Sunday, May 4, 2008

ဗုဒ္ဓတိုင်း၏ အဆုံးအမတော်

သဗ္ဗပါပဿ အကရဏံ၊ ကုသလဿုပသမ္ပဒါ။
သ စိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။

သဗ္ဗပါပဿ = အလုံးစုံသော အကုသိုလ်ကို၊ ယံအကရဏံ = အကြင် မပြုခြင်း သည်လည်းကောင်း၊ ကုသလဿ = ကုသိုလ်ကို၊ ယာဥပသမ္ပဒါ = အကြင် ပြည့်စုံစေခြင်း လည်းကောင်း၊ ယံသစိတ္တ ပရိယောဒပနံ = အကြင် မိမိစိတ်ကို ဖြူစင်စေခြင်းသည် လည်းကောင်း၊ အတ္ထိ = ရှိ၏၊ ဧတံ = ဤ အလုံးစုံသည်၊ ဗုဒ္ဓါနံ = မြတ်စွာဘုရားတို့၏၊ သာသနံ= အဆုံးအမတော်တည်း။

ခပ်သိမ်းသော မကောင်းမှုတို့ကို ကြဉ်ရှောင်ခြင်း၊ ကောင်းမှုကို ဆည်းပူးခြင်း၊ မိမိ၏ စိတ်ကို စင်ကြယ်စေခြင်း ဤသည်လျှင် ဘုရားရှင်တို့၏ အဆုံးအမတော်တည်း။


ခန္တီပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊
န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

တိတိက္ခာ = သည်းခံခြင်း ဟုဆိုအပ်သော၊ ခန္တီ = သည်းခံခြင်း ခန္တီသည်၊ ပရမံ = မြတ်သော၊ တပေါ = အကျင့်တည်း၊ နိဗ္ဗာနံ = ကိလေသာမှ ငြိမ်းခြင်း နိဗ္ဗာန်ကို၊ ပရမံ = မြတ်၏ ဟူ၍၊ ဗုဒ္ဓါ = ဘုရား ပစ္စေက ဗုဒ္ဓါတို့သည်၊ ဝဒန္တိ = ဟောကြားတော် မူကြကုန်၏။ ပရူပဃာတီ = သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲလေ့ ရှိသောသူသည်၊ ပဗ္ဗဇိတော = ရဟန်းမည်သည်၊ နဟောတိ = မဖြစ်။ ပရံ = သူတစ်ပါးကို၊ ဝိဟေဌ ယန္တော = ညှဉ်းဆဲသောသူသည်၊ သမဏော = ရဟန်းမည်သည်၊ နဟောတိ = မဖြစ်။

အငြိုငြင် အဆင်းရဲခံရခြင်း၊ သည်းခံခြင်းသည် အမြတ်ဆုံးသော အကျင့်ဖြစ်၏။ နိဗ္ဗာန်သည် အမြတ်ဆုံးဟု ဘုရားရှင်တို့ ဟော၏။ သူတစ်ပါးအား သတ်ပုတ်သော ရဟန်းဟူ၍ မရှိ။ သူတစ်ပါးအား နှိပ်စက်သော သူမြတ်၏ဟူ၍ မရှိ။

အနုပဝါဒေါ အနုပဃာတော၊
ပါတိမောက္ခေစ သံဝရော။
မတ္တညုတာစ ဘတ္တသ္မိံ၊
ပန္တဉ္စသယနာသနံ။
အဓိစိတ္တေစ အာယောဂေါ။
ဧတံ ဗုဒ္ဓါန သာသနံ။

အနုပဝါဒေါ = မစွပ်စွဲ မကဲ့ရဲ့ခြင်းသည် လည်းကောင်း၊ အနုပဃာတော = မညှဉ်းဆဲ မသတ်ဖြတ်ခြင်းသည် လည်းကောင်း၊ ပါတိမောက္ခေ = အကြီးဖြစ်သော ပါတိမောက္ခေ သံဝရသီလ၌၊ သံဝရော = စောင့်စည်း ပိတ်ပင်ခြင်းသည် လည်းကောင်း၊ ဘတ္တသ္မိံ = ဆွမ်းဘောဇဉ်၌၊ မတ္တညုတာစ = အတိုင်းအရှည်ကို သိသည်၏ အဖြစ်သည် လည်းကောင်း၊ ပန္တဉ္စသယနာသနံ = ဆိတ်ငြိမ်ရာ ဖြစ်သော ကျောင်း၌ နေခြင်းသည် လည်းကောင်း၊ အဓိစိတ္တေ = ရှစ်ပါးသော သမာပတ်ဟု ဆိုအပ်သော စိတ်ကို အစိုးရခြင်း အဓိစိတ္တ သိက္ခာ၌၊ အာယောဂေါစ = လုံ့လပြုခြင်းသည် လည်းကောင်း၊ အတ္ထိ = ရှိ၏၊ ဧတံ = ဤအလုံးစုံသည်၊ ဗုဒ္ဓါနံ = မြတ်သောဘုရားတို့၏၊ သာသနံ = အဆုံးအမတော်တည်း။

မကဲ့ရဲ့ အပြစ်မတင်ခြင်း၊ မသတ်ပုတ် မညှဉ်းဆဲခြင်း၊ ရဟန်းတို့၏ ပါတိမောက် အကျင့်သီလကို စောင့်စည်းခြင်း၊ ဆွမ်း၌ အတိုင်းအရှည်ကို သိခြင်း၊ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာ နေရာသို့ ကပ်ခြင်း၊ သမာဓိတရား၌ လုံ့လပြုခြင်း ..ဤသည်ပင်လျှင် ဘုရားရှင်တို့၏ အဆုံးအမတော်တည်း။

ဓမ္မပဒ၌ သုံးဂါထာ ဆက်စပ်လျက် ဟောတော်မူထားသည့် အကြောင်းအရာကို ဗုဒ္ဓ၏ ညီတော် အာနန္ဒာ၏ ဥပုသ်ပြဿနာ ဝတ္ထုတွင် တွေ့သိ ဖတ်ရှု ရပေသည်။

သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ ဗုဒ္ဓသခင် သီတင်းသုံး နေတော်မူစဉ် အခါသမယ ဖြစ်၏။

တစ်နေ့သော် အရှင်အာနန္ဒာ မထေရ်သည် တစ်ကိုယ်တော် တစ်ပါးတည်း နေ့ သန့်စင်တော်မူစဉ် ဤသို့ စဉ်းစားမိ ပေသည်။

“ ယခု ငါတို့ သံဃာတော်များသည် လခွဲတစ်ကြိမ် ဥပုသ်နေ့ များ၌ အစည်းအဝေးပြုကာ မြတ်စွာဘုရားရှင်၏ ပါတိမောက် ပြခြင်းကို ကြားနာပြုပြင် ဆောက်တည် နေကြရသည်။ လွန်လေပြီးသော ဘုရားရှင်များ၏ လက်ထက်တော်က ယခုကဲ့သို့ပင် လခွဲတစ်ကြိမ် ဥပုသ်ပြု၍ ပါတိမောက်ကို ကြားနာရ ပေသလား။ ပါတိမောက် အဆိုအမိန့် ဒေသနာတော်များ သည်လည်း ယခုအတိုင်း ဖြစ်ပါသလား။

“ မြတ်စွာဘုရားသခင်သည် ငါတို့အား ခုနစ်ဆူသော ဘုရားရှင်တို့ ဗုဒ္ဓဝင်ကို ဟောကြားတော် မူခဲ့ပြီ၊ ထို ဘုရားရှင်တို့၏ တစ်ဆူနှင့်တစ်ဆူ မတူ ကွဲပြားကြသော အကြောင်းအရာများ ကိုလည်း ကြားနာ ခဲ့ကြရသည်။

ဥပမာအားဖြင့် -

၁။ ဝိပဿီမြတ်စွာဘုရား။ ။ ၉၁ ကမ္ဘာ၌ ပွင့်တော်မူသော ဝိပဿီမြတ်စွာဘုရားသည် ဗန္ဓုမတီပြည်၌ ဖွားမြင်တော်မူသည်။ ခမည်းတော် မယ်တော်ကာ ဗန္ဓုမတီမင်းကြီးနှင့် ဗန္ဓုမတီမိဖုရားကြီးဖြစ်၏။ နန္ဒ၊ သုနန္ဒ၊ သီရိမာ မည်သော နန်းမသုံးဆောင်၌ သုဒဿနာဒေဝီ မည်သော မိဖုရားနှင့် အနှစ်ရှစ်ထောင် မင်း၏ စည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား သမဝတ္တက္ခန္ဓကုမာရ ဖြစ်၏။ ရထားယာဉ်ကို စီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ရှစ်လမျှ ကျင့်တော်မူ၍ သခွတ်ပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ အဘိဘူမထေရ်နှင့် သမ္ဘဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ အသောကမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော် ခုနစ်ယူဇနာ ရှိ၏။ သက်တမ်းကား အနှစ်ရှစ်သောင်း ဖြစ်၏။

၂။ သိခီမြတ်စွာဘုရား။ ။ မဏ္ဍကမ္ဘာ၌ ပွင့်တော်မူ၏။ အရုဏဝတီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ အရုဏမင်းကြီးနှင့် ပဘာဝတီမိဖုရားကြီး တို့ဖြစ်၏။ သုစန္ဒက၊ ဂိရိ၊ ဝိသဘ ရွှေနန်းသုံးဆောင်၌ သဗ္ဗကာမာဒေဝီ မည်သော မိဖုရားနှင့် အနှစ်ခုနစ်ထောင်မျှ မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား အတုလကုမာရ ဖြစ်၏။ ဆင်ယာဉ်ကိုစီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ရှစ်လကျင့်တော်မူ၍ သရက်ဖြူပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ အဘိဘူမထေရ်နှင့် သမ္ဘဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ခေမင်္ကရမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော် သုံးယူဇနာ ရှိ၏။ သက်တမ်းကား အနှစ်ခုနစ်သောင်း ဖြစ်၏။

၃။ ဝေဿဘူမြတ်စွာဘုရား။ ။ မဏ္ဍကမ္ဘာ၌ ပွင့်တော်မူ၏။ အနောမမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ သုပ္ပတီတမင်းကြီးနှင့် ယသဝတီမိဖုရားကြီး တို့ဖြစ်၏။ ရုစိ၊ သုရုစိ၊ ရတိဝဍ္ဎန ရွှေနန်းသုံးဆောင်၌ သုစိတ္တာဒေဝီမိဖုရားနှင့် အနှစ်ခြောက်ထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား သုပ္ပဗုဒ္ဓမင်းသား ဖြစ်၏။ ရွှေထမ်းစင်ဖြင့် တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခြောက်လကျင့်တော်မူ၍ အင်ကြင်းပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ သောဏမထေရ်နှင့် ဥတ္တရမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ဥပသန္တမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား အပိုင်းအခြား မရှိ။ သက်တမ်းကား အနှစ်ခြောက်သောင်း ဖြစ်၏။

၎။ ကကုသန်မြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ ခေမဝတီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ အဂ္ဂဒတ္တပုဏ္ဏားကြီးနှင့် ဝိသာခါပုဏ္ဏေးမ တို့ဖြစ်၏။ ကာမပြာသာဒ်၊ ကာမဝဏ္ဏပြာသာဒ်၊ ကာမသုဒ္ဓိပြာသာဒ် သုံးဆောင်၌ ရောစိနီမည်သော ပုဏ္ဏေးမနှင့် အနှစ်လေးထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား ဥတ္တရကုမာရ ဖြစ်၏။ ရထားယာဉ်ကို စီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ရှစ်လကျင့်တော်မူ၍ ကုက္ကိုပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ ဝိဓူရမထေရ်နှင့် သဉ္စီဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ဗုဒ္ဓိဇမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော် ထက်ဝန်းကျင် ဆယ်ယူဇနာတိုင်တိုင် ပျံ့နှံ့ ကွန့်မြူး၏။ သက်တမ်းကား အနှစ်လေးသောင်း ဖြစ်၏။

၅။ ကောဏာဂုံမြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ သောဘဝတီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ ယညဒတ္တပုဏ္ဏားကြီးနှင့် ဥတ္တရာပုဏ္ဏေးမ တို့ဖြစ်၏။ တုသိတပြာသာဒ်၊ သန္တိသိတပြာသာဒ်၊ သန္တုဋ္ဌပြာသာဒ် သုံးဆောင်၌ ရုစိဂတ္တာမည်သော ပုဏ္ဏေးမနှင့် အနှစ်သုံးထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား သတ္တဝါဟကုမာရ ဖြစ်၏။ ဆင်ယာဉ်ဖြင့် တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခြောက်လကျင့်တော်မူ၍ ရေသဖန်းပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ ဘိယျောသမထေရ်နှင့် ဥတ္တရမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သောတ္ထိဇမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား အပိုင်းအခြား မရှိ။ သက်တမ်းကား အနှစ်သုံးသောင်း ဖြစ်၏။

၆။ ကဿပမြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ ဗာရာဏသီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ ဗြဟ္မဒတ္တပုဏ္ဏားကြီးနှင့် ဓနဝတီပုဏ္ဏေးမ တို့ဖြစ်၏။ ဟံသပြာသာဒ်၊ ယသပြာသာဒ်၊ သိရိနန္ဒပြာသာဒ် သုံးဆောင်၌ သုနန္ဒာမည်သော ပုဏ္ဏေးမနှင့် နှစ်ပေါင်းနှစ်ထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား ဝိဇိတသေနကုမာရ ဖြစ်၏။ စံနန်းပြာသာဒ်တော်နှင့်ပင် ကောင်းကင်ခရီးဖြင့် တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခုနစ်ရက်မျှကျင့်တော်မူ၍ ပညောင်ပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ တိဿမထေရ်နှင့် ဘာရဒွါဇမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သဗ္ဗမိတ္တမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား အပိုင်းအခြား မရှိ။ သက်တမ်းကား အနှစ်နှစ်သောင်း ဖြစ်၏။

၇။ ဂေါတမမြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ ကပိလဝတ်နေပြည်တော်၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ သုဒ္ဓေါဒနမင်းကြီးနှင့် မဟာမာယာမိဖုရားကြီး တို့ဖြစ်၏။ ရမ္မ၊ သုဘ၊ သုရမ္မဟူသော နန်းမသုံးဆောင်၌ ယသော်ဓရာမိဖုရားနှင့် ဆယ့်သုံးနှစ် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား ရာဟုလာ ဖြစ်၏။ ကဏ္ဍကမြင်းကိုစီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်တော်မူ၍ ညောင်ဗုဒ္ဓဟေ ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ ရှင်သာရိပုတ္တရာမထေရ်နှင့် ရှင်မဟာမောဂ္ဂလာန်မထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ညီတော်အာနန္ဒာမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား ကိုယ်တော်၏ အလံနှင့် ညီမျှစွာ လေးတောင်ခန့် ပျံ့နှံ့၍ တည်၏။ သက်တမ်းကား အနှစ်တစ်ရာ (၁၀၀) ဖြစ်၏။

ထိုကဲ့သို့ မြတ်စွာဘုရားသခင်သည် မိမိ၏ ဘဝ ဖြစ်စဉ်နှင့် တကွ အခြားသော ဗုဒ္ဓ ကိုယ်တော်များ၏ ဗုဒ္ဓဝင် ကို ဟောကြားတော် မူဖူး၏။

အရှင်အာနန္ဒာသည် သတိ အမှတ်သညာ၌ ပါ ဧတဒဂ် ရရှိထားသူ ဖြစ်၍ ထို အကြောင်းအရာ များကို ကောင်းစွာ မှတ်မိလျက် ရှိသည်။

ထို အကြောင်းမှ တစ်ပါး ပါတိမောက် ပြဆိုတော်မူခြင်းကို သိလိုသော ဆန္ဒ ဖြစ်ပေါ်လေ၏။ အဘယ်ကဲ့သို့နည်း ဟူမူ အခြား အခြားသော တထာဂတ များသည် ယခုကဲ့သို့ပင် လခွဲတစ်ကြိမ်စီ ဥပုသ် ပြု၍ ဘုရားရှင်က ပါတိမောက် ပြတော် မူလေသလော။ ထို ပါတိမောက် ဒေသနာတော် များသည်လည်း ယခု ဗုဒ္ဓသခင်၏ အဆိုအမိန့် သြဝါဒများ နှင့်မတူ ကွဲပြား ခြားနားမှုများ ရှိပါသေး သလား။ ကြားနာ လိုသည်။ အာနန္ဒာ မထေရ်သည် မိမိကိုယ်တိုင် မဝေခွဲနိုင်သော သိလိုသမျှသော သံသယ ပြဿနာ အမျိုးမျိုး တို့ကို ဖြေရှင်း ဟောကြား ပေးပါရန် မြတ်စွာဘုရားသခင်အား ချဉ်းကပ် လျှောက်ထားခွင့် အထူးကိုလည်း ရရှိထားသည့် မထေရ်ဖြစ်ပေသည်။

ထို့ကြောင့် မြတ်စွာဘုရားထံ ချဉ်းကပ်၍ မေးလျှောက်လေ၏။

ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်ကြားတော်မူ၏။

“ ချစ်သား အာနန္ဒာ၊ ဝိပဿီမြတ်စွာဘုရားသည် ခုနစ်နှစ်တစ်ကြိမ် သြဝါဒပါတိမောက် ဥပုသ်ကို ပြု၏။ အဘယ့်ကြောင့်ဆိုသော် တစ်ကြိမ်ပြသော သြဝါဒသည် ခုနစ်နှစ်ပတ်လုံး တည်၏။ ထို့ကြောင့် ခုနစ်နှစ်ကြာမှ တစ်ကြိမ်မျှလောက်သော ဆုံးမသြဝါဒ ဥပုသ်ကို ပြုလေသည်။

“ ထို့အတူ သိခီမြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရားသည် လည်းကောင်း ခြောက်နှစ်တစ်ကြိမ် ဥပုသ် ပြုလေ၏။

“ ကကုသန်နှင့် ကောဏာဂုံဘုရားတို့သည် တစ်နှစ်တစ်ကြိမ်ကျ ဥပုသ်ကို ပြုလေ၏။

“ ကဿပမြတ်စွာဘုရားသည် ခြောက်လတစ်ကြိမ် ဥပုသ်ကို ပြုတော်မူ၏။ ။”

ဤကဲ့သို့ ထို မြတ်စွာဘုရားသခင် တို့၏ ဥပုသ် ပြုရာ အချိန် တို့မှာ ကာလ ကွာပြား ခြားနားခြင်းသာ ဖြစ်၍ အဆုံးအမ သြဝါဒ ပါတိမောက် ပြသော တရား စကားမှာကား ကွဲပြားခြင်း မရှိ၊ ထပ်တူ ထပ်မျှ ပင်တည်း “ - ဟု မိန့်တော်မူ လေသတည်း။

စိတ်ဆိုသောစိတ်နှင့် ပတ်သတ်၍ သဗ္ဗပါပဿ အကရဏံ - အစချီသော ဒေသနာတော်တွင် ဖော်ပြထားပါသည်။

“ မကောင်းမှုဟူသမျှကို ရှောင်၊
ကောင်းမှုဟူသမျှကို ဆောင်၊
စိတ်ကို စင်ကြယ်အောင်ထား၊
အဲဒါ မြတ်စွာဘုရားတို့၏ အဆုံးအမစကား။ ။ "

ယခုလို ဆောင်ပုဒ်ကလေးလုပ်၍ နှုတ်မှ တတွတ်တွတ် ရွတ်ဆိုလေ့ ရှိကြပါသည်။ ထိုမှ တစ်ဆက်တည်း အနက်အဓိပ္ပာယ်ကို ကိုယ့်ဉာဏ်နှင့်ကိုယ် စဉ်းစားကြည့်ကြသော် -


“ မကောင်းမှုဟူသမျှကို ရှောင်သည့်အခါ ဖြစ်စေ၊ ကောင်းမှုဟူသမျှကို ဆောင်သည့်အခါ၌ ဖြစ်စေ မိမိစိတ်ကို စင်ကြယ်အောင် ထားရမည်။” စိတ်သည် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းတွင်ပင် လျှင်မြန်စွာ ပြောင်းလဲနိုင်သည် - ဆိုသော စကားကို လူတိုင်းလက်ခံနိုင်ကြပေလိမ့်မည်။ ထို့ကြောင့် စိတ်ကောင်းရှိအောင် မွေးမြူကြပါ။

စိတ် (မနော) နှင့်ပတ်သက်၍ မဇ္ဈိမပဏ္ဏာသ၌ မြတ်စွာဘုရားဟောကြားထားသည်ကို ဤသို့ တွေ့ရပါသည်။

“ ရဟန်းတို့၊ စိတ်၏ ငြောင့်တံသင်း ငါးပါးကို မပယ်ရသေးသော စိတ်၏ အနှောင်အဖွဲ့ ငါးပါးကို ကောင်းစွာ မဖြတ်ရသေးသော ရဟန်းသည် ဤသာသနာတော်၌ တိုးတက်စည်ပင် ပြန့်ပွားခြင်းသို့ ရောက်နိုင်ဖွယ် အကြောင်းမရှိ။"

“ ရဟန်းတို့၊ စိတ်၏ ငြောင့်တံသင်း ငါးပါးဟူသည် အဘယ်တို့နည်းဆိုသော် ဤသာသနာ၌ ရဟန်းသည် ဘုရား၊ တရား၊ သံဃာ အကျင့်သိက္ခာတို့၌ ယုံမှား၏။ သို့လော - သို့လော တွေးတော၏။ သက်ဝင်ကြည်လင်ခြင်းမရှိ၊ သီတင်းသုံးဖော်တို့အား မကျေနပ် မနှစ်သက်သော စိတ်ရိုင်းကို၊ ရဟန်း၏ စိတ်သည် အားထုတ်ကျင့်ကြံရန် လိုက်နာရန် မတိမ်းညွှတ်။ ဤသို့ ဘုရား၌ ယုံမှား၊ တရား၌ ယုံမှားခြင်းစသည်တို့သည် စိတ်၏ ငြောင့်တံသင်း ငါးပါးဖြစ်၏။

“ ရဟန်းတို့၊ စိတ်၏ အနှောင်အဖွဲ့ ငါးပါးဟူသည် အဘယ်တို့နည်းဆိုသော် ဤသာသနာ၌ ရဟန်းသည် ကာမဂုဏ်၌ မကင်းသော တပ်စွန်းခြင်းရှိ၏။ ကိုယ်၌ မကင်းသော တပ်စွန်းခြင်းရှိ၏။ ရုပ်အဆင်း၌ မကင်းသော တပ်စွန်းခြင်းရှိ၏။ အလိုရှိသလောက် ဝမ်းပြည့်ရုံစားပြီး၊ အိပ်စက်ရခြင်း ချမ်းသာ၊ လဲလျောင်းနေရခြင်း ချမ်းသာ၊ ငိုက်မျဉ်းနေခြင်း ချမ်းသာတို့ကို အစဉ်အားစိုက်၍ နေ၏။ ငါသည် ဤအကျင့်သီလဖြင့် နတ်တစ်ပါးပါး ဖြစ်ရလိမ့်မည်ဟု တစ်ခုခုသော နတ်လောက၌ တောင့်တလျက် အကျင့်မြတ်ကို ကျင့်၏။ ရဟန်းတို့၊ ဤကာမဂုဏ်၌ မကင်းသော တပ်စွန်းမှုရှိခြင်း စသည်တို့ကို စိတ်၏ အနှောင်အဖွဲ့ ငါးပါးဖြစ်၏။

“ ရဟန်းတို့၊ စိတ်၏ ငြောင့်တံသင်း ငါးပါးကို ပယ်ပြီးသော စိတ်၏ အနှောင်အဖွဲ့ ငါးပါးကို ဖြတ်ပြီးသော ရဟန်းသည် ဤသာသနာ၌ တိုးတက်စည်ပင် ပြန့်ပွားခြင်းသို့ ရောက်နိုင်ဖွယ် အကြောင်းရှိပေ၏။ "

ထိုမှတစ်ပါး နေနှင့်လ တို့၏ နေနှင့်လ တို့၏ အညစ်အကြေး ငါးပါးရှိသကဲ့သို့ ပုထုဇဉ်တို့၏ စိတ်သန္တာန်တွင်လည်း အညစ်အကြေး ငါးပါးရှိကြောင်း ကြားနာဖတ်ရှုရဖူးပါသည်။

ပကတိ ပင်ကိုအားဖြင့် ကြည်လင်ရွှန်းပသော နေနှင့်လ တို့အား -

(၁) ဆီးနှင့်များ ဖုံးအုပ်သောအခါ၊
(၂) နွေဦးကာလ မြူထသောအခါ၊
(၃) တိမ်ဖုံးအုပ်သောအခါ၊
(၄) အသူရိန်နတ် ဖမ်းစားသောအခါ၊
(၅) မီးခိုးများ ဖုံးအုပ်သောအခါ။

ဤ ငါးပါးအနက် တစ်ပါးပါးက အနှောင့်အယှက်ပြုလျှင် ညှိုးမှိန်မည်းမှောင်စေတတ်သကဲ့သို့ ထို့အတူ ပကတိပင်ကိုအားဖြင့် ရွှန်းပကြည်လင်နေသောစိတ်ကိုလည်း -

(၁) လောဘ၊
(၂) ဒေါသ၊
(၃) မောဟ၊
(၄) မိဒ္ဓ၊
(၅) ဝိစိကိစ္ဆာ။

ဤငါးပါးတို့မှ တစ်ပါးပါးတို့က အနှောင့်အယှက်ပြုလျှင် မကြည်မလင် မရွှင်မပျ နောက်ကျိသွားလေ၏ ဟူသတည်း။ သဂါထာဝဂ္ဂဒေဝတာ သံယုတ်တွင်လည်း ဤသို့တွေ့ရသည်။

စိတ္တေန နိယျတိလောကော = စိတ်သည် လောကကို ရှေ့ဆောင်၏။
စိတ္တေန ပရိကဿတိ = စိတ်သည် လောကကို ဆွဲငင်၏။
စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူတိ = အလုံးစုံသော တရားတို့သည်သာလျှင် စိတ်ဟုဆိုအပ်သော တစ်ခုသော တရား၏ အလိုသို့ အစဉ်လိုက်ရကုန်၏။

စာရေးသူမှတ်ချက်

ကျွန်တော် ဒီ ဆောင်းပါးကို ဖတ်တော့ ဘုရားအဆူဆူ တို့ရဲ့ အထုပ္ပတ္တိ အကျဉ်းချုပ် ကို သိခွင့် ရခဲ့ပါတယ်။ စာဖတ်သူ တို့လည်း ဗဟုသုတ အသိပညာ ရရှိနိုင်ကြ စေရန် ရည်ရွယ်လျက်...


0 comments:

Original Design by : x-template.blogspot.com.

Modified by :...