Sunday, July 6, 2008

အကျိုးကြီးသော ဒါနနှင့် အကျိုးနည်းသော ဒါန

မြတ်စွာဘုရားသည် သာသတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဝေဠုကဏတီမြို့သူ နန္ဒ မာတာ ဥပါသိကာ ဒါယိကာမက အဂ္ဂသာသကနှစ်ပါး အမှုးရှိသော သံဃာတော်တို့အား အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှုကြီပေးလှုနေသည်ကို ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် မြင်တော်မှု၍ အကျိုးကြီးသော ဒါနအကြောင်းကို ဟောပြတော်မှုခဲ့သည်။

အကျိုးကြီးသော ဒါန၏ အင်္ဂါရပ်များမှာ-
(၁) မလှုမီ ရှေ့အဖို့က ကြိုတင်ဝမ်းမြောက်ခြင်း၊
(၂) လှုဆဲအခါမှာ စိတ်စေတနာကောင်းစွာ ကြည်လင်ခြင်း၊
(၃) လှုဒါန်းပြီးနောက် နှစ်သက်ဝမ်းမြောက်သောစိတ်ရှိခြင်း ဟူသော အလှုရှင်ဘက်က အင်္ဂါ(၃)ပါးနှင့် ပြည့်စုံခြင်း၊
(၄) ရာဂကင်းပြီးသူ (သို့မဟုတ်) ရာဂကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း၊
(၅) ဒေါသကင်းပြီးသူ (သို့မဟုတ်) ဒေါသကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း၊
(၆) မောဟကင်းပြီးသူ (သို့မဟုတ်) မောဟကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း ဟူသော အလှုခံဘက်က အင်္ဂါသုံးပါးနှင့် ပြည့်စုံခြင်း။

ဤအင်္ဂါ ခြောက်ပါးနှင့် ပြည့်စုံသော အလှုကို အတိုင်းမသိ အကျိုးပေးခြင်းရှိသည့် အကျိုးကြီးသော ဒါန ဟူ၍ ဟောတော်မှု၏။ ဤအင်္ဂါ ခြောက်ပါးတွင် တစ်ပါးပါး ယုတ်လျော့နေလျှင် အကျိုးပေး အာနုဘော် ဆုတ်ယုတ်သဖြင့် အကျိုးနည်းသော ဒါန ဟုဟောတော်မှုသည်။
ထို့အပြင် အောက်ပါ အင်္ဂါလေးပါးနှင့်ညီညွတ်သော အလှုဒါနသည် ချက်ချင်း အကျိုးပေး တတ်သဖြင့် အကျိုးကြီးသော ဒါနဖြစ်သည်။ ၄င်းအင်္ဂါလေးပါးမှာ-
(၁) လှုဖွယ်ဝတ္ထုပစ္စည်းက တရားသဖြင့် ရှာဖွေရရှိထားသည့် ဓမ္မိယလဒ္ဓပစ္စည်းဖြစ်ခြင်း၊
(၂) လှုဒါန်းသူသည် သဒါတရား ထက်ထက်သန်သန် စေတနာ သုံးတန်ညီညွတ်၍ လှူဒါန်းခြင်း၊
(၃) အလှုခံပုဂ္ဂိုလ်က ရဟန္တာ (သို့မဟုတ်) အနာဂါမ်ပုဂ္ဂိုလ် ဖြစ်ခြင်း၊
(၄) ထိုအလှုခံပုဂ္ဂိုလ်သည် နိရောဓသမာပတ်မှ ထပြီးစဖြစ်ခြင်း-
တို့ဖြစ်ကြသည်။

ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော အလှုဒါနသည် ပုဏ္ဏသူဌေး၊ ကာက၀လိယသူဌေး၊ သုမနပန်းသည် စသည် တို့ကဲ့သို့ ယခုဘ၀မှာပင် ချက်ချင်း အကျိုးပေးသောကြောင့် အကျိုးကြီးသော ဒါနမည်၏။ ဤအင်္ဂါလေးပါးတွင် တစ်ပါးပါးယုတ်နေလျှင် အကျိုးပေးအာနုဘော် ဆုတ်ယုတ်သဖြင့် အကျိုးနည်းသော ဒါန မည်၏။
ထို့အပြင်လည်း အောက်ပါအင်္ဂါ ငါးပါးနှင့် ပြည့်စုံသော အလှုဒါနသည် အကျိုးကြီးသော ဒါနဖြစ်သည်။၎င်း အင်္ဂါငါးပါးမှာ-
(၁) အလှုဒါယကာ သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊
(၂) အလှုခံပုဂ္ဂိုလ်ကလည်း သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊
(၃) လှုဖွယ်ဝတ္ထုကလည်း တရားသဖြင့် ရှာမှီး၍ ရအပ်သည့် ဓမ္မိယလဒ္ဓပစ္စည်း ဖြစ်ခြင်း၊
(၄) ပေးလှုသူသည် စေတနာသုံးတန် ထက်သန်ခြင်း၊
(၅) ကံ, ကံ၏အကျိုးကို ယုံကြည်မှုသဒ္ဓါတရားနှင့် ပြည့်စုံခြင်း တို့ဖြစ်သည်။

ဤအင်္ဂါငါးပါး နှင့်ပြည့်စုံသော ဒါနသည် ဘ၀သံသရာ တလျှောက်၌ ဘောဂသမ္ပတ္တိများ ကို ပေးဆောင်နိုင် သဖြင့် အကျိုးကြီးသော ဒါနမည်၏။ ဤအင်္ဂါ ငါးပါးတွင် တစ်ပါးပါးယုတ်လျော့ နေလျှင် အကျိုးပေး အာနုဘော် ဆုတ်ယုတ်သဖြင့် အကျိုးနည်းသော ဒါန မည်၏။

သောတပန်နှင့် အလားတူသောဒါန
(၁) ဆွမ်းဒါယကာ၏ အမည်ကိုရေး၍ သံဃာထဲမှ မဲကျသောရဟန်းတို့အား လှုဒါန်း အပ်သော သလာကဘတ် အလှု၊
(၂) လဆန်း-လဆုတ် ၇-ရက်၊ ၈-ရက်၊၁၄-ရက်၊၁၅- ရက်နေ့တို့၌ ဥပုသ်စောင့်သုံးကာ လှုဒါန်းအပ်သော ပက္ခိကဘတ် အလှု၊
(၃) ၀ါဆိုသင်္ကန်း အလှု၊
(၄) ရေးတွင်းရေကန် အလှု၊
(၅) ဇရပ်၊ တန်ဆောင်း၊ ကျောင်း အလှုတို့ဖြစ်သည်။

ထိုဒါနသည် သောတပန်နှင့် အလားတူစွာ အပါယ်သို့ မကျရောက်ရတော့ဘဲ သုဂတိ ဘ၀သို့သာ အမြဲ လားရောက်ရခြင်းဟူသော အကျိုးကို ရရှိသည်။ သို့ဖြစ်၍ ဤဒါန သည် အကျိုးကြီးသော ဒါန မည်၏။

သာသနာတွင်း သာသနာပ အလှုဒါန အကျိုးကွာခြားပုံ

အကျိုးကြီးသော ဒါန အကျိုးနည်းသော ဒါနတို့နှင့် ပတ်သတ်၍ သာသနာတွင်း ဒါနနှင့် သာသနာပ ဒါနတို့သည် လွန်စွာအလေးထား သင့်သောဒါန တို့ဖြစ်ကြသည်။လောကရှိလူမျိုးတိုင်း ဘာသာတိုင်းသည် အလှုဒါန တစ်ခုခုကို မိမိတို့ယုံကြည်ထား သည့် အယူဝါဒ အလိုက် ပေးလှုနေကြသည်။ သို့သော် အချို့ပုဂ္ဂိုလ်တို့သည် အလှုဒါနပြုလုပ်ရာ၌ ပုဗ္ဗ မုဉ္စစေတနာပြည့်စုံ တတ်ကြသော်လည်း အပရစေတနာ ချို့ယွင်းတတ်သည်။ အပရ
စေတနာ ချို့ယွင်းသော သူတို့သည် လူဖြစ်လာ၍ ချမ်းသာ ကြွယ်ဝကြသော်လည်း ထူးထွေ ကောင်းမြတ်သော စားဖွယ်သောက်ဖွယ် အ၀တ်တန်ဆာ အသုံးအဆောင် ဘဏ္ဍာတို့ကို သုံးဆောင်ခံစားလိုစိတ် မဖြစ်ပေါ်တတ်ခြင်း၊ သုံးဆောင်ခံစားဖို့ရန် စိတ်မညွတ်တတ်ခြင်း၊ သုံးဆောင်ခံစားလိုသောလည်း စည်းစိမ် ဥစ္စာတို့ရုတ်တရက် ပျက်စီးတတ်ခြင်း စသော ဆိုးကျိုးများကို ခံစားရတတ်သည်။ အချို့သော ပုဂ္ဂိုလ်တို့မှာမူ စေတနာသုံးတန် ပြည့်ဝစွာဖြင့် လှုဒါန်း ကြသဖြင့် အကျိုးပေးသောအခါ ဘ၀တစ်ခုလုံး ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် အရွယ်သုံးပါးလုံး ပြည့်စုံစွာ အကျိုးပေးကြသည်။သို့ရာတွင် ကုသိုလ်ပြုရာ၌ ကမ္မဿကတာဉာဏ်ခေါ် ကံ,ကံ၏ အကျိုးကို သိမြင်ယုံကြည်၍ ပေးလှုမှသာ အထက်တန်းကျသော တိဟိတ်ပဋိသန္ဓေ ကျိုးကို ရရှိနိုင်သည်။
စေတနာ သုံးတန်ပြည့်ဝမှု၊ ကမ္မဿကတာဉာဏ် ရှေ့သွားရှိမှုတို့ဖြင့် ကုသိုလ်ပြုကြရာတွင် သာသနာတွင်း ကုသိုလ်နှင့် သာသနာပကုသိုလ် ဟူ၍နှစ်မျိုး ရှိလာပြန်သည်။ သာသနာတော်သည် တွေ့ကြုံဖို့ရန် လွန်စွာခဲယဉ်းလှသည်၊ သာသနာပ ကာလသည် သာလွန်စွာများပြားသည်။ သာသနာတွင်း အချိန်တွင် အနည်းငယ်လှုဒါန်းရသော ကုသိုလ်သည် သာသနာပ အချိန်တွင် ထမင်းရည်ချောင်းစီး အကြီးအကျယ် လှုဒါန်းရသော ကုသိုလ်ထက် အကျိုးပေး ထက်သန်လှသည်။ ဧကသာဋက ပုဏ္ဏားသည် ၀ိပဿီ ဘုရားရှင်အား အပေါ်ရုံကလေး တစ်ထည် လှုဒါန်းခြင်းကြောင့် ၀တ်စုံများစွာ ပူဇော်ခံရသည်။
အရှင်သာရိပုတ္တရာအား ပုဆိုးကြမ်း တစ်ထည်၊ နို့ဃနာဆွမ်း လှုဒါန်းခဲ့ခြင်းကြောင့် ဆွမ်းအုပ် တစ်ထောင်၊ ကမ္ဗလာထည် တစ်ထောင် နှစ်ရက်တည်းနှင့်ရသော အကျိုးကြီးမားပုံ ဖြစ်သည်။ အထင်ရှားဆုံး သာဓကမှာ အင်္ကုရနှင့် ဣန္ဒကနတ်သားတို့ ဒါန အကျိုးပေးပုံ ဖြစ်ပေသည်။

ဣန္ဒကနတ်သားနှင့် အင်္ကုရနတ်သား

မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်သို့ အဘိဓမ္မာတရား ဟောတော်မူရန် ကြွရောက်တော်မူသည်။ ထိုတရားပွဲသို့ ဣန္ဒကနတ်သား ရောက်ရှိလာပြီး မြတ်စွာဘုရား၏ လက်ယာဘက်၌ ထိုင်သည်။ တန်ခိုးကြီးသောနတ် ဗြဟ္မာတို့ ရောက်လာတိုင်း အင်္ကုရနတ်သားသည် နောက်သို့ဆုတ်၍ ဆုတ်၍ နေရာပေးရသဖြင့် တရားဟောသောအခါ မြတ်စွာဘုရားနှင့်(၁၂) ယူဇနာဝေးသော အရပ်၌ နေ၍ တရားနာ ရသည်။

ဣန္ဒကနတ်သားမှာမူ မူလနေရာ၌ပင် နေမြဲနေထိုင်ရပြီး တရားနာရသည်။ တရားပွဲပြီးသောအခါ ထိုအဖြစ်အပျက်ကို ဘုရားရှင်က မေးလာသဖြင့် အင်္ကုရနတ်သားက သာသနာတွင်း ဒါနနှင့် သာသနာပ ဒါနတို့ အကျိုးပေး ကွာခြားပုံကို ကိုယ်တွေ့အဖြစ်အပျက် ဖော်ပြလျက် လျှောက်ထားသည်။
အင်္ကုရနတ်သားလောင်းလျာသည် ကဿပမြတ်စွာဘုရား သာသနာ ကွယ်ပြီးချိန် ဥတ္တရမဓုရာဇ် ပြည့်ရှင် မဟာသာဂရမင်း၏ သားတော် (၁၁) ယောက်တွင် အင်္ကုရ အမည်ရှိသော အငယ်ဆုံး သားတော် ဖြစ်ခဲ့သည်။
အရွယ်ရောက်သောအခါ အရောင်းအ၀ယ် ကုန်သွယ်ခြင်းဖြင့် အသက်မွေးခဲ့သည်။တစ်နေ့တွင် မင်းသားသည် လှည်းအစီးငါးရာဖြင့် ကုန်ရောင်းသွားရာ သဲကန္တာရအတွင်း၌ လမ်းမှား ရိက္ခာပြတ်သဖြင့် ဒုက္ခကြီးစွာ ရောက်နေသည်။ ထိုအခါ သဲကန္တာရ အတွင်း၌ရှိသော ညောင်ပင်စောင့် နတ်မင်းကြီးသည် ရှေးဘ၀က အလှုပေးသည့်နေရာကို အလှုခံပုဂ္ဂိုလ်တို့အား လက်ညှိုး ညွှန်ပြခဲ့သည့်ကောင်းမှုကြောင့် မိမိ၏ လက်ယာလက်မှ အလိုရှိသမျှ အသုံးဆောင် ပစ္စည်း ယိုစီးထွက်လာအောင် ဖန်ဆင်းပေးနိုင်သော တန်ခိုးနှင့် ပြည့်စုံသည်။
ထိုနတ်မင်းကြီးသည် ရှေးဘ၀က မိမိအပေါ် ပြုခဲ့ဖူးသော အင်္ကုရမင်းသား၏ ကျေးဇူးများကို အောက်မေ့၍ မင်းသားလိုအပ်သမျှ အသုံးအဆောင်များကို ဖန်ဆင်းပေးလေသည်။ အင်္ကုမင်းသားသည် နတ်မင်းကြီး ပေးလိုက်သော ရတနာ ရွှေ၊ ငွေများကို လှည်းအစီးငါးရာတို့ဖြင့် အပြည့် တင်ဆောင်ကာ မိမိရပ်ရွာသို့ ပြန်ခဲ့သည်။
မိမိနေရာသို့ ရောက်သောအခါ အနှစ်တစ်သောင်းကြာအောင် ထမင်းရည်ချောင်းစီး အလှုကြီးပေးခဲ့သည်။ ထိုဘ၀မှ စုတေလတ်သော် တာဝတိံသာ နတ်ပြည်၌ အင်္ကုရနတ်သား ဖြစ်လာသည်။
အင်္ကုရမင်းသားသည် ထိုမျှကြီးစွာ အခါရှည်မြင့်လှုဒါန်းခဲ့သော်လည်း သာသနာပြင်ပဖြစ်၍ သီလမရှိသူ အလှုခံပုဂ္ဂိုလ်များကိုသာ လှုဒါန်းခဲ့ရကား မြေညံ့၌ စိုက်ပျိုးသော မျိုးစေ့ကဲ့သို့ အကျိုးဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းဘဲ ရှိလေသည်။
ဣန္ဒကနတ်သားသည် မြတ်စွာဘုရားလက်ထက်တော်အခါ၌ ဣန္ဒကအမည်ရှိသော လုလင် ဖြစ်ခဲ့သည်။ ဆွမ်းခံကြွလာသော အရှင်အနုရုဒ္ဓါမထေရ်အား သဒ္ဓါကြည်ညိုသော စိတ်ဖြင့် တစ်ဇွန်းစာမျှသော ဆွမ်းကို လှုဒါန်း ခဲ့သည်။ ဣန္ဒကလုလင်သည် ကွယ်လွန်သည်ရှိသော် တာဝတိံသာနတ်ပြည်၌ ဣန္ဒကနတ်သားဖြစ်လာသည်။ သာသနာတော်ဝန်ထမ်း အရှင်အနုရုဒ္ဓါ ရဟန်းတော်တည်းဟူသော လယ်မြေကောင်း၌ ဆွမ်းတဆွမ်းတည်း ဟူသော ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးခဲ့သော အာနုဘော်ကြောင့် တာဝတိံသာ နတ်ပြည်၌ တန်ခိုး အာနုဘော် ကြီးသော နတ်သားဖြစ်ပြီးလျှင် သုံးဆောင်ဖွယ်ရာ အဆင်းအာရုံ၊ အသံအာရုံ၊ အနံ့အာရုံ၊ အရသာအာရုံ၊ အတွေ့အထိအာရုံတို့နှင့်တကွ အသက်ရှည်ခြင်း၊ အခြံအရံများခြင်း၊ ပုံပန်းသဏ္ဌန် တင့်တယ်ခြင်း၊ ချမ်းသာကြီးခြင်း၊ အစိုးရခြင်း ဤဆယ်ရပ်သော ဂုဏ်ကျေးဇူးတို့၌ အင်္ကုရနတ်သားထက် သာလွန် တင့်တယ်လေသည်။ ဤသို့လျှင် မြတ်စွာဘုရား၏ သာသနာတော်တွင်း၌ လှုအပ်သော အလှုသည် အကျိုးကြီးသော ဒါန ဖြစ်သည်။ သာသနာပ အလှုဒါနနှင့် သာသနာခေတ်နှင့် ကြုံကြိုက်သော်လည်း ဗုဒ္ဓဘာသာကို မယုံကြည်မကိုးကွယ်သော သူတို့၏ အလှုဒါန တို့သည် အကျိုးနည်းသော ဒါန များပင် ဖြစ်လေသည်။







0 comments:

Original Design by : x-template.blogspot.com.

Modified by :...