Wednesday, July 30, 2008

အခက်အခဲဟူသမျှ ကျော်လွှား လွန်မြောက်နိုင်သည့် ဂါထာတော်

ဂါထာတော် ဖြစ်ပေါ်လာပုံ

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မှုစဉ် ညတစ်ည၀ယ် လနတ်သားသည် ရာဟု အသူရိန်မင်းကြီး၏ ဖမ်းယူခြင်းကို ခံရ၏ ။ ထိုအခါ လနတ်သားသည် မြတ်စွာဘုရားကို သတိရ အာရုံပြုလျက် တမ်းတ တိုင်တည်သောအားဖြင့် ပထမဂါထာကို ရွတ်ဆိုသည်။ ထိုအခါ မြတ်စွာဘုရားသည် ဒုက္ခရောက်နေသော လနတ်သား အခက်အခဲမှ လွတ်မြောက်ရေးအတွက် ဒုတိယ ဂါထာကို ရွတ်ဆိုတော်မှုကာ ရာဟု အသူရိန်နတ်ကြီးအား အမိန့်ပေးတော်မှုသည်။ မြတ်စွာဘုရား၏ အမိန့်ပေး မေတ္တာရပ်ခံစကားကြောင့် ရာဟုအသူရိန်သည် လဗိမာန်ကို ဖမ်းထားရာမှ လွှတ်လိုက်သဖြင့် ချမ်းသာသုခ ရခဲ့သည်။



ဂါထာ
၁။ နမော တေ ဗုဒ္ဓ ၀ီရတ္ထု၊ ၀ိပ္ပမုတ္တောသိ သဗ္ဗဓိ။
သမ္ဗဓပ္ပဋိပန္နော သ္မိ၊ တဿ မေ သရဏံ ဘ၀။

၂။ ထထာဂတံ အရဟန္တံ၊ စန္ဒိမာ သရဏံ ဂတော။
ရာဟု စန္ဒံ ပမုဉ္စဿု၊ ဗုဒ္ဓါ လောကာနုကမ္ပကာ။

၁။ ၀ီရ၊ ကြီးမြတ်သော လုံ့လ ၀ီရိယ ရှိတော်မူသော။ ဗုဒ္ဓ၊ ရှင်တော်မြတ်ဘုရား။ တေ၊ ရှင်တော်မြတ် ဘုရားအား။ မေ၊ တပည့်တော်၏ ။ နမော။ လက်စုံမိုး၍ ရှိခိုးခြင်းသည်။အတ္ထူ၊ ဖြစ်ပါစေသတည်း။ တွံ၊ ရှင်တော်မြတ် ဘုရားသည်။ သဗ္ဗဓိ၊ ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ် ဟူသော ကျဉ်းကျပ်ရာ ဌာနအပေါင်းမှ။ ၀ိပ္ပမုတ္တော၊ ကောင်းစွာမချွတ် ကျွတ်လွတ်တော်မူသည်။ အသိ၊ ဖြစ်ပြီ။ အဟံ ပန၊ တပည့်တော်မှာ မူကား။ သမ္မာဓဋိပန္နော၊ ရာဟု အသူရိန်နတ်မင်းကြီး၏ ဖမ်းဆီးခြင်းကို ခံနေရ၍ ကျပ်တည်း ကျဉ်းမြောင်း လဲလျောင်းနေရသည် (၀ါ) အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ အသ္မိ၊ ဖြစ်၏ ။ တွံ၊ ရှင်တော်မြတ် ဘုရားသည်။ တဿ မေ၊ ထိုသို့ အခက် အခဲနှင့် ရင်ဆိုင်နေရသည့် တပည့်တော်၏။ သရဏံ၊ ကိုးကွယ် အားထားရာသည်။ ဘ၀၊ ဖြစ်တော်မူပါဘုရား။

၂။ ရာဟု၊ အို- ရာဟုအသူရိန်။ စန္ဒိမာ၊ လနတ်သားသည်။ အရဟန္တံ၊ ပူဇော်အထူးကို ခံတော်မူ ထိုက်သော။ တထာဂတံ၊ မြတ်စွာဘုရားကို။ သရဏံ၊ မှီခိုအားထား ကိုးစားရာဟူ၍ မှီဝဲ ဆည်းကပ် သိမှတ်ပါ၏ ။ စန္ဒံ၊ လဗိမာန်ကို။ ပမုဉ္စဿု၊ လွှတ်လိုက်ပါလော။ ဗုဒ္ဓါ၊ ဘုရားရှင်တို့ မည်သည်။ လောကာနုကမ္ပကာ။ လူ နတ် ဗြဟ္မာ သတ္တ၀ါ ဟူသမျှကို သနားသမှု ကြောင့်ကြပြု၍ ဂရုစိုက်တော်မူကြကုန်၏ ။ ရာဟု၊ ရာဟုအသူရိန်နတ်။ တွံ၊ သင်သည်။ စန္ဒံ၊ လဗိမာန်ကို။ ပမုဉ္စဿု၊ လွှတ်လိုက်ပါလော။



အပြည့်အစုံသို့...

Monday, July 28, 2008

လူမှုရေးကျင့်ဝတ်များ

သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များ

သိင်္ဂါလောဝါဒခေါ် လူတို့ကျင့်ဝတ်များ

တစ်လောကလုံး၊ ညွတ်ရုံးဦးချ၊ နှိုင်းမမျှသား၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား၊ ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည့်၊ လောကကျင့်ရာ၊ အကျဉ်းမှာပိမ့်၊ နတ်ရွာသို့လုံးလုံး၊ ကျက်၍သုံး။

သားသမီးကျင့်ဝတ် ၅-ပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှုမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ် သားတို့တာ။


(၁) မိဘတို့ကို လုပ်ကျွေးခြင်း၊
(၂) မိဘတို့၏ အမှုကိစ္စကို ဆောင်ရွက်ခြင်း၊
(၃) မိဘစကားကို နားထောင်၍ မိဘတို့အမွေကို ခံထိုက် အောင် ပြု
ပြုလုပ်ခြင်း၊
(မိဘစကား နားမထောင်က အမွေမခံထိုက်ပါ)
(၄) မိဘတို့ ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်စူး၍
ကုသိုလ်ပြုလုပ် အမျှပေးဝေခြင်း၊
(၅) မိဘတို့၏ မျိုးနွယ် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်
ရခြင်း။



မိဘကျင့်ဝတ် ၅- ပါး
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်မြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင် မယ်တို့တာ။
(၁) မကောင်းမှုများကို တားမြစ်ခြင်း၊
(၂) ကောင်းမှု ကောင်းရာများကို ညွှန်ပြရခြင်း၊
(၃) အတတ်ပညာ သင်ကြား ပေးရခြင်း၊
(၄) ရင်းနှီးလုပ်ကိုင်စားဖို့ရန် ပေးရခြင်း၊
(၅) လက်ထက်ထိမ်းမြာ ပေးရခြင်း၊

တပည့်ကျင့်ဝတ် ၅-ပါး
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနှီး. လုပ်ကျွေး၊ သင်တွေးအံရွတ်၊
တပည့်ဝတ်၊ မချွတ် ငါးခုသာ။
(၁) ဆရာသင်ကြား ဆုံးမသမျှကို လေးစားစွာ ဂရုတစိုက်
နာခံမှတ်သား ရခြင်း (ဆုံးမနာယူ)၊
(၂) ဆရာလာသောအခါ ညီညာစွာ မတ်တတ်ရပ်လျက် ခရီးဦး ကြိုဆို
ရခြင်း ( လာမှုကြိုဆီး)၊
(၃) ဆရာ့ထံပါး ဆည်းကပ် ခစားရခြင်း (ထံနီး)၊
(၄) ဆရာ့ထံပါးဝယ် ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးရခြင်း (လုပ်ကျွေး)
(၅) ဆရာသင်ပေး ပြီးသောသင်ခန်းစာ များကိုလေးစားစွာ တွေးတော
ကြံစည် သင်အံလေ့ကျက် နှုတ်တက်ရွက်ဆို ရခြင်း (သင်တွေးအံရွတ်)။

ဆရာကျင့်ဝတ် ၅-ပါး
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊
ဆရာတို့၊ ကျင့်ဖို့ ၀တ်ငါးဖြာ။
(၁) သိသင့်သမျှ အတတ်ပညာများကို သင်ကြားးပေးရခြင်း၊
(၂) ဆုံးမ သြ၀ါဒပေး၍ ပြုပြင်ပေးရခြင်း၊
(၃) မိမိတတ်သမျှ အကုန်သင်ပေးရခြင်း၊
(၄) တပည့်များ ဘေးအန္တရာယ် မဖြစ်စေရန် ကြိုတင်တားဆီး
ကာကွယ်ပေးရခြင်း၊
(၅) မိမိထက် ကျေးဇူးပြုနိုင်မည့် ဆရာထံသို့ အပ်နှံပေးရခြင်း။

လင်ကျင့်ဝတ် ၅-ပါး
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။
(၁) မိမိ မယားအား မထီလေးစား မပြုလုပ်ရခြင်း၊
(၂) မိမိ ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံရခြင်၊
(၃) အခြားမိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိရခြင်း၊
(၄) အ၀တ်အစားများကို ဆင်ယင်ပေးရခြင်း၊
(၅) မြတ်နိုးကြင်နာစွာ ဆက်ဆံရခြင်း။

မယားကျင့်ဝတ် ၅-ပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမှု၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။
(၁) အိမ်တွင်းမှု လုပ်ငန်းကိစ္စကို အဆင်ပြေစေရန် စီမံပြုလုပ်ရခြင်း၊
(၂) မိမိလင်ယောက်ျား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်း
ဆည်း ထိန်းသိမ်းထားရခြင်း၊
(၃) မိမိယောက်ျားမှ တပါးသော ယောက်ျားတို့နှင့် မမှားယွင်း မဖောက်
ပြန်ရခြင်း၊
(၄) မိမိဘက်ဆွေမျိုး လင်ဘက်ဆွေမျိုးတို့၌ မျှမျှ တတ ပေးကမ်း
ရခြင်း၊
(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။

မိတ်ဆွေကျင့်ဝတ် ၅-ပါး

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။
(၁) မိမိတတ်နိုင်သလောက် ပေးကမ်းချီးမြှင့်ခြင်း၊
(၂) ကိုယ့်အောက်သို့ မနှိမ့်ချမူ၍ ကိုယ်နှင့်တန်းတူထားကာ ဆက်ဆံ
ခြင်း၊
(၃) နှစ်ဦးနှစ်ဝ ကြီးပွားရန်အတွက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်
ဆောင်ရွက်ရခြင်း၊
(၄) ပြောဆိုဆက်ဆံရာ၌ စကားအရာ ပြေပြစ် ချိုသာစွာ ပြောရခြင်း၊
(၅) စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် သစ္စာဖောက်ဖျက်မှု မရှိဘဲ
မှန်ကန်တိကျခြင်း။

ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ၅-ပါး

မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ဘေးတွယ်မပစ်၊ သားမြစ်စဉ်ဆက်၊ မပျက်ချီးပင့်၊ ၀တ် ငါးဆင့်၊ ပြုကျင့်မိတ်ဆွေများ။

(၁) မေ့လျော့နေသော ဥစ္စာများကို စောင့်ရှောက်ရခြင်း၊
(၂) တစ်ဘက်မိတ်ဆွေ၏ ဥစ္စာများကို စောင့်ရှောက်ရခြင်း၊
(၃) မိမိမိတ်ဆွေ ဘေးဒုက္ခရောက်သောအခါ အားကိုးရာ ဖြစ်ရခြင်း၊
(၄) ဘေးဒုက္ခရောက်သောအခါ ပစ်ပယ်စွန့်ခွာ၍ မသွားရခြင်း၊
(၅) သားစဉ်မြေးဆက် အဆက်ဆက် မိတ်ဝတ်မပျက်ဘဲ ပေးကမ်းချီး
မြှင့်ရခြင်း။

အလုပ်ရှင်ကျင့်ဝတ် ၅-ပါး

ဝစွာ ကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင်ဝတ်၊ မချွတ် ငါးခုသာ။
(၁) မိမိအလုပ်သမားကို ၀လင်စွာ ကျွေးမွေးရခြင်း၊
(၂)သူတို့လုပ်နိုင်သော အလုပ်ကိုသာ လုပ်စေပြီး သင့်လျော်သော
အချိန်၌ ခိုင်းစေရခြင်း၊
(၃) မကျန်းမမာသောအခါ၌ ရောဂါပျောက်အောင် ကုသပေးရခြင်း၊
(၄) ထူးဆန်းသော အစားအစာကို ရသောအခါ ဝေငှပေးကမ်းရခြင်း၊
(၅) ဥပုသ်နေ့၊ ပွဲတော်နေ့၊ အလုပ်ပိတ်ရက် စသောအခါတို့၌ အခိုင်း
အစေ စာရင်းငှား ကျွဲနွားတို့ကို မခိုင်းစေဘဲ အနားပေးရခြင်း၊ အခွင့်
လွှတ်ရခြင်း။

အလုပ်သမားကျင့်ဝတ် ၅-ပါး

အိပ်သော်နောက်ကျ၊ ထသော်ကားရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။
(၁) နောက်ကျမှ အိပ်ရခြင်း၊
(၂) အိပ်ရာမှ စောစောထရခြင်း၊
(၃) မိမိအရှင် ပေးကမ်းမှသာ ယူရခြင်း၊
(၄) မိမိအရှင်၏ လုပ်ငန်းများကို မခိုမကပ်ဘဲ စေတနာ ရှေ့ထား၍
စေ့စေ့စပ်စပ် ဆောင်ရွက်ရခြင်း၊
(၅) မိမိအရှင်၏ ဂုဏ်ကျေးဇူးကိုသာ ပြောဆိုရခြင်း။

ဒါယကာကျင့်ဝတ် ၅-ပါး

မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှုစေ၊ ၀တ်ငါးထွေ၊ ပြုလေ ဒါယကာ။
(၁)ရဟန်းသံဃာတို့အပေါ်၌ မေတ္တာစိတ် ရှေ့ထားရခြင်း၊
(၂) ရဟန်း သံဃာတို့အတွက် ဆောင်ရွက်စရာများကို ချစ်ခင်လေး
စား စေတနာထား၍ ဆောင်ရွက်ရခြင်း၊
(၃) ခင်ခင်မင်မင် လေးလေးစားစား နှုတ်ချို ကြည်သာစွာ ပြောဆို
ရခြင်း၊
(၄) အလိုရှိသောအရာများကို တောင်းပါဟု ဖိတ်ထားရခြင်း၊
(၅) တတ်နိုင်သမျှ လှုဒါန်ရခြင်း။

ရဟန်းကျင့်ဝတ် ၆-ပါး

မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထတင်ရာ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခု လွန်သေချာ။
(၁)မကောင်းမှု မပြုလုပ်ရန် တားမြစ် ဟောပြရခြင်း၊
(၂) ကောင်းမှုကုသိုလ် ပြုလုပ်ရန်အတွက် ညွှန်ပြဟောပြရခြင်း၊
(၃) ထူးခြားသော တရားအသစ်များကို ဟောကြားရခြင်း၊
(၄) နဖူးသော တရားများကို ထပ်မံ၍ ဟောကြားရခြင်း၊
(၅) နတ်ပြည်သို့ရောက်ဖို့ နည်းလမ်းကို ညွှန်ကြားဟောပြရခြင်း၊
(၆) ဒကာ ဒကာမတို့အား စေတနာ မေတ္တာထား၍ ဆုံးမဟောကြား
ရခြင်း။

နာယကကျင့်ဝတ် ၆-ပါး

ထကြွ.နိုးကြား၊ သနား.သည်းခံ၊ ဝေဖန်.ကြည့်မှု၊ဤ ခြောက်ခု၊ ကြီးသူ့ ကျင့်ရာတရားတည်း။
(၁) သူများထက် လုံ့လရှိရခြင်း၊
(၂) သူများကို မိမိက ရှေ့ဆောင်ပြုလုပ်နိုင်အောင် နိုးကြား တက်ကြွ
ခြင်း၊
(၃) မိမိလက်အောက်ငယ်သားများကို သနားကြင်နာခြင်း၊
(၄) သည်းခံ ခွင့်လွှတ်တတ်ခြင်း၊
(၅) အရာရာကို ချင့်ချိန် ဝေဖန် ထောက်ဆ၍ ပြုလုပ်ရခြင်း၊
(၆) အရာရာမှာ ဉာဏ်ပညာဖြင့် ဆင်ခြင်ကြည့်ရှုခြင်း။

စားရေးသူမှတ်ချက်။ကျင့်ဝတ်အထွေထွေကိုဖတ်ရှု၍သိမြင်နားလည်နိုင်ကြပါစေ။


အပြည့်အစုံသို့...

Tuesday, July 22, 2008

မင်္ဂလာကဗျာများ

(က) သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားကို
နတ်လူအများ ကြံစည်ပေ။
ဘယ်သင်း ဘယ်ဟာ မင်္ဂလာစစ်ဟု
သေချာဇစ်မြစ် မသိပေ။
ဆယ့်နှစ်နှစ်တိုင် နှုတ်ပြိုင်ငြင်းလို့၊
မင်္ဂလာအခင်း မပြီးပေ။
မင်္ဂလာတရား၊ ၀ါဒများ၊ ကွဲပြား နတ်လူတွေ။
အဲဒါကြောင့် ကြံကြ စည်ကြ ကမ္ဘာမင်္ဂတွေ။

(ခ) သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်းဝယ်
ကိန်းအောင်းပျော်မွေ့ မြတ်စိန္တေ။
သန်းခေါင်ယံခါ မထင်ရှားသည့်၊
နတ်သားတစ်ယောက် ချဉ်းကပ်လေ။
ချဉ်းကပ်ပြီးသော် မင်္ဂလာသဘောက၊ို
ထင်ရှားဟောဖို့ လျှောက်ပန်ချွေ။
အသေ၀နာ တရား၊ အစထား၊ ဟောကြား မိန့်ခဲ့ပေ။
အဲဒါကြောင့် နာရ ကြားရ ကမ္ဘာ့မင်္ဂလာတွေ။



အသေ၀နာ စ ဂါထာ
(၁) လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့
မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့
မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊
ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး၊ ဆက်ဆံရေး၊ မျှော်တွေး၊ သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

ပတိရူပ ဂါထာ
(၂) ကုသိုလ်ပညာ ဥစ္စာရဖို့၊
သင့်ရာဒေသ အမြဲနေ။
ရှေးက တင်ကြို ပြုခဲ့ဖူးသည့်၊
ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊
မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး၊ နေထိုင်ရေး၊ မျှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

ဗာဟုသစ္စဉ္စ ဂါထာ
(၃) တတ်ကောင်း တတ်ရာ ဟူသမျှကို၊
ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊
အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊
ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး၊ ချိုသာအေး၊ ဆိုရေး တတ်ပါစေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

မာတာပိတု ဂါထာ
(၄) မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊
ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယား၊
မြှောက်စားချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊
အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး၊ ပြုစုရေး၊ မျှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

ဒါနဉ္စ ဂါထာ
(၅) သုံးတန်စေတနာ ဖြုစင်လန်းလို့၊
ပေးကမ်းဝေမျှ လှုနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊
သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊
သင်္ဂဟတရားနှင့် ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး၊ လူထုကျိုး၊ သယ်ပိုး ဆောင်ရွက်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

အာရတီ ၀ိရတီ ဂါထာ
(၆) မကောင်းမှုတွေ ဟူသမျှကို၊
မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့
အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့
မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား၊ သတိထား၊ တရား မမေ့စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

ဂါရဝေါ စ ဂါထာ
(၇) အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊
ဆည်းကပ် ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊
ကိုယ့်ကိုယ်နှိမ့်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊
ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး၊ သူ့ကျေးဇူး၊ အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား၊ မြတ်တရား၊ နာကြား မပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

ခန္တီစ ပါထာ
(၈) ၀တ်စား နေထိုင် ရန်ခပ်သိမ်း၊
စိတ်ကို ချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊
ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှကို၊
မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး၊ မှန်ကန်ရေး၊ ဆွေးနွေး မပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

တပေါ စ ဂါထာ
(၉) လောကီအာရုံ ဇိမ်ယစ်မူးလို့၊
ပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္ဓစိုရ် လက်ကိုင်သုံးလို့၊
သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊
အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း၊ နိဗ္ဗာန်ချဉ်း၊ အလင်း ပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

ဖုဋ္ဌဿ ဂါထာ
(၁၀) ဆင်းရဲ ချမ်းသာ သဘာဝ၊
တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊
တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊
မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း၊ အေးငြိမ်း ချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

မင်္ဂလာ၏အကျိုး
(၁၁) သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊
လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊
ကောင်းကျိုးစည်ပွင့် တဝေေ၀။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊
စိတ်ရော ကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ၊ ဆောင်သမျှ၊ အောင်ရမည် ကိန်းသေ။
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလာ့ပန်းခိုင်တွေ။

အပြည့်အစုံသို့...

Tuesday, July 15, 2008

မြန်မာနိုင်ငံသားတို့၏ အစဉ်အလာယဉ်ကျေးမှု

ပညာရှိသူ တို့သည်သာ လောက၌ ရှေ့တန်းရောက်နေ၏ ။ ပညာတတ်ပေါသော နိုင်ငံသည်သာ ကမ္ဘာပေါ်တွင် အထက်ဆုံး နေရာကိုရ၏၊ နည်းကောင်း၊ စနစ်ကောင်း၊ ပညာကောင်းရှိသော ဆရာကိုရမှ နည်ကောင်း၊ စနစ်ကောင်း ပညာကောင်းကို ရနိုင်၏။ ပညာကောင်းရှိလေ၊ အထက်တန်းရောက်လေ၊ ကြီးပွားချမ်းသာရလေ ဖြစ်သည်။
ထို့ကြောင့် ရှေးအခါက ဆရာသမား များထံ၌ ခြေဆုပ်လက်နယ် ၀တ်ကြီး ၀တ်ငယ်ပြုလျက် အနည်းဆုံး သုံးနှစ်သုံးမိုးကျွန်သဖွယ် ဆည်းကပ်ကာ ပညာကို ရယူကြရသည်။ ဦးစွာ တပည့်ကောင်းဖြစ်မှ ဆရာကောင်း ဖြစ်လာနိုင်သည်။ ဆရာအချစ်ခံ ရသောတပည့်မှ ဆရာ့ပညာ အပြည့်အစုံ ရနိုင်၏။ ဆရာကောင်း တပည့်မှ ပန်းကောင်းပန်ရသည်။
လူသည် မိမွေးတိုင်း ဖမွေးတိုင်းအခြေအနေ၌ အားလုံးအတူတူပင် ဖြစ်၏။ လက်ဦးဆရာနှင့် အာစရိယတို့ကြောင့် လူချွန်လူမွန်များ ဖြစ်လာကြရသည်။ ဖယောင်း သို့မဟုတ် ပလပ်စတစ်ပမာ လိုရာပုံသွင်းလို့ရသော လူငယ်တို့၏ ဘ၀ကို အလှပဆုံး တန်ဖိုးအရှိဆုံး ဖြစ်အောင် သွန်းထုပြုလုပ် ပေးနိုင်သူမှာ ဆရာများပင် ဖြစ်ကြသည်။


ဆရာသမားတို့၏ကျေးဇူး မည်မျှကြီးမားသည်ကို စဉ်းစားလေ အဆုံးအပိုင်းအခြား မရှိလေဖြစ်၏။ ’’၀’’လုံးရေး သင်ပေးသော ဆရာနှင့် ဘွဲ့ပေးသောဆရာ မထူးခြား၊ အတူတူ ကျေးဇူးကြီးမား ကြသည် ပင်ဖြစ်သည်။ ထို့ကြောင့် အိပ်ရာဝင် အိပ်ရာထ ရတနာသုံးပါးနှင့် မိဘတို့ကို ရှိခိုးကန်တော့ရ သကဲ့သို့ လောကီ၊ လောကုတ္တရာ ၀ိဇ္ဇာသိပ္ပ အတတ်ပညာ သင်ကြားပေးကြသော ဆရာ အမျိုးမျိုးတို့ကို လည်းရှိခိုးကန်တော့ ကြ ရသည်။
ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားတို့ အရိုးစွဲ၊ အသားစွဲ ယဉ်ကျေးမှုအရ အခါကြီး ရက်ကြီးများ၌ မိဘဆရာ သမားတို့အား အထူးအလည် ရှိခိုး ကန်တော့ကြရသည်။ ကောင်းမှုမင်္ဂလာ ကြီးပွားရာ ကြီးပွားကြောင်းလည်း ဖြစ်၏။ မိမိက မသိသော်လည်း ကျေးဇူးကြီးမား သူများအား ကိုယ် နှုတ် စိတ် တစ်မျိုးမျိုးဖြင့် ပြစ်မှားခဲ့မိသော် ရှိခိုး ကန်တော့ခြင်းဖြင့် ထိုအပြစ်များလည်း ပြေပျောက်၏၊ သို့မှသာ ကြံတိုင်းအောင်၍ ဆောင်တိုင်း မြောက်နိုင်သည်။
ရတနာသုံးပါး မိဘဆရာသမားတို့အား ပြစ်မှားမိသူများသည် မည်သည့်လုပ်ငန်းကို လုပ်လို့မျှ အပေါက် အလမ်းမတည့်၊ မကြီးပွား၊ တွေးသမျှလွဲ၏။ လုပ်သမျှ မှား၏။ ရောဂါလည်းများ၍ ကြီးပွားလမ်း အကုန်ပိတ်သည်။ ထို့ကြောင့် နေ့စဉ်နှင့် အမျှ ရှိခိုး ကန်တော့ ကြရသည်။

ဆရာကျေးဇူး
ကျေးဇူးရှင် မိဘနှစ်ပါးတို့၏ ကျေးဇူးတော်သည် အနန္တဖြစ် သကဲ့သို့ ဆရာသမားတို့၏ ကျေးဇူးဂုဏ်သည်လည်း အနန္တပင် ဖြစ်သည်။
လောက၌ သတ္တ၀ါတိုင်း လူသားတိုင်း အတွက် အရေးကြီးဆုံးမှာ အသိဉာဏ် ပညာဖြစ်၏၊ ပညာသည် နား မျက်စိ ဖြစ်၏၊ နားနှင့် မျက်စိမရှိသူသည် အရာမ၀င် သကဲ့သို့ ပညာမတတ်သူ လည်း အရာမ၀င်ပေ။
ထိုပညာကို ပထမမိဘနှစ်ပါး ထံမှ ဆည်းပူးကြရ၏၊ ထိုမျှနှင့် မပြည့်စုံ၊ ဆရာသမား များထံ သီးခြား သင်ယူကြ ရသည်။ ထိုသို့ သင်ယူကြရာ၌ ဆရာကလည်း ဆရာ့ကျင့်ဝတ် ကျေ၍ တပည့်ကလည်း တပည့်ဝတ် ကျေရ သည်။
‘‘အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။’’
‘‘ညီညာ ထကြွ ဆုံမနာယူ လာမူကြိုဆီး ထံနီးလုပ်ကျွေး သင်ထွေးအံရွတ် တပည့်ဝတ် မချွတ်ငါးခုသာ’’ ဟူ၍ဖြစ်ပါသည်။

ဆရာ့ကျေးဇူးသိပုံများ
‘‘မိဘပြစ်မှား အ၀ီစိသွားသည်၊ မိဘကာပြန် မြေမျိခံရသည်။ ဆရာကာပြန် အာလှံစူးသည်’’ ဟုပြောစမှတ် ပြုကြသည်။ မိဘ ဆရာပြစ်မှား၍ မျက်စိကွယ်သူ၊ နားပင်းသူ၊ မြေမျိုခံရသူ၊ လူညွန့်တုံးသူ၊ နာတာရှည် ရောဂါစွဲ သူ၊ သေခြင်းဆိုးသေ သူတို့ကို ယခုအခါတွင်လည်း တွေ့မြင် နိုင်ကြသည်။
မိဘဆရာသမား ကျေးဇူး သိသူတို့သည် ကလည်း မိအို ဖအို ဆရာအို များကိုပြုစုလုပ်ကျွေး နေရသည့် အတွက် လောကအလယ် ဘဏ္ဍာတိုက်ကြီးတစ်ခု ပိုင်ဆိုင်နေသူ ကဲ့သို့ ၀မ်းသားအားရ ပြုစုလုပ်ကျွေး နေကြပေသည်။ လောကီ ဆရာမိဘ၊ လောကုတ္တရာ ဆရာ ရရှိသူတို့ကား ပြောဖွယ်ရာ မရှိပြီ။ သံသရျာနှင့်ချီ၍ ကျေးဇူးကြီး တော့သည်။ ကျေးဇူးကြွေးလည်း များတော့သည်။
အရှင်သာရိပုတ္တရာသည် မိမိအား သရဏဂုံ တည်အောင်၊ သစ္စာမြင်အောင် လုပ်ပေးသော အရှင်အဿဇိဆရာ သီတင်းသုံးရာ အရပ်ဘက် အမြဲတမ်း ဦးတိုက်၍ အိပ်တော်မှု၏။ အယူဝါဒရေးရာ၌ ဆရာသည် ပို၍အရေးကြီး၏၊ ပို၍လည်း ကျေးဇူးကြီး လှသည်။ ‘ဆရာလွဲက ငရဲကျ’ဟုဆို၏။
ကိုရင်သာမဏေကလေး ရှင်ရာဟုလာကမှု နံနက်အိပ်ရာထသည်နှင့် သဲများကို လက်ခုပ်ဖြင့် ကျုံးယူပြီးလျှင် ‘ဤသဲလုံးနှင့်အမျှ ငါ့ကို လိမ်မာအောင် ဆုံးမသည့် ဆရာများ ရပါရစေ’ ဟုပင် တောင့်တသည်။ မည်သူက ဆုံးမ သည်ဖြစ်စေ မငြင်းဆန် နာခံ၏။ လိုက်နာ ကျင့်သုံး၏။
အိုးလုပ်သောသူသည် အိုးကောင်းတစ်လုံး ဖြစ်လာစေရန် လက်ကိုင်တုတ်နှင့် ရိုက်ပုတ်ပြီး မလုပ်လျှင် အိုး ကောင်း မဖြစ်သကဲ့သို့ ရိုက်နှက် သင့်သော အပြစ်ကျူးလွန်သူ တပည့်အား ရိုက်နှက် ဆုံးမသော ဆရာသည် ပို၍ပင် ပူဇော် ထိုက်သည်။
မြတ်စွာဘုရားကလည်း ‘တပည့်၏ အပြစ်များကို ထုတ်ဖော် ပြောဆိုပြီး နှိပ်နှိပ်ချချ ဆုံးမသော ဆရာကို ရွှေအိုးတူဖော် ပေးသူကဲ့သို့ ကျေးဇူးတင် ၀မ်းသာ ရမည်’ ဟု ဟောတော်မှုသည်။

ဆရာ့စကား နားထောင်သူ
ဆရာ့စကားကို မြေ၀ယ်မကျ နားထောင်းခြင်းသည် လောက သံသရာနှစ်ဖြာ ကြီးပွား ချမ်းသာကြောင်း ‘သောဝစဿတာ’ မင်္ဂလာ တစ်ပါးပင် ဖြစ်သည်။
ရှေးအခါက ရဟန်းငယ် သုံးပါးသည် ဆရာဘုန်းကြီး တစ်ပါးထံ တပည့်ခံ လာကြရာ ဆရာ့စကား ကိုမည်မျှ လောက် နာယူနိုင်ကြောင်း၊ ဆရာခိုင်းသမျှ မငြင်းဆန် နာခံမည့် အကြောင်း အားကျမခံ လျှောက်ထားကြပုံမှာ အတုယူဖွယ် ကောင်းလှသည်။
တစ်ပါးက- ‘‘ဆရာအတွက် အကျိုးကျေးဇူး တစ်စုံတစ်ရာ ရှိ၍ အသက်အောင့်ပြီး သေပေးပါဟု ဆရာက ခိုင်းလျှင် သေပေးပါမည်’’ ဟု လျှောက်၏။
တစ်ပါးက- ‘‘ အလွန်မြင့်မား မတ်စောက်သော ကမ်းပါးထိပ်က ခုန်ချပါဆိုလျှင် ခုန်ချပါမည်’’ ဟုလျှောက်၏။
တစ်ပါးက- ‘‘ ကျောက်ပျဉ်ကြမ်းပေါ် မတ်တတ်ရပ်ပြီး ခြေဖျားက ဦးခေါင်းကျအောင် သွေးပါဟု ခိုင်းလျှင် တစ်ကိုယ်လုံး ပျောက်ကွယ် သွားအောင် သွေးပါမည်’’ ဟုလျှောက်လေသည်။
ဤကား ဆရာ့စကားမြေ၀ယ်မကျ နားထောင်ပုံဖြစ်၏။ ဆရာမိဘတို့သည် အပြစ်ကျူးလွန်သော တပည့် သားသမီးတို့အား အပြစ်သေးငယ်သည်ဟု မယူဆဘဲ အိုးကောင်းလိုလျှင် နာနာရိုက်ရ သကဲ့သို့ ရိုက်နှက်၍ ဆုံးမသင့်သည့်အခါ ဆုံးမကြရသည်။ ထိုအဆုံးအမကို ခံယူနိုင်သော တပည့်သားသမီး တို့မှသာ ကြီးပွား နိုင်သည်။

တပည့်ကို ရိုက်နှက်၍ဆုံးမခြင်း
ရှေးအခါက ဗာရာဏသီပြည်၌ ဗြသ္ဓဒတ္တကုမာရ အမည်ရှိသော သားတစ် ယောက်ရှိသည်။ ထိုဗြဟ္ဓဒတ် မင်းသည် ၁၆နှစ်ပြည့်သော မိမိ၏သားတော်ကို မာန်မာန မထောင်လွှားစေရန်၊ အချမ်း အပူဒုက္ခကို ကြံ့ကြံ့ ခံနိုင်စေရန်၊ လောက ဗဟုသုတ စာရိတ္တအကျင့် စရိုက်မျိုးစုံကို သိရှိစေရန် ရည်ရွယ်၍ ရေမြေရပ်ခြား တိုင်းတ ပါးရှိ ဒိသာပါမောက္ခဆရာကြီးထံ အတတ်ပညာသင်ကြားရန် စေလွှတ်ခဲ့သည်။
ထို့သို့ စေလွှတ်ရာ၌ မိမိ၏သားတော်အား လွှာချင်းဖိနပ်တရန်၊ ထီးတလက် နှင့်အသပြာငွေ တစ်ထောင်သာ ပေးလိုက်၏။ မင်းသားငယ်သည် မိဘနှစ်ပါးကို ရှိခိုးကန်တော့လျက် ဗာရာဏသီပြည်မှ ထွက်ခဲ့ လေ သည်။တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးအား ရှိခိုး ကန်တော့ပြီးနောက် မိမိလာခဲ့ရခြင်း၏ အကြောင်းနှင့် မိမိ၏ နေရပ် ဇာတိ မျိုးနွယ်တို့ကိုပါ ပြောကြားသည်။
ထိုအခါ ဒိသာပါမောက္ခဆရာကြီးက ထိုနေ့မှစ၍ မင်းသားငယ်အား အတတ်ပညာများကို သင်ပေးလေ၏။ မင်းသားငယ်သည် ထိုသို့ပညာ သင်ယူနေဆဲတွင် တနေ့သ၌ ဆရာနှင့်အတူ ရေချိုးသွားစဉ် နေလှန်းထားသော နှမ်းဖျားတို့ကို တွေ့မြင်သောအခါ မနေနိုင်၍ လက်တဆုပ်စာ ကောက်ယူပြီး စားလေ၏။
ဤသို့ သုံးရက် သုံးကြိမ်တိုင်တိုင် ယူ၍စားသည်ကို နှမ်းရှင်မိန်မအို တွေ့မြင်လျှင် ဆရာကြီးအား တိုင်ကြားရာ ဆရာကြီးက မင်းသားငယ်သား ၀ါးခြမ်းစိတ်ဖြင့် ကျောက်ကုန်း၌ သုံးချက်ရိုက်လေ၏။
မင်းသားငယ်သည် ဆရာအပေါ်အမျက်ထွက်၍ မျက်ထောင့်နီဖြင့် စေ့စေ့ကြည့်လျှက် ‘ငါဘုရင် ဖြစ်သည့်အခါ ဤဆရာကို သတ်ပစ်မည်’ ဟုရန်ဖွဲ့လေ၏၊ မင်းသားငယ်သည် ပညာသင်ပြီး၍ ပြန်ခါနီးတွင် ‘‘ဆရာ-ကျွန်ုပ် မင်း ဖြစ်သည့်အခါ ဆရာထံလူလွတ် လိုက်ပါမည်။ ဆရာ ဆက်ဆက်ကြွ ခဲ့ပါ’’ ဟုဖိတ်ကြား၍ ပြန်ခဲ့လေ၏။
မင်းသားငယ် ဘုရင်ဖြစ်လာသော အခါ ဆရာကြီးထံ လက်ဆောင်များနှင့် တကွ တမန်ကို စေလွှတ်လေရာ ဒိသာပါမောက္ခ ဆရာကြီးသည် ‘ငယ်ရွယ်သူသည် ကျေးဇူးတရား ကိုမသိနိုင်သေး‘ ဟုသိမြင်၍ မင်းသားထံ မသွားခဲ့ချေ။ ကျေးဇူးတရားကို သိနိုင်လောက်သော အရွယ်ရောက်မှ သွားလေ၏။
မင်းသားသည် ဆရာကို မြင်လျှင်မြင်ခြင်း‘သင်ရိုက်ခဲ့သည်ကို ငါမမေ့၊ ယနေ့ သင့်ကို ငါသတ်ရပေမည်‘ ဟု ခြိမ်းခြောက် ပြောဆိုရာ ဆရာကြီးက-
‘‘မင်းသား၊ လောက၌ အပြစ်ကျူးလွန်သော သားသမီး တပည့်များကို မိဘဆရာသမား တို့က ရိုက်ပုတ်ဆုံးမခြင်းသည် ရန်ငြိုးဖွဲ့လျက် ဒေါသထွက်၍ ရိုက်ပုတ်ခြင်းမဟုတ်၊ လိမ္မာ ယဉ်ကျေးစေရန် ဆုံးမသွန်သင်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် မိဘဆရာသမား တို့အပေါ် ရန်ငြိုးမဖွဲ့သင့်၊ သင် မင်းသားအား မပြောပလောက်သော အပြစ်ဟု ယူဆကာ နှမ်းခိုး စားမှုကိုသာ ငါမဆုံးမခဲ့သော် တစတစခိုးဆိုးလုယက် ပြည်ရွာကိုပင် ဖျက်၍ မင်းဒဏ်သင့်ပြီး အကျိုးမဲ့ ပျက်စီးကာ ထီးနန်းကိုပင်လျှင် လက်လွတ်ခဲ့ရာ၏။ ယခု သင်မင်းသားရနေသော ထီးနန်း စည်းစိမ်သည် ငါ့ကျေးဇူးပင် မဟုတ်လော’’ဟု ပြောဆိုလိုက်သည်။
အနီးအနားတွင် ခစားနေသော ပညာရှိမှုးမတ်များကလည်း ဆရာကြီး၏ ထီးနန်း စည်စိမ်ပင် ဖြစ်ကြောင်း ပြောဆိုကြသဖြင့် ဘုရင်ကည်း ဆရာ့အဆုံးအမကို နှစ်သက်ကာ ဆရာကြီးက လက်မခံခဲ့ချေ။ ရှင်ဘုရင်လည်း ကျေးဇူးသိသော ဆရာကောင်း တပည့် ပီသစွာ တိုင်းပြည်ကို တရားသဖြင့် အုပ်ချုပ်မင်းလုပ်ခဲ့လေသည်။(တိလမုဋ္ဌိဇာတ်)။
ဤကား ဆရာ့ကျေးဇူးသိပုံ၊ ကျေးဇူးကြီးပုံ အနည်းငယ်မျှ ပြဆိုခြင်း ဖြစ်သည်။ ဆရာက ဆရာ့ဝတ္တရား ကျေ၍ တပည့်ကလည်း တပည့်ဝတ္တရားကျေမှ လောက၌ ဆရာတပည့် ဖြစ်ရကျိုးနပ်သည်။ အကျိုးအပြစ်ပြ၀တ္တု သက်သေ သာဓကများ များစွာရှိ၏။
နိဂုံးချုပ်အားဖြင့် မိဘကျေးဇူး၊ ဆရာသမား များကျေးဇူး သိသည်ဖြစ်စေ၊ မသိသည် ဖြစ်စေ၊ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ မိဘဆရာသမားများ စိတ်ဆင်း ရဲအောင် လုပ်သူ၊ ပြစ်မှားသူများ ယခုဘ၀၌ ဆင်းရဲရ၍ နောက်ဘ၀၌လည်း အပါယ်ငရဲ ကျရောက် မည်မှာ သေချာ၏။ မိဘဆရာ သမားများအား ကောင်းစွာ ပြုစုလုပ်ကျွေး သူများ ခုရောနောင်ပါ ချမ်းသာကြီးပွား ကြမည်မှာ မလွဲချေ။ ထို့ကြောင့် ကျေးဇူးသိ၍ သိသည့်အတိုင်း ပေးဆပ်ထိုက်ပေသည်။
ဤကဲ့သို့ မိဘဆရာ သမားတို့၏ ကျေးဇူးနှင့်ဆက်၍ ဖော်ပြရာ၌ မိဘရှိသူ၊ ဆရာ သမားရှိသူတိုင်း နှင့်ဆိုင်၏။ ဗုဒ္ဓဘာသာ ကျမ်းစာက ပြဆိုမှုမပြဆိုမှုသည် အကြောင်းမဟုတ်၊ ကောင်းသောအလုပ်သည် ကောင်းကျိုးပေး၍ မကောင်းသော အလုပ်က မကောင်း ကျိုးပေးသည်မှာ နိယာမပင်ဖြစ်သည်။ မည်သည့်အယူဝါဒ ရှိ-မရှိနှင့်လည်း မဆိုင်ချေ။ မီးကိုကိုင်လျှင် ပူ၍ ရေကိုကိုင်လျှင် အေးသည်မှာ လူမျိုး ဘာသာ အယူဝါဒ နှင့် မဆိုင်ချေ။
ဗုဒ္ဓ၀ါဒသည် သဘောတရားကိုသာပြ၏၊ ထိုသဘောတရား ၀ါဒကို လိုက်နာကျင့်သုံးရ သဖြင့် အနန္တငါးပါး ကျေးဇူးမှစ၍ ရှောင်စရာ ဆောင်စရာ အကောင်းအဆိုး၊ အကြောင်းအကျိုး တို့ကို ပြည့်ပြည့်စုံစုံ ယခုလို သိခွင့်ရသူ ဗုဒ္ဓဘာသာဝင် ဖြစ်ရသည်ကို ၀မ်း သာ ဂုဏ်ယူကြပါလေ။

စားရေးသူမှတ်ချက်။ ။ဤစာကိုဖတ်၍ ဆရာ့ကျေးဇူးကို ဆပ်နိုင်ကျပါစေ။



အပြည့်အစုံသို့...

Monday, July 14, 2008

ကံနှင့် ကံ၏အကျိုး

ကံ၏ အနက်အဓိပ္ပါယ်

‘ကံ’ဆို သည်မှာ ပါဠိဘာသာ ‘ကမ္မ’ မှဖြစ်လာသော မြန်မာဝေါဟာရ ဖြစ်သည်။ ပြုလုပ်မှုဟု အဓိပ္ပာယ်ရသည်။
ထိုပြုလုပ်မှုဟူသော ကံသည်-
(က) ကိုယ်ဖြင့် ပြုလုပ်မှု (ကာယကံ)
(ခ) နှုတ်ဖြင့် ပြောဆိုမှု (၀စီကံ)
(ဂ) စိတ်ဖြင့် ကြံစည်မှု (မနောကံ)
ဟူ၍ (၃)မျိုးရှိသည်။


ကံ အမျိုးအစား
အတိတ်ကံသည် အလွန်အားကောင်း သောကံ၊ အလယ်အလတ် အားကောင်းသော
ကံ၊ နုံချာသောကံ ဟူ၍ သုံးမျိုးရှိသည်။ ထို့အတူပင် ပစ္စုပ္ပန်ကံသည်လည်း ကံ ဉာဏ် ၀ီရိယ မျှတစွာ သုံး၍ လက်ရှိ အခြေအနေ ထက် တိုးတက်လာအောင် ကြိုးစားခြင်း၊ တည်တံ့ရုံသာ ကြိုးစားခြင်း၊ တည်တံ့ရုံ လောက်ကိုပင် အားမထုတ်ခြင်း ဟူ၍ သုံးမျိုးရှိသည်။ အလွန် အားကောင်း သော အတိတ်ကံတို့ကြောင့် မိကောင်း ဘကောင်း အထက်တန်းစား ဆရာသမား မိဘကောင်းတို့ထံတွင် လူဖြစ်လာရသည်။ ထိုသူသည် အရွယ်ရောက်လာ သောအခါ ကံ ဉာဏ် ၀ီရိယ သုံးပါး ညီညွတ်စွာ ပစ္စုပ္ပန်ကောင်းအောင် ကြိုးစားက လူ့ဘ၀တွင် အထွတ်အထိပ် မင်းစိုးရာဇာ သူဌေးသူကြွယ် ပညာရှင်ကြီး ဖြစ်နိုင်သည်။
အတိတ်ကံ အလွန်အားကောင်း၍ မိကောင်း ဘကောင်း ထံတွင်လူဖြစ်လာရ သော်လည်း ပစ္စုပ္ပန်အားထုတ်မှုမှာ အလယ်အလတ်တည်တံ့ရုံသာ ကြိုးစားလျှင် အလယ်အလတ်တန်းစား ဘ၀သာ ရောက်ရှိမည်။ ထိုသူသည်ပင် ပစ္စုပ္ပန်ကြိုးစားမှုမရှိ၊ တည်တံ့ရုံပင် ကြိုးစားမှု မပြုပါလျှင် နိမ့်ကျ ဆင်းရဲ မွဲတေသူ ဘ၀သို့ ရောက် သွားရသည်။ပစ္စုပ္ပန်၏ အင်အား အ
ပေါ်လိုက်၍ မိဘတို့ထက် ပိုတိုးတက်သူ- အတိဇာတသား၊ မိဘခြေရာနင်း၍ မိဘတို့အဆင့် ကိုမှီ သူ-အနုဇာတသား၊ မိဘတို့အဆင့်မမီဘဲ ယုတ်ညံ့နိမ့်ကျသွားသူ-အ၀ဇာတသား ဟူ၍ သားသုံးမျိုး ပေါ်ထွက်လာသည်။ အတိတ်ကံမှာ မိကောင်းဖခင်သား ဖြစ်အောင် ပို့ပေးရုံသာ ပေးခဲ့၏။
အတိတ်ကံ အလတ်တန်းစားကြောင့် သာမန်မိဘတို့ ၀မ်း၌လူဖြစ်ရ သော်လည်း ပစ္စုပ္ပန် ကြိုးစားအားထုတ် မှုများပြားလျှင် အထက်တန်းအဆင့်သို့ ရောက်ကြရသည်။ မင်းစိုးရာဇာ သူဌေးသူကြွယ် ပညာရှင်ကြီးများ ဖြစ်ကြရသည်။
ထိုသူသည်ပင် အလယ်အလတ် တည်တံ့ရုံသာ ကြိုးစားလျှင် အလတ်တန်းစားထဲက အလတ်တန်းစားသာ ဖြစ်ရသည်။ ထိုသူသည်ပင် ပျင်းရိပြီး ကြိုးစားမှုမရှိ၊ ပစ္စုပ္ပန်ကံမွဲလျှင် ဆင်းရဲသူဘ၀ ရောက်ရသည်။
ထို့အတူပင် အတိတ်ကံအားနည်း၍ ဆင်းရဲသူမိဘများ ၀မ်း၌ဖြစ်ရသော်လည်း ပစ္စုပ္ပန်ဘ၀အားထုတ်မှု များပြားလျှင် ကြီးပွားသူဘ၀ရောက်ရသည်၊ အလတ်တန်းစား တည်တံ့ရုံသာ ကြိုးစားလျှင် သာမန်ဆင်းရဲသား ဘ၀သာ ရရှိမည်။ ပစ္စုပ္ပန် ကြိုးစားမှုမပြုလျှင်မူ လွန်စွာနိမ့်ကျ ဖုန်းတောင်းယာစကာဘ၀ သို့ရောက်ရသည်။
မြတ်စွာဘုရားသည် သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တနေ့တွင် အရှင်အာနန္ဒာအား ဤသို့ မိန့်တောမှု၏-
‘‘အာနန္ဒာ-ခွက်လက်စွဲကာ တောင်းစားနေကြသည့် ဤသူတောင်းစား လင်မယားကို ကြည့်လော့၊ ထိုသူတို့သည် ဤသာဝတ္တိမြို့၌ ချမ်းသာကြွယ်ဝကြသော သူဌေးကြီးတို့၏ သားနှင့်သားမီးများ ဖြစ်ကြသည်။ သူတို့သည် ငယ်စဉ်က ပညာမသင်ကြဘဲ အိမ်ထောင်ပြုကြ ပြီး မိဘပစ္စည်းများကို ဖြုန်းသုံးနေခဲ့ကြသည်။ မိဘတို့ ကွယ်လွန်ကြသောအခါ ကံ ဉာဏ် ၀ီရိယ တို့ကို အသုံးမချ၊ စီးပွား ဥစ္စာတိုးတက်အောင် မကြိုးစား၊ ရှိပစ္စည်းကိုဖြုန်း ခဲ့သုံးစွဲခဲ့ရာ နောက်ဆုံးတွင် ဥစ္စာကုန်ဆုံး၊ လူလုံးမလှ ခွက်လက်စွဲကာ တောင်းစားရသည့် ဖုန်တောင်းယာ စကာဘ၀သို့ ရောက်ကြရသည်။
’’ထိုလင်မယားနှစ်ယောက်တို့သည် အကယ်၍ ပထမအရွယ်တွင် စီးပွားဥစ္စာ ကြိုးစားရှာဖွေပါက ဤမြို့တွင် ပထမတန်းစား သူဌေးကြီးဘ၀ ရောက်နိုင်ကြသည်၊ ရဟန်း ပြုကာ ရဟန်းတရား အားထုတ်ပါမှု အထက်မဂ်ဖိုတို့ကို ရရှိနိုင်ကြသည်။ ဒုတိယအရွယ်တွင် သတိရပြီး ကြိုးစားပါက အလတ်တန်စား သူဌေးဘ၀သို့ ရောက်နိုင် ကြသည်။ တတိယ အရွယ်မှ သတိရပြီး ကြိုးစားပါ လူတန်းစေ့ ဘ၀မျိုးရနိုင်ကြသည်။ ရဟန်းပြုပါက အကျင့်မြတ်နှင့် ပြည့်စုံသူရဟန်းကောင်းများ ဖြစ်နိုင်ကြသည်။ ယခုမြင်တွေ့နေရသည့် သူတောင်းစားဘ၀ အဆင့်သို့ ရောက်သွားကြလေသည်’’ ဟု မိန့်တော်မှုလေသည်။
အတိတ်ကံကောင်၍ အလွန်ရခဲလှသည့် ဒုလ္လဘငါးဖြာ အပါအ၀င်လူအဖြစ်ကို ရခဲ့ကြပြီ ဖြစ်သည်။ လူ့ဘ၀ လူဖြစ်နေရခြင်းသည် အလွန်ကြီးကျယ် လှသော အခွင့်အရေးကြီး ဖြစ်သည်။ ဒုဂ္ဂတိဘ၀များတွင်သာ သတ္တ၀ါတို့ အမြဲထာဝရ နေအိမ် ဖြစ်နေကြရသည်။ ဒုစရိုက် တရားတို့ကို သာထပ်တလဲလဲ လုပ်ဆောင်နေကြသဖြင့် ဒုဂ္ဂတိဘ၀များသာ အဆက်မပြတ် ဖြစ်ပေါ်နေကြသည်။ ကြုံခဲလှသည့် ဘုရားသာသနာနှင့် ကြုံတွေ့လာသည့် အခိုက် ကမ္မဿကတာသမ္မာဒိဌိအမြင်မှန်ဖြင့် ပစ္စုပ္ပန်ကံကောင်းများ အမြဲဖြစ်ပွားနေရေး၊ သူစရိုက် တရား များတိုးပွားနေရေးအတွက် အလေးထားလုပ်ဆောင်ရပေမည်။

အပြည့်အစုံသို့...

Tuesday, July 8, 2008

ဝေလာမ ပုဏ္ဏားကြီး၏ အလှုတော်

ရှေးလွန်လေပြီးသောအခါ ဘုရားလောင်းတော်သည် ဗာရာဏသီပြည်၌ ပုရာဟိတ် ပုဏ္ဏာကြီး၏ သားတော် ဖြစ်လေသည်။ ဝေလာမ သာတို့သားဟု အမည်မှည့်ကြသည်။ (၁၆)နှစ် အရွယ်ရှိသောအခါ ဗာရာဏသီမင်း၏ သားတော်နှင့် အတူ ပညာသင်ယူရန် တက္ကသိုလ်ပြည်သို့ သွားခဲ့သည်။ ဘုရားလောင်းတော်သည် ဆရာသင်ပြ သည့်အတိုင်း အတတ်ပညာ များကို သင်ယူ နိုင်သဖြင့် ဆရာကြီး၏ အားကိုးရသော တပည့်ကြီး ဖြစ်လာသည်။
နောင်အခါ ဝေလာမလုလင်သည် ဗာရာဏသီသို့ ပြန်လာခဲ့သည်။ ဗာရာဏသီ မင်းသားကို မင်းအဖြစ် အဘိသိက်သွန်းပြီး ဝေလာမ လုလင် ကို ပုရောဟိတ်ရာထူး ပေးသည်။ တနေ့သော် ဝေလာမပုဏ္ဏာကြီးသည် ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက်ပိုင် စုဆောင်း ထား ခဲ့သော ရတနာ ခုနစ်ပါးဖြင့် ပြည့်နေသည့် တိုက်ခန်းတို့ကို ဖွင့်လှစ် ကြည်ရှုပြီးလျှင် ဇမ္ဗူဒိပ် တကျွန်းလုံး တုန်လှုပ်သွားစေမည့် အလှု ဒါနကြီးကို ပြုရမှုကောင်းလေစွ ဟု ကြံစည်မိ လေသည်။

ထိုအကြောင်းကို ဗာရာဏသီမင်းအား လျှောက်ထားပြီး ဂင်္ဂါ မြစ်ကမ်းပါး၌ များပြား လှသော ဖိုခနောက်ဆိုင် အတန်းကြီးကို ပြုလုပ်၍ ထောပတ်၊ ပျားရည်၊ ဆန်၊ ဆီ စသည်တို့ ထားရန် ဘဏ္ဍ ကျီ ကြ ဆောက်လုပ်စေပြီး ‘‘ယနေ့မှစ၍ ဝေလာမ ပုဏ္ဏာကြီး၏ အလှု ဒါနပွဲသို့ လာရောက် စားသောက် ယူငင် ကြကုန်လော့’’ ဟု စည် လှည့်လည် စေသည်။ ထို့နောက် ဝေလာမ ပုဏ္ဏာကြီးသည် အ၀တ်တန်ဆာ ရတနာ များကို ပြည့်စုံစွာ ဆင်ယင်လျက် ရွှေကရားကို ယူကာ ‘‘ဤလောက၌ ကျွန်ုပ်၏ အလှုကို ခံယူထိုက်သော မြတ်သော အလှုခံ ပုဂ္ဂိုလ် တို့ ရှိပါက ကရားထဲမှ ရေသည် မြေပေါ်သို့ ကျပါစေ၊ အကယ်၍ အရှိပါက မကျပါစေနှင့် ’’ ဟု အဓိဌာန်၍ ကရားကို မှောက်သွန် လိုက်သည်။ ကရားထဲမှ ရေ ထွက်ကျ မလာပေ။
ထိုအခါ ဘုရားလောင်းသည် ‘‘ ဤဇမ္ဗူဒိပ်ကျွန်းသည် အချည်းနှီး ဖြစ်ခဲ့လေပြီ၊ ငါ၏ အလှုကို ခံယူနိုင်သော မြတ်သော အလှုခံပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ မရှိပေ’’ ဟု သိရှိပြီးနောက် စိတ်မချမ်းသာမှု မဖြစ်စေဘဲ ‘‘ မိမိအလှုရှင်ဘက်မှ သန့်ရှင်းစင်ကြယ်ပါမူ ဤကရားမှ ရေသည် ထွက်၍မြေပြင်၌ တည်ပါစေသား ’’ ဟု ကြံစည်စိတ်ကူးလျက် ကရားကို သွန်ချလိုက်ရာ ရေထွက်ကျ၍ မြေ၌ တည်လေ၏ ။ ထိုအချိန်မှ စ၍ ယာဂု သောက်ချိန်၌ ယာဂု အလှု၊ ခဲဖွယ်စားချန်၌ ခဲဖွယ်အလှု၊ ထမင်းစားချိန်၌ ထမင်းအလှုတို့ကို နေ့စဉ် နေ့တိုင်း ပေးလှုလေ၏ ။
ထိုဒါန အလှုပွဲ၌ ဤအရာသည် ရှိသည်၊ ဤအရာ မရှိဟု ဆိုဖွယ်မရှိစေရန် ပြည့်စုံ အောင်စီစဉ်ထား၏ ။ ဤအချိန်၌သာ ရနိုင်သည်၊ ထိုအချိန်၌ မရနိုင်ဟု အချိန်ကန့်သတ် ချက်မရှိ၊ အချိန်ပြည့် စီစဉ်ထား၏ ။
ငွေအပြည့် ထည့်ထားသော ရွှေခွက်၊ ရွှေအပြည့် ထည့်ထားသော ငွေခွက်၊ ငွေအပြည့် ထည့်ထားသော ကြေးခွက် ပေါင်း(၈၄၀၀၀) စီကို လည်းကောင်း၊ ရွှေထည်တန်ဆာ ဆင်ထားသော ဆင်ပေါင်း (၈၄၀၀၀) ၊ ခြင်္သေ့ရေ ကျားရေ သစ်ရေ တို့ဖြင့် တန်ဆာ ဆင် ထားသော ရထားပေါင်း (၈၄၀၀၀)၊ နို့ထွက် အလွန်ကောင်းသော နို့စား နွားမပေါင်း (၈၄၀၀၀)၊ ပတ္တမြား ပုလဲ စသည့် ရတနာ များဖြင့် တန်ဆာ ဆင်ထားသော အမျိုးသမီးပေါင်း (၈၄၀၀၀)၊ သားသမင်ရုပ် တို့ဖြင့် တန်ဆာ ဆင်ထားသော ပလ္လင်ပေါင်း (၈၄၀၀၀)၊ ခေါမတိုင်းဖြစ် အလွန် နူးညံသော ချည်ထည် ကမ္ဗလာ ထည်ပေါင်း ကုဋေပေါင်း များစွာတို့ကို လည်းကောင်း ပေးလှုခဲ့သည်။ စားဖွယ် သောက်ဖွယ် များမှာမှု အလို ရှိသူတိုင်း အလိုရှိသလောက် ယူငင် သုံးစွဲနိုင်ရန် စီစဉ် လှုဒါန်းသည်၊ ထမင်းရည် ချောင်းစီး အလှုကြီးကို ပေးလှုခဲ့သည်။
ထိုသို့ အလွန်ကြီး ကျယ်များပြားသည့် အလှု ဒါနပွဲကြီး ပြုလုပ်သောလည်း မြတ်သော အလှုကို ခံယူထိုက်သော အလှုခံပုဂ္ဂိုလ်တစ်ဦး တစ်ယောက်မျှ မပါရှိပေ။ အလှုခံပုဂ္ဂိုလ် အားလုံးတို့မှာ ငါးပါး သီလကိုပင် မစောင့်ထိန်း ကြသည့် သီလမရှိသော ပုဂ္ဂိုလ် ချည်းသာ ဖြစ်ခဲ့သည်။ ထို့ကြောင့် ဝေလာမ ပုဏ္ဏာကြီး၏ ဒါနသည် သာသနာပ အလှုဒါန ဖြစ်၍ ကြီးမားသော အကျိုးပေးမှု မဖြစ်ပေ။
မြတ်စွာဘုရားသည် အကျိုးကြီသော ဒါနနှင့် ပတ်သတ်၍ အောက်ပါအတိုင်း ဟောပြတော်မှု ခဲ့သည် -
ဝေလာမ ပုဏ္ဏာကြီး၏ ထမင်းရည် ချောင်းစီး ရာသက်ပန် အလှုကြီးထက် သောတပန် ပုဂ္ဂိုလ်တစ်ဦးအား ဆွမ်းတစ်နပ် လှုဒါန်း ရခြင်းက ပို၍ အကျိုးကြီး၏ ။ သောတပန် ပုဂ္ဂိုလ်တစ်ရာ အား လှုဒါန်း ရခြင်းထက် သကဒါဂါမ်ပုဂ္ဂိုလ် တစ်ဦးအား လှုဒါန်း ရခြင်းက ပို၍ အကျိုးကြီး၏ ။
ဤသို့လျှင် လောက၌ လူတို့သည် အလှုဒါန အမျိုးမျိုးကို လူမျိုးအလိုက် ဘာသာ အလိုက် ပြုလုပ်လျက်ရှိကြသည်။ ဗုဒ္ဓဘာသာ မှတပါး အခြားသော သူတို့၏ ဒါနမှာ လောကီရေး ကို ရှေးရှုသော ဒါနများ ဖြစ်ကြသည်။ ဤဘ၀ ကြီးပွားရေး တိုးတက်ရေး ပြည့်စုံရေး အတွက်သာ အဓိက ရည်ရွယ်သော ဒါနမျိုးသာ ဖြစ်ကြသည်။ အမှန်မှာ ဒါန တရားသည် ပစ္စက္ခတမလွန် သံသရာ တလျှောက် ကြီးမား သော အကျိုးကို ပေးနိုင်သည့် တရား ဖြစ်သည်။ ဒါနကို ပြုသောအခါ စေတနာ သုံးတန် ပြည့်ဝစွာ ပြုလုပ် လှုဒါန်းခြင်း၊ ကံ,ကံ ၏အကျိုး ကို သိမြင် ယုံကြည်မှု ကမ္မဿကတာဉာဏ်ဖြင့် ပြုလုပ် လှုဒါန်းခြင်း၊ သာသနာတော် ပွင့်ထွန်းခိုက်မှာသာ လှုဒါန်းခွင့်ရသည့် ဘုရား၊ တရား ၊ သံဃာ ရတနာ မြတ်သုံးပါး တို့အား လှုဒါန်း ရခြင်းတို့နှင့် ပြည့်စုံ ညီညွတ်မှသာ ကြီးမားသော အကျိုးကို ရရှိမည်ဖြစ်သည်။
သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်တို့သည် သာသနာတော်တွင်း အလှုဒါနများကို နည်းစနစ်မှန် ကန်စွာ လှုဒါန်းခြင်းဖြင့် ဘ၀သံသရာ ကောင်းမွန် သော ရိက္ခာထုပ်ကို ဖြည့်ဆည်း သင့် ကြပေသည်။


အပြည့်အစုံသို့...

Sunday, July 6, 2008

အကျိုးကြီးသော ဒါနနှင့် အကျိုးနည်းသော ဒါန

မြတ်စွာဘုရားသည် သာသတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဝေဠုကဏတီမြို့သူ နန္ဒ မာတာ ဥပါသိကာ ဒါယိကာမက အဂ္ဂသာသကနှစ်ပါး အမှုးရှိသော သံဃာတော်တို့အား အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှုကြီပေးလှုနေသည်ကို ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် မြင်တော်မှု၍ အကျိုးကြီးသော ဒါနအကြောင်းကို ဟောပြတော်မှုခဲ့သည်။

အကျိုးကြီးသော ဒါန၏ အင်္ဂါရပ်များမှာ-
(၁) မလှုမီ ရှေ့အဖို့က ကြိုတင်ဝမ်းမြောက်ခြင်း၊
(၂) လှုဆဲအခါမှာ စိတ်စေတနာကောင်းစွာ ကြည်လင်ခြင်း၊
(၃) လှုဒါန်းပြီးနောက် နှစ်သက်ဝမ်းမြောက်သောစိတ်ရှိခြင်း ဟူသော အလှုရှင်ဘက်က အင်္ဂါ(၃)ပါးနှင့် ပြည့်စုံခြင်း၊
(၄) ရာဂကင်းပြီးသူ (သို့မဟုတ်) ရာဂကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း၊
(၅) ဒေါသကင်းပြီးသူ (သို့မဟုတ်) ဒေါသကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း၊
(၆) မောဟကင်းပြီးသူ (သို့မဟုတ်) မောဟကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း ဟူသော အလှုခံဘက်က အင်္ဂါသုံးပါးနှင့် ပြည့်စုံခြင်း။

ဤအင်္ဂါ ခြောက်ပါးနှင့် ပြည့်စုံသော အလှုကို အတိုင်းမသိ အကျိုးပေးခြင်းရှိသည့် အကျိုးကြီးသော ဒါန ဟူ၍ ဟောတော်မှု၏။ ဤအင်္ဂါ ခြောက်ပါးတွင် တစ်ပါးပါး ယုတ်လျော့နေလျှင် အကျိုးပေး အာနုဘော် ဆုတ်ယုတ်သဖြင့် အကျိုးနည်းသော ဒါန ဟုဟောတော်မှုသည်။
ထို့အပြင် အောက်ပါ အင်္ဂါလေးပါးနှင့်ညီညွတ်သော အလှုဒါနသည် ချက်ချင်း အကျိုးပေး တတ်သဖြင့် အကျိုးကြီးသော ဒါနဖြစ်သည်။ ၄င်းအင်္ဂါလေးပါးမှာ-
(၁) လှုဖွယ်ဝတ္ထုပစ္စည်းက တရားသဖြင့် ရှာဖွေရရှိထားသည့် ဓမ္မိယလဒ္ဓပစ္စည်းဖြစ်ခြင်း၊
(၂) လှုဒါန်းသူသည် သဒါတရား ထက်ထက်သန်သန် စေတနာ သုံးတန်ညီညွတ်၍ လှူဒါန်းခြင်း၊
(၃) အလှုခံပုဂ္ဂိုလ်က ရဟန္တာ (သို့မဟုတ်) အနာဂါမ်ပုဂ္ဂိုလ် ဖြစ်ခြင်း၊
(၄) ထိုအလှုခံပုဂ္ဂိုလ်သည် နိရောဓသမာပတ်မှ ထပြီးစဖြစ်ခြင်း-
တို့ဖြစ်ကြသည်။

ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော အလှုဒါနသည် ပုဏ္ဏသူဌေး၊ ကာက၀လိယသူဌေး၊ သုမနပန်းသည် စသည် တို့ကဲ့သို့ ယခုဘ၀မှာပင် ချက်ချင်း အကျိုးပေးသောကြောင့် အကျိုးကြီးသော ဒါနမည်၏။ ဤအင်္ဂါလေးပါးတွင် တစ်ပါးပါးယုတ်နေလျှင် အကျိုးပေးအာနုဘော် ဆုတ်ယုတ်သဖြင့် အကျိုးနည်းသော ဒါန မည်၏။
ထို့အပြင်လည်း အောက်ပါအင်္ဂါ ငါးပါးနှင့် ပြည့်စုံသော အလှုဒါနသည် အကျိုးကြီးသော ဒါနဖြစ်သည်။၎င်း အင်္ဂါငါးပါးမှာ-
(၁) အလှုဒါယကာ သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊
(၂) အလှုခံပုဂ္ဂိုလ်ကလည်း သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊
(၃) လှုဖွယ်ဝတ္ထုကလည်း တရားသဖြင့် ရှာမှီး၍ ရအပ်သည့် ဓမ္မိယလဒ္ဓပစ္စည်း ဖြစ်ခြင်း၊
(၄) ပေးလှုသူသည် စေတနာသုံးတန် ထက်သန်ခြင်း၊
(၅) ကံ, ကံ၏အကျိုးကို ယုံကြည်မှုသဒ္ဓါတရားနှင့် ပြည့်စုံခြင်း တို့ဖြစ်သည်။

ဤအင်္ဂါငါးပါး နှင့်ပြည့်စုံသော ဒါနသည် ဘ၀သံသရာ တလျှောက်၌ ဘောဂသမ္ပတ္တိများ ကို ပေးဆောင်နိုင် သဖြင့် အကျိုးကြီးသော ဒါနမည်၏။ ဤအင်္ဂါ ငါးပါးတွင် တစ်ပါးပါးယုတ်လျော့ နေလျှင် အကျိုးပေး အာနုဘော် ဆုတ်ယုတ်သဖြင့် အကျိုးနည်းသော ဒါန မည်၏။

သောတပန်နှင့် အလားတူသောဒါန
(၁) ဆွမ်းဒါယကာ၏ အမည်ကိုရေး၍ သံဃာထဲမှ မဲကျသောရဟန်းတို့အား လှုဒါန်း အပ်သော သလာကဘတ် အလှု၊
(၂) လဆန်း-လဆုတ် ၇-ရက်၊ ၈-ရက်၊၁၄-ရက်၊၁၅- ရက်နေ့တို့၌ ဥပုသ်စောင့်သုံးကာ လှုဒါန်းအပ်သော ပက္ခိကဘတ် အလှု၊
(၃) ၀ါဆိုသင်္ကန်း အလှု၊
(၄) ရေးတွင်းရေကန် အလှု၊
(၅) ဇရပ်၊ တန်ဆောင်း၊ ကျောင်း အလှုတို့ဖြစ်သည်။

ထိုဒါနသည် သောတပန်နှင့် အလားတူစွာ အပါယ်သို့ မကျရောက်ရတော့ဘဲ သုဂတိ ဘ၀သို့သာ အမြဲ လားရောက်ရခြင်းဟူသော အကျိုးကို ရရှိသည်။ သို့ဖြစ်၍ ဤဒါန သည် အကျိုးကြီးသော ဒါန မည်၏။

သာသနာတွင်း သာသနာပ အလှုဒါန အကျိုးကွာခြားပုံ

အကျိုးကြီးသော ဒါန အကျိုးနည်းသော ဒါနတို့နှင့် ပတ်သတ်၍ သာသနာတွင်း ဒါနနှင့် သာသနာပ ဒါနတို့သည် လွန်စွာအလေးထား သင့်သောဒါန တို့ဖြစ်ကြသည်။လောကရှိလူမျိုးတိုင်း ဘာသာတိုင်းသည် အလှုဒါန တစ်ခုခုကို မိမိတို့ယုံကြည်ထား သည့် အယူဝါဒ အလိုက် ပေးလှုနေကြသည်။ သို့သော် အချို့ပုဂ္ဂိုလ်တို့သည် အလှုဒါနပြုလုပ်ရာ၌ ပုဗ္ဗ မုဉ္စစေတနာပြည့်စုံ တတ်ကြသော်လည်း အပရစေတနာ ချို့ယွင်းတတ်သည်။ အပရ
စေတနာ ချို့ယွင်းသော သူတို့သည် လူဖြစ်လာ၍ ချမ်းသာ ကြွယ်ဝကြသော်လည်း ထူးထွေ ကောင်းမြတ်သော စားဖွယ်သောက်ဖွယ် အ၀တ်တန်ဆာ အသုံးအဆောင် ဘဏ္ဍာတို့ကို သုံးဆောင်ခံစားလိုစိတ် မဖြစ်ပေါ်တတ်ခြင်း၊ သုံးဆောင်ခံစားဖို့ရန် စိတ်မညွတ်တတ်ခြင်း၊ သုံးဆောင်ခံစားလိုသောလည်း စည်းစိမ် ဥစ္စာတို့ရုတ်တရက် ပျက်စီးတတ်ခြင်း စသော ဆိုးကျိုးများကို ခံစားရတတ်သည်။ အချို့သော ပုဂ္ဂိုလ်တို့မှာမူ စေတနာသုံးတန် ပြည့်ဝစွာဖြင့် လှုဒါန်း ကြသဖြင့် အကျိုးပေးသောအခါ ဘ၀တစ်ခုလုံး ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် အရွယ်သုံးပါးလုံး ပြည့်စုံစွာ အကျိုးပေးကြသည်။သို့ရာတွင် ကုသိုလ်ပြုရာ၌ ကမ္မဿကတာဉာဏ်ခေါ် ကံ,ကံ၏ အကျိုးကို သိမြင်ယုံကြည်၍ ပေးလှုမှသာ အထက်တန်းကျသော တိဟိတ်ပဋိသန္ဓေ ကျိုးကို ရရှိနိုင်သည်။
စေတနာ သုံးတန်ပြည့်ဝမှု၊ ကမ္မဿကတာဉာဏ် ရှေ့သွားရှိမှုတို့ဖြင့် ကုသိုလ်ပြုကြရာတွင် သာသနာတွင်း ကုသိုလ်နှင့် သာသနာပကုသိုလ် ဟူ၍နှစ်မျိုး ရှိလာပြန်သည်။ သာသနာတော်သည် တွေ့ကြုံဖို့ရန် လွန်စွာခဲယဉ်းလှသည်၊ သာသနာပ ကာလသည် သာလွန်စွာများပြားသည်။ သာသနာတွင်း အချိန်တွင် အနည်းငယ်လှုဒါန်းရသော ကုသိုလ်သည် သာသနာပ အချိန်တွင် ထမင်းရည်ချောင်းစီး အကြီးအကျယ် လှုဒါန်းရသော ကုသိုလ်ထက် အကျိုးပေး ထက်သန်လှသည်။ ဧကသာဋက ပုဏ္ဏားသည် ၀ိပဿီ ဘုရားရှင်အား အပေါ်ရုံကလေး တစ်ထည် လှုဒါန်းခြင်းကြောင့် ၀တ်စုံများစွာ ပူဇော်ခံရသည်။
အရှင်သာရိပုတ္တရာအား ပုဆိုးကြမ်း တစ်ထည်၊ နို့ဃနာဆွမ်း လှုဒါန်းခဲ့ခြင်းကြောင့် ဆွမ်းအုပ် တစ်ထောင်၊ ကမ္ဗလာထည် တစ်ထောင် နှစ်ရက်တည်းနှင့်ရသော အကျိုးကြီးမားပုံ ဖြစ်သည်။ အထင်ရှားဆုံး သာဓကမှာ အင်္ကုရနှင့် ဣန္ဒကနတ်သားတို့ ဒါန အကျိုးပေးပုံ ဖြစ်ပေသည်။

ဣန္ဒကနတ်သားနှင့် အင်္ကုရနတ်သား

မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်သို့ အဘိဓမ္မာတရား ဟောတော်မူရန် ကြွရောက်တော်မူသည်။ ထိုတရားပွဲသို့ ဣန္ဒကနတ်သား ရောက်ရှိလာပြီး မြတ်စွာဘုရား၏ လက်ယာဘက်၌ ထိုင်သည်။ တန်ခိုးကြီးသောနတ် ဗြဟ္မာတို့ ရောက်လာတိုင်း အင်္ကုရနတ်သားသည် နောက်သို့ဆုတ်၍ ဆုတ်၍ နေရာပေးရသဖြင့် တရားဟောသောအခါ မြတ်စွာဘုရားနှင့်(၁၂) ယူဇနာဝေးသော အရပ်၌ နေ၍ တရားနာ ရသည်။

ဣန္ဒကနတ်သားမှာမူ မူလနေရာ၌ပင် နေမြဲနေထိုင်ရပြီး တရားနာရသည်။ တရားပွဲပြီးသောအခါ ထိုအဖြစ်အပျက်ကို ဘုရားရှင်က မေးလာသဖြင့် အင်္ကုရနတ်သားက သာသနာတွင်း ဒါနနှင့် သာသနာပ ဒါနတို့ အကျိုးပေး ကွာခြားပုံကို ကိုယ်တွေ့အဖြစ်အပျက် ဖော်ပြလျက် လျှောက်ထားသည်။
အင်္ကုရနတ်သားလောင်းလျာသည် ကဿပမြတ်စွာဘုရား သာသနာ ကွယ်ပြီးချိန် ဥတ္တရမဓုရာဇ် ပြည့်ရှင် မဟာသာဂရမင်း၏ သားတော် (၁၁) ယောက်တွင် အင်္ကုရ အမည်ရှိသော အငယ်ဆုံး သားတော် ဖြစ်ခဲ့သည်။
အရွယ်ရောက်သောအခါ အရောင်းအ၀ယ် ကုန်သွယ်ခြင်းဖြင့် အသက်မွေးခဲ့သည်။တစ်နေ့တွင် မင်းသားသည် လှည်းအစီးငါးရာဖြင့် ကုန်ရောင်းသွားရာ သဲကန္တာရအတွင်း၌ လမ်းမှား ရိက္ခာပြတ်သဖြင့် ဒုက္ခကြီးစွာ ရောက်နေသည်။ ထိုအခါ သဲကန္တာရ အတွင်း၌ရှိသော ညောင်ပင်စောင့် နတ်မင်းကြီးသည် ရှေးဘ၀က အလှုပေးသည့်နေရာကို အလှုခံပုဂ္ဂိုလ်တို့အား လက်ညှိုး ညွှန်ပြခဲ့သည့်ကောင်းမှုကြောင့် မိမိ၏ လက်ယာလက်မှ အလိုရှိသမျှ အသုံးဆောင် ပစ္စည်း ယိုစီးထွက်လာအောင် ဖန်ဆင်းပေးနိုင်သော တန်ခိုးနှင့် ပြည့်စုံသည်။
ထိုနတ်မင်းကြီးသည် ရှေးဘ၀က မိမိအပေါ် ပြုခဲ့ဖူးသော အင်္ကုရမင်းသား၏ ကျေးဇူးများကို အောက်မေ့၍ မင်းသားလိုအပ်သမျှ အသုံးအဆောင်များကို ဖန်ဆင်းပေးလေသည်။ အင်္ကုမင်းသားသည် နတ်မင်းကြီး ပေးလိုက်သော ရတနာ ရွှေ၊ ငွေများကို လှည်းအစီးငါးရာတို့ဖြင့် အပြည့် တင်ဆောင်ကာ မိမိရပ်ရွာသို့ ပြန်ခဲ့သည်။
မိမိနေရာသို့ ရောက်သောအခါ အနှစ်တစ်သောင်းကြာအောင် ထမင်းရည်ချောင်းစီး အလှုကြီးပေးခဲ့သည်။ ထိုဘ၀မှ စုတေလတ်သော် တာဝတိံသာ နတ်ပြည်၌ အင်္ကုရနတ်သား ဖြစ်လာသည်။
အင်္ကုရမင်းသားသည် ထိုမျှကြီးစွာ အခါရှည်မြင့်လှုဒါန်းခဲ့သော်လည်း သာသနာပြင်ပဖြစ်၍ သီလမရှိသူ အလှုခံပုဂ္ဂိုလ်များကိုသာ လှုဒါန်းခဲ့ရကား မြေညံ့၌ စိုက်ပျိုးသော မျိုးစေ့ကဲ့သို့ အကျိုးဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းဘဲ ရှိလေသည်။
ဣန္ဒကနတ်သားသည် မြတ်စွာဘုရားလက်ထက်တော်အခါ၌ ဣန္ဒကအမည်ရှိသော လုလင် ဖြစ်ခဲ့သည်။ ဆွမ်းခံကြွလာသော အရှင်အနုရုဒ္ဓါမထေရ်အား သဒ္ဓါကြည်ညိုသော စိတ်ဖြင့် တစ်ဇွန်းစာမျှသော ဆွမ်းကို လှုဒါန်း ခဲ့သည်။ ဣန္ဒကလုလင်သည် ကွယ်လွန်သည်ရှိသော် တာဝတိံသာနတ်ပြည်၌ ဣန္ဒကနတ်သားဖြစ်လာသည်။ သာသနာတော်ဝန်ထမ်း အရှင်အနုရုဒ္ဓါ ရဟန်းတော်တည်းဟူသော လယ်မြေကောင်း၌ ဆွမ်းတဆွမ်းတည်း ဟူသော ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးခဲ့သော အာနုဘော်ကြောင့် တာဝတိံသာ နတ်ပြည်၌ တန်ခိုး အာနုဘော် ကြီးသော နတ်သားဖြစ်ပြီးလျှင် သုံးဆောင်ဖွယ်ရာ အဆင်းအာရုံ၊ အသံအာရုံ၊ အနံ့အာရုံ၊ အရသာအာရုံ၊ အတွေ့အထိအာရုံတို့နှင့်တကွ အသက်ရှည်ခြင်း၊ အခြံအရံများခြင်း၊ ပုံပန်းသဏ္ဌန် တင့်တယ်ခြင်း၊ ချမ်းသာကြီးခြင်း၊ အစိုးရခြင်း ဤဆယ်ရပ်သော ဂုဏ်ကျေးဇူးတို့၌ အင်္ကုရနတ်သားထက် သာလွန် တင့်တယ်လေသည်။ ဤသို့လျှင် မြတ်စွာဘုရား၏ သာသနာတော်တွင်း၌ လှုအပ်သော အလှုသည် အကျိုးကြီးသော ဒါန ဖြစ်သည်။ သာသနာပ အလှုဒါနနှင့် သာသနာခေတ်နှင့် ကြုံကြိုက်သော်လည်း ဗုဒ္ဓဘာသာကို မယုံကြည်မကိုးကွယ်သော သူတို့၏ အလှုဒါန တို့သည် အကျိုးနည်းသော ဒါန များပင် ဖြစ်လေသည်။







အပြည့်အစုံသို့...

Original Design by : x-template.blogspot.com.

Modified by :...