး လုပ်ကျွေးပြီးသာ
နေထိုင်ပါစဉ် တာနောယက္ခ
သမ္ဘုလကို ပေါင်းရဖို့ရန်
ဇွတ်ပင်ကြံလည်း ဖောက်ပြန်မရှိ
ထိုသည့်ဖြစ်အင် သစ္စာဆင်ရာ
လင်မှာ ရောဂါ ကွာသတည်း။

ထို့ကြောင့်ခေါ် ကြ တော်လေးဝအား
တုပစေလို ပျို၊ အအိုတို့
ကြည်ညိုစေရာ ကိုယ့်ဘာသာနှင့်
ကြင်နာမခြား တိုင်းရင်းသားသာ
ချစ်ခင်ပါဟု စာဆိုပြုသည်
ယခုမကြာ လိုက်နာပါ။ ။


စာရေးသူ၏ အကြံပြုချက်

ကျွန်တော်၏ ဓမ္မမိတ်ဆွေများထဲမှ မြန်မာအမျိုးသ္မီးများ နှင့်အတူ သူငယ်ချင်းများပါ တော်လေးဝ ဝင်သော မိန်းမမြတ်များ အကြောင်းကို သိရှိနိုင်ကြပါစေ..ကျွန်တော်၏ ညီမငယ်များ၊ အစ်မများပါ တော်လေးဝ ဝင်သော မိန်းမမြတ်များ ဖြစ်နိုင်ကြစေရန် ရည်ရွယ်လျက်...

အပြည့်အစုံသို့...

ကောင်းမှုမှန်လျှင် မြန်မြန်လုပ်

အဘိတ္ထရေထ ကလျာဏေ၊
ပါပါစိတ္တံ နိဝါရယေ။
ဒန္ဓံဟိကရောတော ပုညံ၊
ပါပသ္မိံ ရမတိမနော။

ပုညံ = ကုသိုလ် ကောင်းမှုကို၊ ဒန္ဓံ = နုံ့နုံ့နှေးနှေး၊ ကရောတော = ပြုတတ်သော သူ၏၊ မနော = စိတ်သည်၊ ပါပသ္မိံ= မကောင်းမှု၌၊ ဟိယသ္မာ = အကြင်ကြောင့်၊ ရမတိ = မွေ့ လျော်၏၊ တသ္မာ = ထို့ကြောင့်၊ ကလျာဏေ = ကုသိုလ် ကောင်းမှု တို့ကို၊ အဘိတ္ထရေထ = လျင်မြန်စောစွာ ပြုလုပ် ရာ၏၊ ပါပါ = မကောင်းမှုမှ၊ စိတ္တံ = စိတ်ကို၊ နိဝါရယေ = တားမြစ် ရာ၏။

စိတ်သည် ကောင်းမှု ပြုသည်၌ နှောင့်နှေး၍ မကောင်းမှု၌ မွေ့လျော် တတ်၏။ ထို့ကြောင့် ကောင်းမှုတို့ ကို အဆော တလျင် ပြု၍၊ မကောင်းမှုမှ စိတ်ကို တားမြစ်ရာ၏။

မူလ ဂါထာ မှာပါတဲ့ " ပါပသ္မိံ ရမတိ မနော " ဆိုတဲ့ ပါဠိကို အများအားဖြင့် ကြားဖူးနားဝ ရှိနေကြပါတယ်။ အဓိပ္ပာယ်လည်း သိနေကြပါတယ်။ စိတ်ဆိုတာ မကောင်းတဲ့ နေရာမှာ မွေ့လျော် တယ်ပေါ့။ အဲဒါကို တစ်ခုပဲကွက်ယူ လို့တော့ မြတ်စွာဘုရား သခင်၏ အလိုတော်ကို လူငယ်အများ အဖို့ ရိပ်မိ နိုင်ကြ စရာမရှိဘူး။ စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်စမြဲပဲ လေလို့ ထုံးစံ တစ်ခုလို နိယာမ တရားလို မှတ်ယူ လက်ခံသွား မှာ စိုးရတယ်။ ဂါထာ အပြည့်အစုံကို ဆင်ခြင်မှသာလျှင် ဘုရားသခင်၏ အလိုတော်ကို သိရှိ သုံးဆောင်နိုင်ကြလိမ့်မည်ပင်။

စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်တတ်တာကြောင့် ကုသိုလ်ကောင်းမှု လုပ်မည်ကြံလျှင် မြန်မြန်သာလုပ်လိုက်ပါ။ နည်းနည်းလေး နှောင့်နှေးနေရင် မကောင်းမှုမှာ မွေ့ လျော်တဲ့စိတ်က ကောင်းမှုကုသိုလ်ကို မလုပ်ဖြစ်အောင် နှောင့်ယှက်ပါလိမ့်မယ်။ အဲဒီ စိတ်ကို နိုင်အောင် တားမြစ်ပါတဲ့ အဲဒီလိုအားလုံးကို ခြုံယူမှ ယထာဘူတကျပါလိမ့်မည်။

စိတ်ဆိုတာ နွားပေနွားကတ်နှင့်တူတယ်။ အဲဒီနွားကို လှည်းအဆွဲခိုင်းတဲ့အခါ ဖြောင့်ဖြောင့်တန်းတန်း မဆွဲချင်ဘဲ လမ်းမှဖဲ့၍ သွားချင်သွားတတ်ကြတယ်။ အဲဒါကို သူ့အတိုင်းလွှတ်ထားလို့တော့ ကိုယ်လိုရာ ခရီးမရောက်ဘဲ ဒုက္ခသာ ရောက်စရာရှိတယ်။ လှည်းလမ်းမှ သွေဖည်ပြီးတော့ ချိုင့်ထဲကျင်းထဲ ဆွဲချင်လည်း ဆွဲသွားလိမ့်မည်။ ကမ်းပါးချောက်ပါးသို့လည်း ဆွဲချင်ဆွဲသွားလိမ့်မည်။ ဒါကို မောင်းတဲ့သူက နဖားကြိုးနဲ့ ထိန်းပြီးမောင်းမှ ခရီးရောက်ပေလိမ့်မည် အမှန်ပင်။

သဘောကတော့ စိတ်ကို စိတ်နဲ့ပဲ ပြန်ပြီး ထိန်းကျောင်းပြုပြင်ရမှာ ဖြစ်တယ်။

ဤနေရာတွင် အဘိဓဇမဟာရဌဂုရု မစိုးရိမ်ဆရာတော်ဘုရားကြီး၏ သြဝါဒတစ်ခုကို သတိရလိုက်မိသည်။

“ တစ်ခါတလေ - ကိုယ့်စိတ်ကို (ခွ) လုပ်ပေးရတယ်ကွယ့်၊ (ဆန့်ကျင်ရမည်)၊ ဘယ်လိုလဲဆိုရင် ဘုရားရှိခိုးချိန်မှာ အပျင်းထူပြီး တောင်တောင်ဤဤ ဆင်ခြေတွေနဲ့ ပေကတ်ကတ် လုပ်နေချင်တယ်၊ ရှိမခိုးချင်ဘူး၊ အဲဒီ ရှိမခိုးချင်တဲ့စိတ်ကို အရွဲ့  တိုက်ပြီးတော့ ရှိခိုးဖြစ်အောင် ရှိခိုးပြစ်လိုက်ရတယ်၊ သင်းကို အရှုံးမပေးလိုက်ရဘူး၊ သူမလုပ်ချင်ပါဘူး ဆိုတာကို ဇွတ်လုပ်ပစ်ရတယ်၊ သို့ကလို အလားတူကောင်းမှုကုသိုလ်တစ်ခုခုမှာ သူက မလုပ်ချင်ပြန်ဘူး၊ ဆင်ခြေအမျိုးမျိုးတွေနဲ့ ကန့်ကွက်ဖင့်နွဲ့ နေပြန်ရော၊ အဲဒီအခါကျတော့လဲ ‘ ကဲ - နင်မလုပ်ချင်ပေမယ့် ငါလုပ်လိုက်တယ် ‘ လို့ ကိုယ်ကဇွတ်လုပ်ပစ်ရတယ်၊ မကောင်းမှုအကုသိုလ်အမှုကျတော့ သူက သိပ်လုပ်ချင်တယ်၊ လုပ်တော့မယ် လုပ်တော့မယ်လို့ တကဲကဲ ခဏခဏ ဖြစ်တယ်၊ အဲ့ဒါကို ကိုယ်က ‘ နင်လုပ်ချင်ပေမယ့် ငါမလုပ်ဘူးဟဲ့ ‘ လို့ (ခွ) တိုက်ပေးရတယ်၊ အဲဒီတော့ သူအရှုံးပေးသွားရတာပေါ့၊ ကိုယ့်မှာလည်း အကုသိုလ်မဖြစ်လိုက်တော့ဘူး “ - ဟူ၍ မိန့်တော်မူထားသည်။

ဆရာတော်ကြီး၏ စကားမှာ ပို၍ ရှင်းသည်၊ ပို၍ သဘောပေါက်သည်၊ ပို၍ နားလည်နိုင်စရာရှိသည်။ ထို့အတွက် ကြည်ညိုမိပါသည်။

မိဘဘိုးဘွားများက ပြောသော စကားတစ်ခုရှိပါသေးသည်။ လူတိုင်းမှာ ကိုယ်စောင့်နတ် တစ်ဆယ့်နှစ်ပါး ရှိတယ်တဲ့။ မကောင်းသောနတ်က ခြောက်ပါး၊ ကောင်းသောနတ်က ခြောက်ပါးတဲ့။ မကောင်းသော နတ်ခြောက်ပါးက မကောင်းမှုတွေကို သွေးဆောင်နှိုးဆော်လေ့ ရှိတယ်တဲ့။ ကောင်းတဲ့နတ်ခြောက်ပါးက မကောင်းမှုတွေကို ဟန့်တားပြီးတော့ ကောင်းတဲ့ကုသိုလ်တွေဖြစ်အောင် တိုက်တွန်းပေးတယ်တဲ့။

အဲသည်နေရာမှာ မကောင်းတဲ့ နတ်ခြောက်ပါးဆိုတာက မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ အာယတနခြောက်ပါးကို အမှီပြုပြီး မကောင်းမှုဖြစ်အောင် တိုက်တွန်းတဲ့ နတ်ခြောက်ပါးကို ပြောတာ - ဟုဆိုလိုကြပါသည်။

ကောင်းတဲ့ နတ်ခြောက်ပါးက အဲသည် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ကို အမှီပြုပြီးတော့ ကောင်းမှု ကုသိုလ်ဖြစ်အောင် နှိုးဆော်တဲ့ နတ်ခြောက်ပါးကို ပြောစမှတ် ရှိကြသည်။ အဲဒီမှာ မကောင်းတာ လုပ်မယ်ကြံရင် ကောင်းတဲ့နတ်က ဖျက်တယ်တဲ့။ အဲဒီအခါမှာ မိမိကိုယ်တိုင်က ကောင်းမှုကို လုပ်ဖြစ်အောင် ကောင်းတဲ့ နတ်ခြောက်ပါးဖက်က (စစ်ကူ) ပေးရသတဲ့၊ အဲသည်စကားဟာ ကလေးများ လိမ္မာစေနိုင်တဲ့ ပညာပေးပုံပြင် တစ်ခုဖြစ်နိုင်ပါလိမ့်မယ်။ ဆရာတော် ဦးသြဘာသာဘိဝံသ၏ သရုပ်ပြအဘိဓာန်၌ ကိုယ်စောင့်နတ် ဆယ့်နှစ်ပါး - ဟူ၍ ဤသို့ပါရှိပါသည်။


(၁) သတ္တဘာဂနတ် = နဖူးစာကို ရေးမှတ်တတ်သည်။
(၂) သူရဿတီနတ် = ပညာကို ပွားစေတတ်သည်။
(၃) သကျနတ် = စည်းစိမ်ဥစ္စာကို ပေးစေတတ်သည်။
(၄) မဟိရာဇာနတ် = အိပ်မက်ကို ပေးစေတတ်သည်။
(၅) ဝါမသူရနတ် = နိမိတ်ကို ပေးစေတတ်သည်။
(၆) ဇနသူရနတ် = အလှူပေးသည်ကို ပေးစေတတ်သည်။
(၇) ကရဝါနတ် = ကာမသုခကို ပေးစေတတ်သည်။
(၈) ယောတိကနတ် = သွားလိုရာလိုက်၍ စောင်မတတ်သည်။
(၉) ကလျာဏမိတ္တနတ် = ကောင်းသောစကားကို မှတ်သားတတ်သည်။
(၁၀) စန္ဒာဒေဝီနတ် = ကျက်သရေကို စောင့်တတ်သည်။
(၁၁) နရိန္ဒာ ဒေဝီနတ် = အိပ်သောအခါ ဦးခေါင်းရင်းက စောင့်ရှောက်တတ်သည်။
(၁၂) ကာလကဏ္ဏီနတ် = ယုတ်မာသော ကံသုံးပါးကို အားပေးတတ်သည်။

(ရှေးဟောင်း ပုရာဏ်ဟိန္ဒူကျမ်းများ၏ အဆိုအမိန့်ဖြစ်ဟန်တူပါသည်။)

ဓမ္မပဒ ဝတ္ထုမှာကြည့်လျှင် လင်မယား နှစ်ယောက်ပေါင်းမှ အပေါ်ရုံအဝတ် တစ်ထည်တည်းသာရှိတဲ့ ဧကသာဋက ဇနီးမောင်နှံ တို့ရဲ့  အကြောင်းကို တွေ့ ရ ပေလိမ့်မည်။

ဧကသာဋကဆိုတဲ့ ပါဠိကိုက တစ်ထည်တည်းသော အပေါ် ရုံပုဆိုးလို့ အဓိပ္ပာယ်ရပါသည်။

အနောက် မဇ္ဈိမတိုင်းသား ပုဏ္ဏားလူမျိုးတို့ ဆိုတော့ သူတို့ရဲ့ အင်္ကျီများအပေါ်မှာ ထပ်၍ လွှမ်းခြုံစရာ အပေါ်ရုံပုဆိုးကို အသုံးပြုလေ့ ရှိကြတယ်။ ထသွားထလာ လူထဲသူထဲ သွားတဲ့အခါမှ သုံးတဲ့ သားသားနားနား အဖိုးထိုက် အဖိုးတန် ပစ္စည်းတစ်ခုပေါ့။ အဲဒါကလည်း တစ်ထည်တည်းရှိတယ်။ ဒါ့ကြောင့် ဧကသာဋကပုဏ္ဏားလင်မယားလို့ အမည်တွင်တယ်။ အလှူအတန်း ပွဲနေပွဲထိုင် သွားရမည်ဆိုလျှင် လင်ဖြစ်သူက သွားလျှင် မယားက အိမ်မှာနေခဲ့ရတယ်။ မယားဖြစ်သူက သွားရမည့်ပွဲမျိုးဆိုလျှင် လင်ဖြစ်သူက အိမ်မှာ နေခဲ့ရတယ်။ တစ်ယောက်တလဲစီသာ ဝတ်နိုင်ကြတယ်ပေါ့လေ။

သူတို့လင်မယားဟာ ပစ္စည်း မချမ်းသာပေမယ့် ရတနာသုံးပါးကို သဒ္ဓါမြတ်နိုးတဲ့ စိတ်ကောင်း စိတ်မြတ် ရှိကြပါတယ်။ သို့ပေမယ့် ဇေတဝန်ကျောင်းတော်ကို ဘုရားဖူးရအောင် တရားတော်နာရအောင် သွားကြရမယ့် ကိစ္စာမှာတော့ လင်စုံမယားဖက် အတူတကွ မသွားနိုင်ကြရှာပါဘူး။ လူတောတိုးစရာ အဝတ်က တစ်ထည်တည်း ရှိတာဆိုတော့ပေါ့လေ။

ဒီတော့ ဘယ်လိုလုပ်ကြမလဲ၊ လူမြင်သူမြင် နေ့လယ်နေ့ခင်းမှာ မယားဖြစ်သူက ဇေတဝန်ကျောင်းတော်ကို သွားရပါတယ်။ မိန်းမသားဆိုတော့ မိမိဆင်ယင်ထားတဲ့ အဝတ်အထည် လှလှလေးကို သူများက မြင်စေချင်သေးတယ်ပေါ့။ မယားဖြစ်သူက ပြန်လာလို့ ညဦးပိုင်း ရောက်ခါမှ လင်ဖြစ်သူက ကျောင်းတော်ကိုသွားပြီး တရားနာရပါတယ်။ တစ်နေ့သော ညဦးပိုင်းမှာ ပုဏ္ဏားကြီးက အပေါ်ရုံပုဆိုးကို ခြုံ၍ ဇေတဝန်ကျောင်းမှာ ဗုဒ္ဓ၏ တရားတော်ကို နာယူနေပါတယ်။ အဲသလို တရားတော်ကို နာနေရင်းက မြတ်စွာဘုရားကို ပီတိငါးဖြာဖြင့် ကြည်ညိုလာပါတယ်။ ပီတိဆိုတာ နှစ်သက်ခြင်းကို ခေါ်ပါတယ်။ ငါးပါးအပြားရှိတယ်။

၁။ ခုဒ္ဒကာပီတိ = ကြက်သီးမွေးညင်းထလာသော နှစ်သက်ခြင်းမျိုး၊
၂။ ခဏိကာပီတိ = လျှပ်စီးပြက်သကဲ့သို့ ရွှင်ပျနှစ်သက်ခြင်းမျိုး၊
၃။ သြက္ကန္တိကပီတိ = လှိုင်းထသလို ခံစားရသောနှစ်သက်ခြင်းမျိုး၊
၎။ ဥဗ္ဗေဂါပီတိ = တစ်ကိုယ်လုံး ကြွတက်သွားတော့မတတ် နှစ်သက်ခြင်းမျိုး၊
၅။ ဖရဏာပီတိ = တစ်ကိုယ်လုံး ဂွမ်းဆီထိသကဲ့သို့ အိမ့်သွားသောနှစ်သက်ခြင်းမျိုး၊

အဲသည်လို ပီတိငါးမျိုးနှင့် ကြည်ညိုလွန်းရှာလို့ မိမိအပေါ်ရုံပုဆိုးကို သင်္ကန်းလျာ အဖြစ် လှူဒါန်းလိုတဲ့ စိတ်များ တဖွားဖွားပေါ်နေပါတယ်။ အဲဒီလို ပေါ်နေကြားကပဲ -

“ တို့လင်မယားမှာ ဒီပုဆိုး တစ်ထည်တည်းသာ ရှိတယ်၊ ယခုသော်မှ တစ်ယောက်သွားရင် တစ်ယောက အိမ်မှာ နေရစ်ခဲ့ရတယ်၊ ဗုဒ္ဓသခင်အား လှူဒါန်းလိုက်ရင် တို့လင်မယား နှစ်ယောက်စလုံး မြို့ ထဲကို ဘယ်သူမှ ထွက်လာနိုင်တော့မယ် မဟုတ်ဘူး၊ လှူလို့ မဖြစ်သေးပါဘူးလေ “ လို့ စဉ်းစားပြီး တွန့်တိုနေမိပြန်တယ်။

ဗုဒ္ဓကိုယ်တော်မြတ်က တရားဟောတော်မူလျက်ရှိတယ်။ ပုဏ္ဏားကြီးကလည်း တရားနာလျက်ပဲရှိတယ်။ လှူဒါန်းချင်တဲ့စိတ်က ထပ်ဆင့်ပေါ်ပေါက်လာပြန်တယ်။ လှူလို့ မဖြစ်သေးပါဘူးလေ ဆိုတဲ့စိတ်ကလည်း ဟန့်တားနေပြန်တယ်။

လှူလိုတဲ့စိတ်က သဒ္ဓါတရား၊
မလှူလိုတဲ့စိတ်က မစ္ဆေရတရား၊

ရတနာသုံးပါးကို ယုံကြည်သောစိတ်နှင့် ရက်ရောစွာ လှူဒါန်းလိုတာက ကုသိုလ်တရား၊ မလှူဖြစ်အောင် တွန့်တိုဖျက်ဆီးနေတာက အကုသိုလ်တရား။

ပုဏ္ဏားကြီးရဲ့  နာမ်ခန္ဓာမှာ သဒ္ဓါစိတ်နှင့် မစ္ဆေရစိတ် အကြိတ်အနယ် တိုက်ပွဲဝင်နေကြတယ်။ လူကသာ ရိုရိုသေသေ တရားနာနေရသော်လည်း သူ့စိတ်ထဲမှာတော့ သဒ္ဓါစိတ်နှင့် မစ္ဆေရစိတ် တို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတဲ့အတွက် ပင်ပန်းရနေရတယ်၊ ချွေးသီးချွေးပေါက်များပင် စို့ထွက်လာကြတယ်။ ညဥ့်ဦးယံ ကုန်ဆုံးလို့ သန်းခေါင်ယံ ရောက်ခဲ့ရပါပြီ။ စစ်ပွဲက မပြီးသေးပါဘူး။ ဘယ်သူ့ကိုမှလည်း ဘယ်သူက မနိုင်ကြသေးပါဘူး။ မိမိကိုယ်တိုင် ဒီအဝတ်ပုဆိုးဖြင့် အိမ်ထဲမှ မထွက်ရတာထက် မိမိ၏ ဇနီး ပုဏ္ဏေးမ ခမျာ လှလှပပ ဝတ်ဆင်ပြီး အိမ်ထဲမှ မထွက်ရမှာကို ပူပင်ကြောင့်ကြနေမိတယ်။ ဒီလိုနဲ့ မိုးသောက်ယံသာ ရောက်လာပါရော၊ စစ်ပွဲက မပြီးတဲ့အပြင် ကြီးသည်ထက် ကြီးနေတော့တယ်။ နာမ်ခန္ဓာ စစ်ပွဲတို့ရဲ့ စစ်မြေပြင် ဖြစ်နေရတဲ့ ရုပ်ခန္ဓာကြီးမှာလည်း ပင်ပန်းလှပြီ၊ ဆင်းရဲလှပြီတကား။

အရှေ့လောကဓာတ်မှ အရုဏ်က အမိုက်တိုက်များကို ဖောက်ထွင်း၍ ပီပီပြင်ပြင် လင်းရောင်ခြည် သန်းလာခဲ့ပြီး အရုဏ်လင်းရောင်ခြည် နှင့်အတူ ပုဏ္ဏားကြီး၏ စိတ်မှာလည်း လင်းရောင်ခြည် ထွက်လာခဲ့သည်။

ငါဒီအဝတ်ပုဆိုးကို ဘာဖြစ်လို့ နှမြောတွန့်တိုနေရတာလဲ၊ ငါတွန့်တိုနေတာဟာ အဝတ်ပုဆိုးကို နှမြောလို့ မဟုတ်ပါဘူး၊ ငါ့မယား ပုဏ္ဏေးမ လှလှပပ မဝတ်ရမှာ ဆိုးတဲ့ စိတ်ကြောင့်ပါ။

အဲဒီအဝတ်ပုဆိုးကို မဝတ်ရလို့ ငါ့မယားကို လူတကာက အရုပ်ဆိုးသွားပြီလို့ ပြောကြမလား၊ ပြောကြပါစေပေါ့။ ဒီအဝတ်ပုဆိုးကို မဝတ်ရလို့ ပုဏ္ဏေးမက ငါ့ကို ငြိုငြင်ပြီး အပြစ်တင်မလား၊ တင်ပါစေပေါ့။ ဒီပုဆိုးကို မဝတ်ရလို့ သူသေသွားမလား၊ မသေပါဘူး။

ငါ့မှာကော ဒီပုဆိုးမတင်လွှမ်းရလို့ မြို့ထဲမထွက်နိုင်ဘူးလား၊ ထွက်နိုင်သားပဲ။ တရားနာမလာနိုင်ဘူးလား၊ လာနိုင်သားပဲ။ ဒါဖြင့် ငါ့မယားအတွက်ရော ငါ့အတွက်ရော ဒီပုဆိုးနဲ့ ပတ်သတ်ပြီး သံယောဇဉ်ပြတ်ပြီပေါ့၊ သံယောဇဉ် ပြတ်ရင် တဏှာပြတ်ပြီပေါ့၊ တဏှာပြတ်ရင် လောဘမဖြစ်တော့ဘူးပေါ့။ လောဘမဖြစ်ရင် အလောဘပေါ့။ အလောဘဆိုရင် စွန့်နိုင်သော စာဂပေါ့။ စာဂကို သဒ္ဓါနဲ့တွဲရင် မစ္ဆေရဟာ ဘာခံနိုင်မှာလဲ။

သူကိုယ်တိုင် သဒ္ဓါစိတ်စစ်သည်တော်များဘက်က စစ်ကူပေး၍ ရွပ်ရွပ်ချွံချွံဝင်၍ တိုက်လိုက်တယ်။ အဲသည်တော့မှ မစ္ဆေရစစ်တပ်ဟာ ဖရိုဖရဲ ပြိုကွဲပြီး အလူးအလဲဖြင့် ထွက်ပြေးတော့တယ်။ အဲသည်လို နိုင်တဲ့အခိုက်မှာ တွန့်ဆုတ် နုံ့နှေးမနေတော့ဘဲ အပေါ်ရုံကို ကိုယ်ကခွာ၍ ဗုဒ္ဓဘဂဝါ၏ ခြေတော်ရင်းတွင် ဖြန့်ခင်းလိုက်တယ်။

“ တပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် ဤပုဆိုးကို အလှူခံတော်မူပါဘုရား “

မြတ်စွာဘုရားက ဆိတ်ဆိတ်နေတော်မူခြင်းအားဖြင့် လက်ခံတော်မူသည်။ အဲဒီ နောက်မှာတော့ မုနိငါးပါးကို အစိုးရတော်မူတဲ့ မုနိန္ဒာဘိပဝရအတုလမုနိ မြတ်စွာဘုရားသခင်သည် ဗုဒ္ဓကိစ္စပြုတော်မူရန်အလို့ငှာ မဟာဂန္ဓကုဋိတိုက်တွင်းသို့ ကြွဝင်စံမြန်းတော်မူပါတယ်။ တရားပွဲပြီးဆုံးသည်ဖြစ်လို့ ဧကသာဋကပုဏ္ဏားလည်း ရွှင်လန်းသောစိတ်ဖြင့် ကျောင်းတော်ကြီး၏ အပြင်ဘက်သို့ ထွက်လာခဲ့တယ်။

ဗုဒ္ဓ၏ ပရိသတ်လေးပါးနှင့် ကင်းတဲ့နေရာရောက်တော့ အလှူဒါနကြီးပြီးမြောက်အောင် ကျားကုတ်တရ တိုက်ယူခဲ့ရသည့် သဒ္ဓါ - မစ္ဆေရစစ်ပွဲကြီးမှာ အောင်နိုင်သူပီပီ ဝမ်းသာလွန်းလို့ လက်ရုံးဆန့်တန်းကာ ‘ဇိတံမေ, ဇိတံမေ, ဇိတံမေ ‘ – “ ငါအောင်ပြီ - ငါအောင်ပြီ - ငါအောင်ပြီ ” လို့ သုံးခွန်း သုံးဆင့် လွတ်လွတ်လပ်လပ် ကြွေးကြော်လိုက်မိတယ်။ ဒီအချိန်မှာ ဘယ်အခါက ရောက်လာသည်မသိသော ကောသလမင်းကြီးက ပုဏ္ဏားရဲ့ အောင်ပြီဆိုတဲ့ ကြုံးဝါးသံကို အထိတ်တလန့် ကြားလိုက်ရတယ်။ အဲဒီနောက်မှာ ဘုရင်ကြီးဟာ ကြွေးကြော်တဲ့သူကို အလျင်အမြန်ခေါ် ပြီးတော့ ဘာ့ကြောင့်ဒီလို အော်ဟစ်ကြွေးကြော် ရတာလဲ ဆိုပြီး စစ်ဆေးတော့တယ်။

ဧကသာဋကပုဏ္ဏားက သူ့ရဲ့ သဒ္ဓါတရားစစ်ပွဲမှာ အောင်လို့အော်ရပါကြောင်း သံတော်ဦးတင်လိုက်တယ်။ အဖြစ်အပျက်အားလုံးကိုလည်း အစစ်ခံလိုက်တယ်။ ဒီတော့မှ တစ်ထည်တည်းသာရှိတဲ့ ပုဆိုးကို ရက်ရက်ရောရော လှူဒါန်းတဲ့ ပုဏ္ဏားအား ချီးမွမ်းထောမနာ ပြုတော်မူတယ်။ သာဓုခေါ်တော်မူတယ်။ ဧကသာဋကပုဏ္ဏားလင်မယားမှာ ပုဆိုးတစ်ထည်တည်းသာ ရှိတယ်ဆိုတာကတော့ တိုင်းသိပြည်ကျော် ဖြစ်နေတယ် မဟုတ်လား။ ဒီတော့ ကောသလဘုရင်ကြီးက ငါ့ထက် မခေါက်မရက် စွန်းစားနိုင်ပါပေတကားလို့ ချက်ချင်းပဲ ပုဆိုးတစ်ထည်ကို အစားပေးတယ်။ ပုဏ္ဏားက အဲဒီပုဆိုးကို ဗုဒ္ဓအား ရည်စူးလှူပါတယ်လို့ သွားလှူလိုက်ပါတယ်။ ဘုရင်ကြီးက နောက်ထပ် နှစ်ထည်ပေးပါတယ်။ အဲဒါကိုလည်း ပုဏ္ဏားက ဘုရားကိုပဲ သွားလှူလိုက်ပါတယ်။ အဲသည်လိုနည်းနဲ့ ဘုရင်ကြီးက လေးထည်ပေးလိုက် ပုဏ္ဏားကြီးက သွားလှူလိုက်၊ ဘုရင်ကြီးက နှစ်ဆတိုးပြီး ရှစ်ထည်ပေးလိုက်၊ ပုဏ္ဏားက သွားလှူလိုက်၊ ဘုရင်ကြီးက တစ်ဆယ့်ခြောက်ထည် ပေးလိုက်၊ ပုဏ္ဏားက သွားလှူလိုက်နဲ့ပေါ့။ အဲသည်နောက် ဘုရင်ကြီးက နှစ်ဆတိုးပြီး သုံးဆယ့်နှစ်ထည် ပေးပြန်ရော။ ဒီအခါကျမှ ပုဏ္ဏားကြီးက တွေးမိတယ်။ အင်း ‘ ငါ တစ်စုံတစ်ခုမှ လက်မခံဘဲ ပေးသမျှကိုသာ လှူနေရင် တချို့လူတွေက နှစ်ဆ တိုးရလို့ တိုးသည်ထက် တိုးရအောင် ဉာဏ်ဆင်နေတာပါကွာ ‘ လို့ ပြောနိုင်စရာရှိတဲ့အကြောင်း စဉ်းစားလိုက်မိတယ်။

ဒီလိုလှူတဲ့ ဧကသာဋကပုဏ္ဏားကြီးရဲ့ အတိတ်ကို ဆန်းစစ်ကြည့်မယ်ဆိုရင် သူ့ သဒ္ဓါတရားတွေ ဆင့်ကဲဆင့်ကဲ ပေါ်လာနိုင်တဲ့ စိတ်အစဉ်ကို သိနိုင်ကြပါလိမ့်မယ်။

တစ်ထည်တည်းရှိတုန်းကသော်မှ လှူရက်သေးတာပဲ၊ အဲသည်လို လှူတုန်းကလည်း နောက်ထပ် အစားရလိမ့်မယ်လို့ မျှော်လင့်ခဲ့တာမဟုတ်ဘူးလေ။ သူ့သဒ္ဓါတရားအပေါ်မှာ အရင်းတည်ပြီး ရခဲ့တဲ့ ပုဆိုးတွေကို လှူလိုက်ရမှာကတော့ ဘယ်နှမြောတွန့်တိုနေတော့မလဲ။ ရသမျှဟာ အမြတ်ချည်းပေါ့။ စစ်ကိုနိုင်စရှိတဲ့သူဟာ နယ်ချဲ့ လာနိုင်တဲ့နည်းတူ သူ့သဒ္ဓါတရားကလည်း နယ်ချဲ့လာနိုင်တော့တာပေါ့။ အဲဒီအခါမှာ မစ္ဆေရဆိုတဲ့ စိတ်က ခေါင်းတောင် မပြူဝံ့တော့ပါဘူး။ ဒါ့ကြောင့် ဘုရင်ကြီးပေးတဲ့ သုံးဆယ့်နှစ်ထည်အနက်က သူတို့လင်မယားအတွက် နှစ်ထည်သာ ယူပြီးတော့ ကျန်သမျှကို ဘုရားအားလှူပြန်တယ်။ (ဝိပဿီဘုရား လက်ထက်တော်က အဲသည် ဧကသာဋကပုဏ္ဏားဟာ ခြောက်ဆယ့်လေးထည်အထိ လှူဖူးသော ပါရမီရှင်ဖြစ်ပါတယ်။)

ကောသလမင်းကြီးက သူပေးသမျှ ဗုဒ္ဓကိုသာလှူနေတဲ့ ပုဏ္ဏားကို ကြည်ညိုသည်ထက် ကြည်ညိုလာတယ်။ ဒါ့ကြောင့် အဖိုးတစ်သိန်းစီထိုက်တဲ့ ကမ္ဗလာနှစ်ထည်ကို ဆုပေးပြန်တယ်။ ပုဏ္ဏားက ကမ္ဗလာတစ်ထည်ကို ဗုဒ္ဓရဲ့ ဂန္ဓကုဋိတိုက်အိပ်ရာနေရာတော် အထက်မှာ ဗိတာန်ဖွဲ့ကြက်ပြီးတော့ လှူလိုက်တယ်။ တစ်ထည်ကို သူ့အိမ်မှာ ဆွမ်းစားကြွတော်မူမည့် သံဃာနေရာတော်အထက်မှာ ဗိတာန်ဖွဲ့ကြက်ပြီးတော့ လှူပြန်တယ်။

တစ်နေ့မှာ ကောသလမင်းကြီးက ဘုရားကိုယ်တော်မြတ်ကို သွားရောက် ဖူးမြော်တော့ မိမိရဲ့ အဖိုး တစ်သိန်းတန် ကမ္ဗလာကို ဗိတာန်မျက်နှာကြက်ပြု၍ လှူထားကြောင်း တွေ့ရပြန်တယ်။ အဲသည်အခါမှာတော့ ကောသလမင်းကြီးက -

ဒီတစ်ခါဖြင့် ပုဏ္ဏားက ပြန်မလှူနိုင်မည့် ဆုမျိုးကိုပေးမှပဲဟု ဆုံးဖြတ်တော်မူပြီး ဆင်လေးစီး၊ မြင်းလေးစီး၊ ကညာလေးယောက်၊ ကျွန်မလေးယောက်၊ ယောက်ျားလေးယောက်၊ အသပြာလေးထောင်၊ ရွာလေးရွာတို့ကို ဆုပေးတော်မူတယ်။

အဲသည်လို လေးပါးစီ ခုနှစ်မျိုးတိုင်အောင် များပြားစွာပေးတဲ့အတွက် သဗ္ဗစတုက္ကအလှူလို့ ခေါ်တယ်။ ထိုပစ္စည်းများကိုတော့ ဗုဒ္ဓဘုရားသခင်က အလှူခံတော်မူခြင်းမရှိဘူးလေ။ ( ဗြဟ္မဇာလသုတ်တွင် ကြည့်ပါ။)

ဒီနေရာမှာ ဧကသာဋကပုဏ္ဏားနှင့် ကောသလမင်းကြီးတို့ သဒ္ဓါစစ်ပွဲတိုက်တယ်လို့ ဆိုရပါလိမ့်မယ်။ အဲသည်စစ်ပွဲမျိုးကတော့ အကုသိုလ်မဟုတ်နိုင်ဘူးလေ၊ ကောသလမင်းကြီးက ဧကသာဋက ပုဏ္ဏားကြီးအား ထိုကဲ့သို့ သဗ္ဗစတုက္ကဆုကြီးကို ပေးလိုက်တာကို သာဝတ္ထိတစ်ပြည်လုံး ဟိုးလေး တကျော်ကျော် ဖြစ်သွားတယ်။ ဇေတဝန်ကျောင်းတော်က ရဟန်းများမှာလည်း ဧကသာဋက ပုဏ္ဏားရဲ့ အကျိုးပေးပုံကို တအံ့တသြ ပြောနေကြရတယ်။ အဲသည်အခါမှာ မြတ်စွာဘုရား ကြွလာတော်မူပြီး ထိုစကားနှင့်စပ်၍ ရဟန်းတို့အား မိန့်ကြားတော်မူသည်။

“ ရဟန်းတို့၊ ဧကသာဋက ပုဏ္ဏားကြီးသည် အကယ်၍ ညဥ့်ပထမယံ၌ ပေးလှူဖြစ်လျှင် သဗ္ဗသောဠသက မည်သော တစ်ဆယ့်ခြောက်ခု အစုရှိသော ဆုကို ရပေရာ၏။ မဇ္ဈိမယံ၌ လှူနိုင်စွမ်းခဲ့အံ့၊ သဗ္ဗဌကမည်သော ရှစ်ခုအပေါင်း အစုရှိသော ဆုကို ရပေရာ၏။ ယခုကား ပစ္ဆိမယံ၌သာလျှင် လှူဒါန်းခဲ့သောကြောင့် သဗ္ဗစတုက္ကဆုကိုသာ ရလေ၏။

“ ချစ်သားတို့၊ ကောင်းမှု ကုသိုလ်ကံကို ပြုလုပ်လိုသည့် စိတ်ဖြစ်ပေါ်သော တစ်ခဏ၌ပင် ဆောလျင်စွာ ပြုလုပ်၏။ နှုန့်နှေး ကြန့်ကြာပြီးမှ ပြုလုပ်သော ကုသိုလ်သည် အကျိုးပေးနှုန်း နှေးတတ်၏ “ဟုမိန့်တော်မူပါတယ်။
ထိုဒေသနာတော်၏ အဆုံးမှာ ရှင်၊ လူတို့ သောတာပန် တည်ကြရတယ်။

“ ယောနိသောမနသိကာရ “ ဖြင့် စိတ်ကို စိတ်နှင့် (ခွ) တိုက်ရမည်ဟူသော မစိုးရိမ်ဆရာတော်ဘုရားကြီး၏ သြဝါဒအထူးကိုလည်း ပြန်၍ သတိရစေပါသည်။ ထိုမှတစ်ပါး မစ္ဆေရစိတ်သည် နည်းပရိယာယ် ဆင်ခြင်ဆင်လက် တည်းဟူသော စစ်သည်တော်တို့ဖြင့် မိမိ၏ သဒ္ဓါစိတ်ကို ဝိုင်းဝန်းနှောင့်ယှက် ဖျက်ဆီးတတ်ကြကြောင်း၊ ထိုအခါ သဒ္ဓါတရားကို အောင်မြင်ရန် မိမိ၏ ပညာတည်းဟူသော အင်အားဖြည့်စစ်ကူများ အရေးတကြီးလိုအပ်ကြောင်း ဝတ္ထု သာဓကတစ်ခုကို တွေးလိုက်မိပြန်ပါသည်။ ထိုဝတ္ထုမှာ အရှင်သီဝလိရဟန္တာမထေရ်နှင့် နှီးနွှယ်ဆက်စပ်နေပေသည်။ ရှင်သီဝလိမထေရ်ကား လာဘ်လာဘ ရလွယ်ခြင်းအရာ၌ ဧတဒဂ်ရ၍ ထင်ရှားသော ရဟန္တာတစ်ပါး ဖြစ်သည်။

ထိုရှင်သီဝလိ အလောင်းတော်သတို့သားကို မယ်တော်ဖြစ်သော သုပ္ပဝါသာကောလိယ အမျိုးနွယ် မင်းသမီးသည် ခုနစ်နှစ်တိုင်တိုင် ကိုယ်ဝန်ဆောင်ခဲ့ရ၍ ခုနစ်ရက်တိုင်တိုင် ဝေဒနာခံစားရပြီးမှ မွေးနိုင်ခဲ့လေသည်။ တစ်ခုသော အတိတ်ဘဝတွင် သားဖြစ်သော ဘုရင်အား ရန်သူ၏ မြို့ကို ခုနစ်ရက်တိုင်တိုင် ဝန်းရံဆို့ပိတ်၍ လုပ်ကြံတိုက်ခိုက်စေသော စစ်ဗျူဟာကို အကြံပေးမိသည့် အကုသိုလ်ဝိပါက်ကြောင့် ဖြစ်လေ၏။

မွေးဖွားလုဆဲဆဲ၌ ပြင်းပြသောဝေဒနာ ခံစားနေရသော်လည်း ရတနာသုံးပါး၏ ဂုဏ်ကို ယုံကြည် အောက်မေ့လျက် ခင်ပွန်းသည်ဖြစ်သော ကောလိယမင်းသားကို မြတ်စွာဘုရားထံ သွားရောက်၍ သနားကယ်မပါမည့် အကြောင်း ဆုတောင်း လျှောက်ထားစေသည်။ မြတ်စွာဘုရားသခင်က ‘ သုပ္ပဝါသာ မင်းသမီးသည် ချမ်းသာစွာ မွေးဖွားစေသတည်း ‘ ဟု ဆုပေးတော်မူလိုက်၏။ ထိုအချိန်မှာပင် သတို့သားအား ချမ်းသာစွာ မွေးဖွားရ၏။ ကောလိယမင်းသား ပြန်ရောက်သောအခါ -

“ အရှင်မင်းသား၊ ရတနာသုံးပါး၏ ဂုဏ်ကား ကြီးမားလှပေစွ။ ဗုဒ္ဓအား တမ်းတလိုက်ချိန်မှာပင် ဤသတို့သားငယ်ကို ချမ်းသာစွာ မွေးဖွားရပါ၏။ ထို့ကြောင့် သားငယ် ခုနစ်ရက်မြောက်သော နေ့တွင် ဗုဒ္ဓကိုယ်တော်ကို အမှူးပြု၍ သံဃာတော်အား ခုနစ်ရက်နှင်နှင် နေ့စဉ်ရက်ဆက် ဆွမ်းလုပ်ကျွေးလိုပါသည်။ ပင့်လျှောက်ချေပါဦး “ ဟု ဘုရားထံသို့ ပြန်လွှတ်လိုက်ပြန်သည်။

ကောလိယမင်းသားသည် သုပ္ပဝါသာ၏ အလိုအတိုင်း မြတ်စွာဘုရားထံ သွားရောက် လျှောက်ထားလေသည်။ သုပ္ပဝါသာမင်းသမီး၏ ဖိတ်မန်လျှောက်ထားသော ခုနစ်ရက်အတွင်းမှ နေ့တစ်နေ့သည် ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်က သူ၏ ဒါယကာ သူဌေးတစ်ဦး၏ အိမ်သို့ ဆွမ်းစားကြွရန် လျှောက်ထားနှင့်ပြီး ဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားက အရှင်မဟာမောဂ္ဂလာန်အား သူ၏ ဒါယကာသူဌေးဆွမ်းရက်ကို ပြောင်းလွှဲ ကပ်လှူရန် အသိပေးပါချေဟု စေလွှတ်တော်မူ၏။ အရှင်မဟာမောဂ္ဂလာန်သည် သူဌေးထံသို့သွားကာ မူလရည်မှန်းသော ရက်အစား နောက်တစ်ရက်ရက်တွင် ကပ်လှူရန် တိုက်တွန်းရသည်။ ထိုတွင် သူဌေးကြီးက ဆို၏။

“ အရှင်ဘုရား - ထိုနေ့ရက်ကို မှတ်သား၍ လှူဖွယ်ကိစ္စအလုံးစုံ စီစဉ်ထားပြီး ဖြစ်ပါသည်။ မပြောင်းမလဲ ပါရစေနှင့် “ ဟုဆို၏။ အရှင်မဟာမောဂ္ဂလာန်က ပြောင်းလဲပေးရန် တိုက်တွန်းတော်မူ၏။ ထိုအခါ သူဌေးက -

“ အရှင်ဘုရား - အလုံးစုံသည် မမြဲဟု အရှင်ဘုရားတို့ဆိုပါ၏။ အကယ်၍ ထိုထို ကာလအတွင်း တပည့်တော် စည်းစိမ်ဥစ္စာများ ဆုံးပါးပျက်စီးသွားသည် ရှိသော် ဘုရားရှင်အား ဆွမ်းမကပ်လှူလိုက်ရ ဖြစ်ပါလိမ့်မည် ဘုရား “ - ဟု လျှောက်၏။ တန်ခိုး အဘိညာဉ်အရာ၌ ဧတဒဂ်ရတော်မူထားသော အရှင်မဟာမောဂ္ဂလာန်သည် အနာဂတံသ အဘိညာဉ်ဖြင့် ဆင်ခြင်တော်မူပြီးလျှင် -

“ သူဌေးကြီး၊ သင်၏ စည်းစိမ်ချမ်းသာတို့သည် တစ်ဆယ့်နှစ်နှစ်ကာလပတ်လုံး ဆုတ်ယုတ်မည်မဟုတ်၊ တိုးပွားသည်ထက်သာ တိုးပွားလာမည် “ - ဟု အာမ ခံတော်မူရသည်။ ထိုသူဌေးက တစ်ဆင့်တက်ပြန်၍ -

“ အရှင်ဘုရား၊ ပစ္စည်းက လူကို စွန့်သည်လည်းရှိပါ၏။ လူက ပစ္စည်းကို စွန့်သည်လည်း ရှိပါ၏။ ကွေးသောလက်သည် မဆန့်မီ၊ ဆန့်သောလက်သည် မကွေးမီ သေခြင်းတရားကား မြန်လှပါဘိ၏။ အကယ်၍ ထိုရက်အတွင်း တပည့်တော် သေလွန်သွားသည်ရှိသော် ဗုဒ္ဓမြတ်စွာအား ဆွမ်းမကပ်ရဘဲ ရှိချေတော့မည် “ - ဟု စောဒက တက်ပြန်၏။

ထိုအခါတွင်လည်း ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် အနာဂတံသ အဘိညာဉ်၌ ဝင်စားပြီးလျှင် -

“ မစိုးရိမ်လင့် ဒကာသူဌေးကြီး၊ အသင်၏ အသက်ဇီဝသည်လည်း တစ်ဆယ့်နှစ်နှစ်ကာလအတွင်း အနာရောဂါမျှ မရှိ “ - ဟု အာမ ခံလိုက်ရပြန်ပါသည်။

ထိုအခါ သူဌေးကြီးက ထပ်တွန့် ဆင်ခြေတက်လာပြန်လေ၏။ “ တန်ခိုး အဘိညာဉ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ဘုရား၊ တပည့်တော်၏ စည်းစိမ်ချမ်းသာ တို့သည်လည်း မပျက်မစီးသေး၊ တပည့်တော်၏ အသက်ဇီဝသည်လည်း မသေဆုံးသေးဟူသော အရှင်မြတ်စကားကို အလေးအနက်ယုံကြည်ပါ၏။ သို့သော် ပစ္စည်းနှင့် အသက် မပျက်စီးသေးပါဘဲလျက် ရတနာသုံးပါး၏ ဂုဏ်ကို ယုံကြည်သောစိတ်၊ ကံကံ၏ အကျိုးကို ယုံကြည်သောစိတ်တည်း ဟူသော သဒ္ဓါတရားသည် ထိုထိုရက်အတွင်း၌ ပျက်စီးသွားသည် ရှိသော် တပည့်တော်သည် မြတ်စွာဘုရားအား ဆွမ်းမလုပ်ကျွေးရဘဲ ရှိရချေတော့မည်။ ထိုသဒ္ဓါတရားကို အရှင်ဘုရား တာဝန်ယူပါမည်လား “ - ဟု လျှောက်ပြန်၏။ ထိုအခါ၌ကား အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် ဒါယကာသူဌေးကြီးအား စေ့စေ့ကြည့်၍ ဤသို့ဆိုရလေတော့သည်။

“ ဒါယကာသူဌေးကြီး၊ ငါ၏ အဘိညာဉ်ဖြင့် အသင်၏ စည်းစိမ်ကို မပျက်စီးရာ တာဝန်ခံနိုင်စွမ်းရှိပါ၏။ သင်၏ အသက်ကိုလည်း မပျက်စီးရာ တာဝန်ခံနိုင်စွမ်း ရှိပါ၏။ သင်၏ သဒ္ဓါတရားကို မူကား ပျက်ပြားဖောက်ပြန်စေနိုင်သော မစ္ဆေရစိတ်တို့က ပရိယာယ်အသီးသီး နည်းအထွေထွေဖြင့် တိုက်ခိုက်တတ်ကြသောကြောင့် မပျက်စီးပါဟု တာဝန်ခံနိုင်စွမ်း မရှိပါ။ အသင်သူဌေးကြီး၏ သဒ္ဓါစိတ်ကို အသင်သူဌေးကြီး၏ ‘ သတိပညာ ‘ ဖြင့်သာ မပျက်စီးအောင် စောင့်ရှောက်ရပေလိမ့်မည် “ - ဟု ဟောတော်မူလေသည်။

ထိုအခါ သူဌေးကြီးသည် တရားတော်ကို ကြည်ညိုလှသည်ဖြစ်၍ “ သာဓု၊ သာဓု၊ ဤတရားသည် တပည့်တော်အား အလွန်ကျေးဇူးများလှပါဘိသည်။ အံ့သြဖွယ် ရှိလှပါပေသည်။ တပည့်တော်၏ သဒ္ဓါစိတ်ကို တပည့်တော်၏ သတိပညာဖြင့် အမြဲ စောင့်ရှောက်ပါမည် ဘုရား “ - ဟု သဒ္ဓါမြတ်နိုး ရှိခိုးလိုက်သည်။

ဤဝတ္ထုကို အကျဉ်းချုံး၍ ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားက မဃဒေဝလင်္ကာကြီးတွင် ဤသို့ ရေးသားတော်မူခဲ့ပါသည်။


" ထင်ရှားကျော်ဟိုး၊ ဘိညာဉ်စိုးသား
တန်ခိုးကြီးစွာ၊ ရဟန္တာလည်း
ဥစ္စာအသက်၊ နှစ်ပါးတွက်ကို
မပျက်စီးရာ၊ ဝန်ခံစွာလျက်
သဒ္ဓါဟူညား၊ ဤတရားမူ
ဖောက်ပြားယွင်းသွေ၊ မစ္ဆေဖီသန်း
ပျက်လွယ်စွမ်းကြောင့်၊ ခံထမ်းပိုင်ပိုင်
ထိုသဒ္ဓါကို၊ ပညာကွန့်ထွေ
မဆွန့်စေနှင့်။ "


ဧကသာဋက ပုဏ္ဏားကြီးသည် ပညာနုံသည်ဖြစ်၍ မစ္ဆေရတရားက လွှမ်းမိုးခြင်းကို ခံရသူဖြစ်သည်။ အရှင်မဟာမောဂ္ဂလာန်၏ ဒါယကာသူဌေးကြီးကား ပညာတက်သည်ဖြစ်၍ မစ္ဆေရတရားကို လွှမ်းမိုးနိုင်သူဖြစ်သည်။ ။

စာရေးသူ၏ မှတ်ချက်

ကွယ်လွန် သွားပြီဖြစ်သော ကျွန်တော်၏ ဖခင် (ဦးချစ်တင်ဆွေ) အား ရည်စူး၍ ဤ ဆောင်းပါးကို ရေးဖြစ်ပါသည်။ သားသမီးတွေ မွေးဖွားလာပြီဆိုလျှင် ရှင်ပြုနားသ အလှူတော်မင်္ဂလာ ဆိုတာကို မိဘတိုင်းက ကြိုးစား လုပ်တတ်ကြပါတယ်။ ကျွန်တော်တို့ အလှူမှာ မြင်းခြံမြို့ရဲ့ နာမည်ကျော်မင်းသား ဇော်လင်းမောင် ဘိသေကသွန်းမြှောက်ပါတယ်။ အဲဒီအချိန်မှာ ဧကသာဋက ပုဏ္ဏားကြီးရဲ့ အလှူဒါန အကြောင်းနဲ့ ဘိသိတ်သွန်းလောင်း ခဲ့တော့ ကျွန်တော် မှတ်သားခဲ့ရဘူးပါတယ်။ ကျွန်တော့်ရဲ့ ဓမ္မမိတ်ဆွေတွေလည်း ဖတ်ရှု မှတ်သား၍ အကျိုးများနိုင်ကြပါစေ။ သာသနာ့ အကျိုးဆထက်ထမ်းပိုး ပွားတိုးနိုင်ကြပါစေ။
ဖေဖေ ကောင်းရာသုဂတိလားပါစေ။ ။

အပြည့်အစုံသို့...

Friday, May 2, 2008

မေတ္တာအခါတော်နေ့

ဝါခေါင်လပြည့်နေ့သည် မေတ္တာအခါတော်နေ့ ဖြစ်လေသည်။ အခါတစ်ပါး၌ ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဌာန်းတောင်း၍ ဟိမဝန္တာနှင့် တစ်စပ်တည်း တည်ရှိသော တောအုပ်တစ်ခုတွင် တရား အားထုတ်၍ နေကြလေရာ ရဟန်းတော်တို့၏ သီလ သမာဓိ ပညာဂုဏ်တို့ကြောင့် နတ်တို့သည် သစ်ပင်များပေါ်တွင် မနေနိုင်ကြတော့ဘဲ မြေပြင်၌ ဆင်းသက်၍ အချိန်ကြာမြင့်စွာ နေကြရသောကြောင့် သည်းမခံနိုင်တော့သဖြင့် ညဥ့်အခါတွင် ရဟန်းတော်များအား အမျိုးမျိုး ခြောက်လှန့်ပြီး ရောဂါအန္တရာယ် ထူပြောအောင် သမာဓိမရအောင် အမျိုးမျိုး ဖန်တီးကြလေရာ ရဟန်းငါးရာတို့လည်း ဤအရပ်သည် ပဋိရူပဒေသ မဟုတ်ဟု တိုင်ပင်ကြပြီး မြတ်စွာဘုရားထံ သွားရောက်ကာ အကျိုးအကြောင်း လျှောက်ထားရာမှ မြတ်စွာဘုရားက ကိုယ်ခံအဖြစ် မေတ္တသုတ် ဒေသနာတော်ကို ချီးမြှင့်တော်မူလိုက်ရာ မေတ္တသုတ် တန်ခိုးကြောင့် နတ်များက မခြောက်လှန့်တော့သည့်အပြင် ချစ်ခင်မြတ်နိုး အကြည်ညိုတိုးပြီး ဝတ်ကြီးဝတ်ငယ်များဖြင့် စောင့်ရှောက် ကူညီကြသောကြောင့် ရဟန်းငါးရာတို့သည် တစ်ဝါတွင်းဖြင့် အားလုံး ရဟန္တာ ဖြစ်တော်မူခဲ့လေသည်။


ဤတွင် ရဟန်းတော်များ မြတ်စွာဘုရားထံ ပြန်ကြွသွားသည်မှာ ပထမဝါဆိုပြီး ဖြစ်သည့်အပြင် ရဟန်းတော်များ ဤတောအုပ်ပင် ဒုတိယဝါဆိုပြန်ကြကြောင်း ကျမ်းဂန်များတွင် ပြသဖြင့် မေတ္တသုတ် ဟောသောလသည် “ ဝါခေါင်လ “ ဖြစ်ကြောင်း သိသာလေသည်။ ထို့ကြောင့် အထွတ်အမြတ်ထားသော လပြည့်နေ့ကိုယူ၍ “ ဝါခေါင်လပြည့် - မေတ္တာအခါတော်နေ့ “ ဟု သတ်မှတ်ခဲ့ကြလေသည်။ ဤ မေတ္တသုတ်တော်သည် ဗုဒ္ဓဘာသာရေး နယ်ပယ်တွင် အလွန် ခေတ်စား လူသိများသော သုတ်တော် ဖြစ်ခဲ့သော်လည်း မေတ္တသုတ်၏ သရုပ်ကို ထုတ်နုတ်ပြီး လေ့လာသူ ကျင့်ကြံသူကား နည်းပါးသယောင်ရှိ၏ဟု ယူဆပေသည်။ အများအားဖြင့် မေတ္တာပို့ခြင်းကို မြတ်မြတ်နိုးနိုး ပြုကြသော်လည်း မေတ္တသုတ်ကို အနက် အဓိပ္ပာယ်နှင့် တကွ အသေးစိတ် ကြည့်ရှု သုံးသပ်ရန်ကား မေ့လျော့နေတတ်ကြလေရာ “ လယ်ထွန်သွား နွားမေ့ “ ဟူသကဲ့သို့ ဆိုဖွယ်ရာ ဖြစ်နေလေသည်။ မေတ္တာဘာဝနာကို ပွားများသူတို့သည် မေတ္တသုတ်ကို စနစ်တကျ လေ့လာ၍ ထို သုတ်တော်က ညွှန်ကြားချက်များကို အတတ်နိုင်ဆုံး ကြိုးစား ဖြည့်ဆည်းဖို့ လိုအပ်လှပေသည်။

မေတ္တသုတ်တော်တွင် မေတ္တာဘာဝနာ ပွားသူတို့ လိုက်နာရမည့် မေတ္တာမူ ၁၅-ချက်သည် အလွန်နှစ်သက် မြတ်နိုး ကျင့်ကြံဖွယ်ကောင်းသည့်အပြင် စနစ်တကျ မေတ္တာပို့သနည်းများ၊ မေတ္တာပို့သူ၏ စိတ်ထားပုံထားနည်း၊ မေတ္တာဘာဝနာ၏ အပိုင်းအခြား၊ မေတ္တာပွားသူ၏ ရည်ရွယ်ချက်၊ မေတ္တာကြောင့် ဈာန်ရနိုင်ပုံ၊ ထိုဈာန်တွင် ယစ်မူးမနေဘဲ ထိုဈာန်ကို အခြေခံထား၍ ဝိပဿနာတရားဖြင့် မဂ်ပေါက်ဖိုလ်ဝင် ကျင့်စဉ်များကို အတိုဆုံး အကျဉ်းဆုံး အလွယ်ဆုံး နည်းများဖြင့် လမ်းညွှန်တော်မူထားလေသည်။ ထို့ကြောင့်လည်း ထိုစဉ်က ရဟန်းတော် ငါးရာတို့သည် ဤမေတ္တာသုတ်၏ ညွှန်ကြားချက်အတိုင်း မေတ္တာကို အခြေခံ၍ ဝိပဿနာဉာဏ်စဉ်ဖြင့် နိဗ္ဗာန်သို့ စံဝင်နိုင်ခဲ့ခြင်း ဖြစ်လေရာ ဤမျှ တန်ဖိုးကြီးမားလှသော သုတ်တော်ကို ကျွန်ုပ်တို့သည် အဘယ့်ကြောင့် ပေါ့ပေါ့တန်တန် သဘောထားနေကြပါသနည်း၊ ဗုဒ္ဓဘာသာရေးနယ်ပယ်တွင် “ ကရဏိယာ “ ဟူသော မေတ္တသုတ်သံသည် အစဉ်ထာဝရ ပဲ့တင်ဟည်းနေသည်မှာ မှန်သော်လည်း သုံးစွဲသူတို့၏ စနစ်မကျမှုကြောင့် ယနေ့ “ ကရဏိယာ “ သည် တန်ဖိုးရှိသင့်သလောက် မရှိဖြစ်နေသည်မှာ မေတ္တသုတ်နှင့် မကင်းသော ရဟန်းရှင်လူတိုင်း၏ တာဝန် ဖြစ်လေသည်။

ထို့ကြောင့် “ တို့သားအဖတစ်စု ပြင်ထိုင်ကြဦးစို့ “ ဆိုသကဲ့သို့ အချိန်မနှောင်းသေးသော ယခုအချိန်၍ ဘာသာရေးနယ်ပယ်တွင် ယောင်ဝါးဝါးနှင့် စခန်းသွားနေသော ကိစ္စရပ်ဟူသမျှကို ရပ်တန်းက ရပ်ပြီး ဟောသူနာသူ ကျင့်သူ ကြံသူတို့သည် တိတိကျကျ မိမိရရလေး စခန်းသွားဖို့ ကောင်းကြပေပြီ၊ ဘုန်းတော်ကြီးများကလည်း လူဒကာများ သိလိမ့်နိုးနိုး၊ လူဒကာများကလည်း ဘုန်းတော်ကြီးများ တတ်လိမ့်နိုးနိုးဖြင့် တစ်ဦးနှင့်တစ်ဦး “ နိုးနိုး “ ဖြင့် စခန်းသွားနေကြသော်လည်း တချို့နေရာများတွင်မူ ဘုန်းကြီးကလည်း မတတ်၊ လူကလည်း မသိဘဲ အစဉ်အလာ အရသာ ဝါးချသွားတတ်သဖြင့် ယနေ့ သိပ္ပံခေတ်နှင့် ဘာသာရေးသည် ဝိရောဓိ ဖြစ်လာရပေရာ ဤအချက်ကို “ သာသနာတော်ကို မြတ်နိုးပါသည် “ ဆိုသူတိုင်း ကြီးမားစွာ သတိထားသင့်ပေပြီ။

အချုပ်ကို ဆိုပါမည်၊ ဝါခေါင် လပြည့်သည် မေတ္တာအခါတော်နေ့ ဖြစ်သည့်အားလျော်စွာ ထိုနေ့တွင် သာသနာတော်ကို များစွာ ကျေးဇူးပြုသည့် မေတ္တသုတ်တော်ကို ထုတ်ဖော် ပူဇော်သောအနေဖြင့် ကျောင်းတိုင်း ကျောင်းတိုင်း၊ ဓမ္မာရုံတိုင်း ဓမ္မာရုံတိုင်းတွင် “ မေတ္တာအခါတော်နေ့ “ ကို ကျင်းပပြီး မေတ္တသုတ်တော်၏ အနက်အဓိပ္ပာယ် အနှစ်သာရတို့ကို ထုတ်ဖော်၍ လောဘမီး ဒေါသမီး မောဟမီးတွေ တောက်လောင်နေသည့် ယနေ့ကမ္ဘာကြီးကို မေတ္တာရေစင်ဖြင့် စုပေါင်း ပက်ဖျန်းနိုင်ကြပါစေဟု မေတ္တာဖြင့် ဆန္ဒပြုလိုက်ရပေသည်။ ။

အပြည့်အစုံသို့...

Original Design by : x-template.blogspot.com.

Modified by :...