သုဇန ကဏ္ဍ
၃၃။ သူတော်ကောင်းတို့ကိုသာ ပေါင်းဖော်ရာ၏။
သူတော်ကောင်း တရားကို သိရ၍ မြင့်မြတ်၏။
၃၄။ သူယုတ်မာတို့နှင့် ပေါင်းဖက်ခြင်းကို စွန့်လွှတ်လော့၊
သူတော်ကောင်း ပေါင်းဖက်အပ်သူကိုသာ ဆည်းကပ်လော့၊
ကုသိုလ်ကောင်းမှုကို အစဉ်အမြဲပြုလော့၊
မမြဲသောအဖြစ် (သင်္ခါရတရား) ကို အစဉ်အမြဲအောက်မေ့ဆင်ခြင်လော့။
၃၅။ သူယုတ်မာတို့သည် ရေသဖန်းသီးမှည့်နှင့်တူ၏။ အပြင်ပန်းအားဖြင့် အဆင်းရှိသော်လည်း အတွင်း၌မူကား ပိုးလောက်များဖြင့်သာ ပြည့်ကုန်၏။
၃၆။ ပိန္နဲသီးမှည့်တို့သည် ပြင်ပ၌ ဆူးများရှိသော်လည်း အတွင်းအရသာမူကား ချိုမြိန်လှပေ၏။
သူတော်ကောင်းတို့၏ စိတ်နှလုံးသည်လည်း ထို့အတူပင် ဖြစ်၏။
၃၇။ စန္ဒကူးပင်သည် သွေ့ခြောက်သွားသည့်တိုင် မွှေးရနံ့ကို မစွန့်။
ဆင်ပြောင်သည် စစ်မြေပြင်သို့ ရောက်သော်လည်း ခံ့ထည်တင့်တယ်ခြင်းကို မစွန့်။
ကြံသည် ကြိတ်စက်သို့သို့ ရောက်သော်လည်း ချိုသော အရသာကို မစွန့်။
ပညာရှိ သူတော်ကောင်းသည် ဘေးဒုက္ခဆင်းရဲသို့ ကျရောက်ငြားသော်လည်း သူတော်ကောင်းတရားကို မစွန့်။
၃၈။ ခြင်္သေ့တို့ မည်သည် ငတ်မွတ်ဆာလောင်သော်လည်း မြက်သစ်ရွက်ကိုမူ မစား။
ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်းရဲဒုက္ခကြုံရသော်လည်း မကောင်းမှုဒုစရိုက်ကို လက်မခံ အကျင့်သီလကို စောင့်ထိန်းကြကုန်၏။
၃၉။ မြင့်မြတ်သောမျိုးနွယ်ကို စောင့်သူသည် ဆင်းရဲခြင်းသို့ ရောက်သော်လည်း ယုတ်ညံ့သော အမှုကိုမပြု။
၄၀။ စန္ဒကူးနံ့သာသည် ချမ်းမြေ့၏။
ထို့ထက် လရောင်ကပို၍ ချမ်းမြေ့၏။
စန္ဒကူးနှင့် လရောင်တို့ချမ်းမြေ့သည်ထက် ကောင်းစွာဆိုအပ်သော သူတော်ကောင်းစကားက ပို၍ ချမ်းမြေ့၏။
၄၁။ အနောက်က နေထွက်ရာ၏။
မြင်းမိုရ်တောင် ယိုင်ညွတ်ရာ၏။
ငရဲမီးအေးရာ၏။
တောင်ထိပ်၌ ကြာပွင့်ရာ၏။
သူတော်ကောင်း စကားသည်ကား တစ်ရံတစ်ဆစ်မျှ မဖောက်ပြန်ရာ။
၄၂။ သစ်ပင်၏ အရိပ်သည် အေးချမ်း၏။
ထိုထက် ဆွေမျိုးမိဘအရိပ်က ပို၍အေးချမ်း။
ထိုထက် ဆရာသမားအရိပ်က ပို၍ အေးချမ်း၏။
ထိုထက် မြတ်စွာဘုရားအရိပ်က အဆများစွာသာလွန် အေးချမ်း၏။
၄၃။ ပျားပိတုန်းတို့သည် ပန်းကို အလိုရှိကုန်၏။
သူတော်ကောင်းတို့သည် ဂုဏ်ကျေးဇူးကို အလိုရှိကုန်၏။
ယင်ကောင်တို့သည် အပုပ်ကို အလိုရှိကုန်၏။
သူယုတ်တို့သည် အမျက်ဒေါသကို အလိုရှိကုန်၏။
၄၄။ အမိအဘတို့၏ အဆုံးအမကို မရမူ ကိုယ်နှုတ်အမူအရာ ကြမ်းတမ်း၏။
အမိအဘတို့၏ အဆုံးအမကို ကောင်းစွာရမူ ကိုယ်နှုတ် အမူအရာ လိမ္မာ ယဉ်ကျေး၏။
၄၅။ စစ်မြေပြင်အရပ်၌ ရဲရင့်သောသူကို အလိုရှိ၏။
လျှို့ဝှက်သောကိစ္စ၌ နှုတ်လုံသူကို အလိုရှိ၏။
စားကောင်းသောက်ဖွယ် စားသောက်ရချိန်၌ ချစ်ခင်သူကို အလိုရှိ၏။
ခက်ခဲနက်နဲသော အရေးကိစ္စကြုံတွေ့ရချိန်၌ ပညာရှိကို အလိုရှိ၏။
၄၆။ သူယုတ်မာသည် သူတော်ကောင်းကို တွေ့မြင်လျှင် ချုပ်ချယ် ညှဉ်းဆဲခြင်းကိုပြုလို၏။
၄၇။ အမှုကိစ္စဟူသမျှကို အလျင်စလို မပြုရာ၊ အလျင်စလိုပြုခဲ့သော် နောင်မှ ပူပန်ရတတ်၏။
၄၈။ အမျက်ဒေါသကို ဖြေဖျောက်နိုင်လျှင် စိုးရိမ်ခြင်း ကင်းရ၏။
သူ့ကျေးဇူးကို ဆိုတတ်လျှင် သူတော်ကောင်းတို့ ချီးမွမ်းကုန်၏။
ကြမ်းကြုတ်သော စကားကို သည်းခံခြင်းသည် မြတ်၏။
၄၉။ ကျဉ်းမြောင်း၍ မစင်အတိပြီးသောနေရာ၌ နေရခြင်းသည် ဆင်းရဲ၏။
ထိုထက် မချစ်မနှစ်သက်သောသူနှင့် အတူတကွ နေရခြင်းသည် ပို၍ ဆင်းရဲ၏။
ထိုထက် သူ့ကျေးဇူးကို မသိတတ်သူနှင့် နေရခြင်းက ပို၍ ဆင်းရဲ၏။
၅၀။ ဆုံးမသင့်သည်ကို အမြဲဆိုဆုံးမရာ၏။
ယုတ်မာသောအကျင့်ကိုလည်း တားမြစ်ရာ၏။
ထိုသို့ဆုံးမ တားမြစ်တတ်သူကို သူတော်ကောင်းတို့ နှစ်သက်လိုလားကြ၏။ သူယုတ်မာတို့ကား မနှစ်သက်ကြချေ။
၅၁။ မိမိထက် မြတ်သောသူကို မိမိကိုယ်ကို နှိမ့်ချခြင်းဖြင့် လည်းကောင်း၊
ရဲရင့်သောသူကို သင်းကွဲခြင်းဖြင့်လည်းကောင်း၊
မိမိအောက်နိမ့်သောသူကို ပေးကမ်းခြင်းဖြင့်လည်းကောင်း၊
မိမိနှင့်တန်းတူသူကို မိမိက လုံ့လပြုအားထုတ်ခြင်းဖြင့်လည်းကောင်း အောင်မြင်ရာ၏။
၅၂။ သံဃာပိုင် (သံဃိက) ပစ္စည်းကို အလွဲသုံးစားပြုခြင်းသည် အဆိပ်ကိုသောက်သုံးခြင်းထက် ဆိုး၏။
အဆိပ်သည် တစ်ကြိမ်တစ်သက်ကိုသာ သတ်သော်လည်း သံဃာ့ပစ္စည်းကို အလွဲသုံးစားပြုမှားမူ ဘဝ အဆက်ဆက် ပျက်စီးရချေ၏။
၅၃။ လျင်မြန်ခြင်းဖြင့် မြင်း၏ ကျေးဇူးကို သိရာ၏။
ဝန်ကို ဆောင်ရွက်ခြင်းဖြင့် နွား၏ ကျေးဇူးကို သိရာ၏။
နို့ရည်ရသဖြင့် နွားမ၏ ကျေးဇူးကိုသိရာ၏။
ကြံစည်လျှို့ဝှက်ရာအမှုကိစ္စ တို့၌ ဖြေကြားပြောဆိုနိုင်ခြင်းဖြင့် ပညာရှိ၏ ကျေးဇူးကိုသိရာ၏။
၅၄။ သူတော်ကောင်းတို့၏ ဥစ္စာသည် နည်းပင်နည်းငြားသော်လည်း တွင်းမှထွက်သောရေချိုကဲ့သို့ သူတစ်ပါးတို့ သောက်သုံးမှီခိုရ၏။
မသူတော်တို့၏ ဥစ္စာသည် များပင်များငြားသော်လည်း သမုဒ္ဒရာရေကဲ့သို့ သောက်ချိုး မှီခိုရာမရနိုင်။
၅၅။ မြစ်တို့သည် ရေကို မသောက်ကုန်။
သစ်ပင်တို့သည် အသီးကို မစားကုန်။
သူတော်ကောင်းတို့၏ ဥစ္စာသည်လည်း သူတစ်ပါးတို့၏ အကျိုးအတွက်သာ ဖြစ်၏။
၅၆။ မတောင့်တအပ်သည်ကို မတောင့်တရာ။
မကြံစည်အပ်သည်ကို မကြံစည်ရာ။
တရားသဖြင့်သာလျှင် ကောင်းစွာကြံစည်ရာ၏။
အချိန်ကို အချည်းနှီး အလဟဿ မကုန်ဆုံးစေရာ။
၅၇။ မကြံစည်ဘဲလျက်လည်း ဖြစ်တတ်၏။
ကြံရွယ်ထားလျက်လည်း ပျက်တတ်၏။
ဥစ္စာစည်းစိမ်ဟူသည် ကြံစည်ကြိုးစားတိုင်း မရနိုင်။
၅၈။ သူယုတ်မာအား ချစ်ခြင်း၊
သူတော်ကောင်းအား မနှစ်သက်ခြင်း၊
သူယုတ်မာတို့၏ တရား၌ နှစ်လိုခြင်း၊
ဤသည်တို့ကား ပျက်စီးမည့် အကြောင်းတည်း။
=========== သုဇနကဏ္ဍပြီး၏။ ===========
မြန်မာပြက္ခဒိန်
Download Zawgyi Font
ကျွန်တော်၏စာစုများ
Lables
- ကျွန်ုပ်၏ မှတ်စုများ (4)
- ကဗျာများ (5)
- ဗဟုသုတများ (18)
- ဘာသာရေး (10)
- အထွေထွေကဏ္ဍ (2)
- ဆောင်းပါးများ (5)
Saturday, April 26, 2008
လောကနီတိ
Posted by
kyaw
at
2:48 AM
0
comments
Labels: ကျွန်ုပ်၏ မှတ်စုများ
ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် သတိဖြင့်နေထိုင်ခြင်း
ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) ရေးသားသော စာအုပ်မှ ထုတ်နှုတ် တင်ပြအပ် ပါသည်။
ကိုယ်ရည်ကိုယ်သွေး
သိပ်ပြီး ဘန်းစကား ဆန်တဲ့ စကားကို မပြောပါနဲ့ ၊ ကိုယ့် Personality ကို ပျက်စီးစေတယ် ။ သိပ်ပြီး ခေတ်ဆန်လွန်း ၊ ကလက်လွန်းတဲ့ မသပ်မရပ်ဖြစ်နေတဲ့ အ၀တ်အစားကို မ၀တ်ပါနဲ့ ၊ ကိုယ့်ရဲ့  Personality ကို ထိခိုက်ပါတယ် ။
Personality is a grem in the child that can develop only by slow stages in a true life.
Personality ဟာ ကလေးရဲ့  စိတ်ထဲမှာ အစေ့အညှောက် အလေးတစ်ခု အနေနဲ့  ရှိပြီးသားပါ။ ဒါလေးကို တဖြည်းဖြည်း ကြီးထွားလာအောင် ပြုစုရတာ။
အဖက်ဖက်က အရည်အသွေးတွေ ကောင်းလာဖို့ ဆိုတာ ငယ်စဉ်ကတည်းက တစ်ဆင့်ပြီးတစ်ဆင့် ပြုစုကပျိုးထောင်သွားရတယ်။ ဗြုန်းခနဲ ချက်ချင်းကြီးတော့ မရနိုင်ဘူး။ ဘ၀ထဲမှာ ဖြတ်သန်းသွားရင်းနဲ့  ဘ၀ကို နေသွားရင်းနဲ့  လေ့ကျင့်ပြုစုပျိုးထောင် ယူရတာ။ မွေးခါစကလေးအတွက် လူ့ အရည်အချင်းတွေဟာ အညှောက်လေးလောက်ပဲ ရှိတယ်။
Personality ဆိုတာ ပုံသေမရှိဘူး။ သူ့ အပေါ် အများက ဆက်ဆံပုံ၊ သဘောထားပုံ အပေါ်မှာ အများကြီးမူတည်တယ်။ ပတ်ဝန်းကျင်အခြေအနေ၊ အသိုင်းအ၀ိုင်းအခြေအနေ ပေါ်မှာ မူတည်သလို ပြုစုထိန်းကျောင်းပေးတဲ့ သူက ပြုစုတတ်ရင် ကောင်းသထက် ကောင်းသွားမယ်။ ပတ်ဝန်းကျင်အခြေအနေ ဆိုးနေသည့်တိုင် ကိုယ်ကိုတိုင်က အသိ ဥာဏ်ရှိခဲ့ရင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းပြီး ကောင်းအောင် ကြိုးစားရင် ကောင်းလာနိုင်တယ်။
တခြားတစ်ယောက်မှာ ရှိတဲ့ ကောင်းကွက်လေးတွေကို တကယ် လှိုက်လှိုက်လှဲလှဲ တန်ဖိုးထားမယ်၊ မြတ်နိုးမယ်၊ အသိအမှတ်ပြုမယ် ဆိုရင် အဲဒီအရည်အချင်းမျိုး ကိုယ့်မှာလည်း ဖြစ်လာမယ်။
The achievement of personality means nothing less than the best possible development of all that lie in the particular single being.
ကိုယ်ရည်ကိုယ်သွေး အကောင်းဆုံးလူတစ်ယောက် ဖြစ်လာဖို့ ဆိုတာ ကိုယ့်မှာရှိတဲ့ အခြေအနေ ဖြစ်နိုင်တဲ့ အလားအလာရှိသမျှကို အကောင်းဆုံးပေါ်ထွက်လာအောင် လုပ်လိုက်တာပါ ပဲ။
The development of personality means fidelity to the law of one’s being.
ကိုယ့်ရဲ့ Personality တိုးတက်ဖွုံဖြိုးအောင် အစွမ်းကုန် ကြိုးစားတာဟာ ကိုယ့်ကိုယ်ကို သစ္စာရှိတာပဲ။
အကောင်းဆုံးဖြစ်အောင် လုပ်ချင်ရင် ကိုယ်နဲ့ အကိုက်ညီဆုံး ကို လုပ်မှ အကောင်းဆုံးဖြစ်တယ်။ ကိုယ်နဲ့  အကိုက်ညီဆုံးကို မလုပ်ဘဲနဲ့  သူများအထင်ကြီးအောင် လုပ်ရင် အကောင်းဆုံး ဖြစ်ဖို့ ရာ မလွယ်တော့ဘူး။
အောင်မြင်မှု
ကိုယ့်ဘ၀မှာ ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်၊ မြင့်မြတ်တဲ့ အလုပ်၊ ကိုယ့်ဝါသနာ စရိုက်ပါရမီနဲ့  ကိုက်ညီတဲ့ အလုပ်၊ ကိုယ့်ရဲ့ မြင့်မြတ်တဲ့ လူ့ သဘာဝမှာ နက်နက်ရှိုင်းရှိုင်း အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ဆန္ဒကို အကောင်အထည်ဖော်ရတဲ့ အလုပ်ကို လုပ်တဲ့သူဟာ အောင်မြင်တဲ့သူဖြစ်တယ်။ ဘယ်သူမှ မသိကြလည်း အောင်မြင်တဲ့သူပဲ။
အောင်မြင်မှုဆိုတာ မှန်ကန်တဲ့ သဘောထားပါ။ စိတ်ဓာတ်အရည်အသွေး ပြည့်ဝသူတွေသာ ရရှိပိုင်ဆိုင်နိုင်တယ်။
ရွေးချယ်မှု နှင့် ကိုယ်ရည်ကိုယ်သွေး
Personality can never develop itself unless the individual chooses his own way consciously and with conscious moral decision.
ကိုယ့်လမ်းကိုယ်သိပြီး ကိုယ်တိုင်ရွေးချယ်မှု မရှိဘဲနဲ့  ကိုယ့်ရည်ကိုယ်သွေး မဖွံ့ ဖြိုးနိုင်ပါဘူး။
သူများနောက်ကို မလိုက်ဘဲနဲ့  ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် ကိုယ့်လမ်းကို ကိုယ်ရွေးတဲ့သူဟာ အကြီးမားဆုံးသတ္တိ ရှိတဲ့သူပဲ။
ချီးမွမ်းတယ်၊ ကဲ့ရဲ့ တယ်ဆိုတာ သူတစ်ပါးစိတ်ထဲမှာ ခဏလေးဖြစ်သွားတဲ့ အတွေးလေးတစ်ခုပါ။
စစ်မှန်တဲ့ ပျော်ရွင်မှု
Man’s happiness is to move higher, to develop his highest faculty, to gain knowledge of the higher and highest thing.
လူရဲ့ တကယ်စစ်မှန်တဲ့ ပျော်ရွင်မှုဟာ မြင့်မြတ်တဲ့ဘက်ကို သွားနေမှ၊ ကိုယ့်ရဲ့ အကောင်းဆုံး ဂုဏ်အရည်အချင်းတွေ အမြင့်ဆုံးရောက်အောင် အကောင်အထည်ဖော်နေမှ၊ တစ်နေ့ တခြား ပိုပြီး မြင့်မြတ်တာကို သိဖို့ နောက်ဆုံးအဆင့်အမြင့်ဆုံးထိ သိမှပဲ ဖြစ်ပေါ်လာတယ်။
If he moves lower, develops only his lower faculty which helps the animal nature then he makes himself deeply unhappy.
ကိုယ့်မှာရှိတဲ့ နိမ့်ကျတဲ့အရည်အသွေးတွေကိုပဲ မွေးမြူနေမယ်၊ နိမ့်တဲ့ဘက်ကို ပဲ သွားမယ်၊ ကိုယ့်ရဲ့  တိရစ္ဆာန်သဘာဝတွေကိုပဲ ဖြစ်အောင် အားပေးနေမယ်ဆိုရင် ကိုယ့်ကိုယ်ကို အကြီးအကျယ် စိတ်ဆင်းရဲအောင် လုပ်နေတာပဲ။
သင် ဘယ်လိုလူလဲဆိုတာ သိချင်ရင်…..
သင် ဘယ်လိုလူလဲဆိုတာ သိချင်ရင် သင်နဲ့ သင့် ပတ်ဝန်းကျင်က လူတွေရဲ့  ဆက်ဆံရေးကို အကဲ ခတ်ပါ။ ကိုယ့်ရဲ့ ဆက်ဆံရေးဟာ ကိုယ့်ရဲ့ Personality ကို ဖော်ပြနေတယ်။
သူများကို အနိုင်ယူချင်တဲ့ စိတ်ဟာ ခလေးဆန်တဲ့ စိတ်ဖြစ်တယ်။ သူများကို အပြစ်ရှာချင်တဲ့ စိတ်ထားဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
မိဘ၏ ကိုယ်ရည်ကိုယ်သွေး နှင့် သားသမီး
Personality ကောင်းတဲ့ သူဟာ အိမ်ထောင်ကျရင်လည်း အိမ်ထောင်ဖက်အပေါ် သဘောထားမှန်တယ်။ လွတ်လပ်ခွင့် ပေးတယ်။ လေးစားမှု ရှိတယ်။ စစ်မှန်ပြီး ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေး ရှိတယ်။ အိမ်ထောင်ဖက် နှစ်ယောက်လုံး Personality ကောင်းရင်တော့ အင်မတန် သာယာတဲ့ အိမ်ထောင်ရေးဖြစ်ပြီး တစ်ဦးကိုတစ်ဦး အပြန်အလှန် အကျိုးပြုမယ်။
သားသမီး ရလာတဲ့အခါမှာလည်း သားသမီးအပေါ် မှန်ကန်တဲ့ စိတ်နဲ့  ချစ်တတ်တယ်။ သားသမီးရဲ့  အရည်အချင်းတွေ အမြင့်မားဆုံးထွက်အောင် အထောက်အကူပေးနိုင်တယ်။
မိဘတွေရဲ့  Personality ဟာ သားသမီးတွေအပေါ် အကျိုးသက်ရောက်မှု အများကြီးရှိတယ်။
ဘယ်လို အရည်အသွေးရှိတဲ့ သားသမီးတွေ ဖြစ်လာမလဲ ဆိုတာ မိဘတွေရဲ့  Personality ပေါ်မှာ အများကြီးမူတည်တယ်။
မာန်မာန နှင့် ကိုယ်ရည်ကိုယ်သွေး
လူအများနဲ့  ဆက်ဆံရေးမှာ ကိုယ်ရည်ကိုယ်သွေးတွေ၊ အကျင့်စရိုက်တွေကို နိမ့်ကျသွားစေတဲ့ အကြောင်းတစ်ခုက ကိုယ့်ရဲ့  မာန်မာန ပါပဲ။
မာန်မာနဆိုတာ အင်မတန် ခက်ခဲနက်နဲသိမ်မွေ့ တဲ့ ကိလေသာ ဖြစ်တယ်။ ဒီလို Psychic inflation (စိတ်ဖောင်းပွမှု) ဖြစ်သွားရင် စိတ်ကြီးဝင်တယ်၊ ကိုယ်လုပ်သမျှ မှန်တယ်လို့ ထင်တယ်။ ကိုယ်ပြောသမျှ မှန်တယ်လို့  ထင်တယ်။ ကိုယ့်ကို ပြန်ပြီးတော့ လွဲမှားမှု ကို ပြောရင် လုံးဝလက်မခံချင်ဘူး။ သည်းမခံချင်ဘူး။ စိတ်ဆိုးတတ်တယ်။ ပြင်းထန်စွာ တုံ့ ပြန်တတ်တယ်။
ပစ္စည်း ဥစ္စာ၊ ရာထူး အမြင့်ဆုံး ကို ရောက်လာပြီဆိုရင် Psychic inflation လို့ ခေါ်တဲ့ စိတ်ကြီးဝင်တာ၊ ဘ၀င်မြင့်တာ၊ မာနကြီးတာ တွေဟာ ဖြစ်လာတယ်။ သူများနဲ့ ဆက်ဆံတဲ့ အခါမှာ မတူဘူး၊ မတန်ဘူး ဆိုတဲ့ သဘောနဲ့  အထက်စီးကနေ တင်စီးပြီးတော့ one up (တစ်ဆင့်မြှင့်) သဘောထားမျိုးနဲ့ ဆက်ဆံတယ်။ သူများကိုတော့ အောက်နှိမ့်ချပြီး one down (တစ်ဆင့်နှိမ့်) နေရာမှာ ထားတယ်။
ကိုယ့်ဘ၀ဟာ ကိုယ့်စိတ်ရဲ့  ရောင်ပြန်ဟပ်မှု
If u don’t plant the mental and physical seeds of the results you want, weeds will grow automatically.
ကိုယ်ဖြစ်စေချင်တဲ့ စိတ်အခြေအနေ၊ ကိုယ်ဖြစ်စေချင်တဲ့ ခန္ဓာကိုယ်အခြေအနေမျိုး ဖြစ်လာဖို့ အတွက် သင့်တော်တဲ့ မျိုးစေ့ကို မစိုက်ပျိုးရင် ပေါင်းပင်တွေ အလိုလို ပေါက်လာလိမ့်မယ်။
“အစကောင်းမှ အနှောင်းသေချာ” တဲ့။
If we don’t consciously direct our own mind and state, our environment may produce undesirable haphazard state, the result can be disastrous.
ကိုယ့်စိတ်နဲ့  ကိုယ်ခန္ဓာကိုယ် အခြေအနေတွေကို သိပြီးတော့ ဦးတည်ချက် မပေးခဲ့ရင် မလိုလားအပ်တဲ့ အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေကို ကိုယ့်ပတ်ဝန်းကျင်က ဖန်တီးလိမ့်မယ်။ ရလာတဲ့အကျိုးကလည်း သိပ်ထိခိုက် နစ်နာသွားနိုင်တယ်။
Thus, it’s critical that on a daily basis we stand guard at the door of our mind.
အရေးကြီးတာက နေ့ စဉ်နေ့ စဉ် ကိုယ့်စိတ်ရဲ့  တံခါးဝမှာ အစောင့်ရှိဖို့ လိုတယ်။
ဆိုလိုတာက ကိုယ့်စိတ်ကို တံခါးဝနဲ့ တင်စားထားတာပါ။ သတိ ဆိုတဲ့ အရာကို အစောင့် အဖြစ်တင်စားပြီး အာရုံ အမျိုးမျိုး စိတ်ထဲ ၀င်လာပြီး ဘ၀ကို ဦးတည်ချက်ပျောက်အောင် လုပ်နိုင်တယ် ဆိုတာကို သတိ နဲ့  ထိန်းချုပ်စေချင်တဲ့ သဘောကိုဆိုလိုပါတယ်။
That we know how we are consistently representing things to ourselves, we must daily weed our guarden.
အရာရာတိုင်းနဲ့  ပတ်သတ်ပြီး ဘယ်လို အဓိပ္ပာယ် ကောက်နေသလဲဆိုတော့ ကိုယ့်ကိုယ်ကို သိရမယ်။ ပြီးရင် ကိုယ့် ဥယျာဉ်လေး ကို နေ့ စဉ် ပေါင်းနှုတ်ဖို့ လိုတယ်။

2:37 AM
0
comments
Labels: ကျွန်ုပ်၏ မှတ်စုများ
Friday, April 25, 2008
သင်္ဂါယနာတင်ကြခြင်း
ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တရားတော်များ မပျက်စီး မပျောက်ပျက်ရလေအောင် ဘုရားရှင်၏ တရားဓမ္မများအား ကျွမ်းကျင် တတ်ကျွမ်းသော သံဃာတော်များစုပေါင်းပြီး ဗုဒ္ဓ၏ ဓမ္မအား သန့်ရှင်း တည်တံ့ပြန့်ပွားနိုင်ရန်အတွက် စစ်မှန်သော ဓမ္မကိုသာ သံဃာများ၏ သဘောတူညီမှုရယူကာ ရွတ်ဖတ်မှတ်တမ်းတင် အတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်း ဟုခေါ်သည်။ မင်းထုနှင့် ပြည်သူထုမှ ပံ့ပိုးကူညီကြသည်။
ပထမအကြိမ်သင်္ဂါယနာတင်ခြင်း
(၁) အကြောင်းခံ
သုဘဒ္ဒဟုခေါ်သော ရဟန်းသည် ဘုရားရှိစဉ် ကတည်းက ဝိနည်း (စည်းကမ်း)အား အကြိမ်ကြိမ်ဖောက်ပြန်ခဲ့သဖြင့် ဘုရားရှင်၏ အကြိမ်ကြိမ်သတိပေးမှုကို ခံခဲ့ရသဖြင့် ဘုရားရှင်အား အငြှိုးထားခဲ့ရာမှ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး ကြွေးကြော်ကာ သာသနာအား ညှိုးနွမ်းအောင် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီး တင်ခဲ့သည်။
(၂) သာသနာနှစ်
ဘုရားပရိနိဗ္ဗာန်ပြုပြီး (၃) လ နှင့် (၄) ရက်
(၃) နေရာ
ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ
ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ
(၄) ခေါင်းဆောင်
အရှင်မဟာကဿပမထေရ် ဦးဆောင်သော အရှင်ဥပါလိ (ဝိနည်း) နှင့် ညီတော်အာနန္ဒာ (သုတ္တန် နှင့် အဘိဓမ္မာ)
(၅) သံဃာဦးရေ
ရဟန္တာပေါင်း (၅၀၀)
(၆) မင်း
အဇာတသတ်မင်း
(၇) ကြာမြင့်ချိန်
(၇) လ
- သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး အရှင်မဟာကဿပမထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ ဝိနည်းတော်ကို၎င်း၊ ညီတော် အာနန္ဒာမှ သုတ္တန် နှင့် အဘိဓမ္မာကို၎င်း သံဃာအစည်းအဝေး သို့တင်သွင်းခဲ့သည်။
- ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရား အစုအဖွဲ့ အသေးများ စုဖွဲ့ခြင်းကို ဓမ္မက္ခန္ဓာ ဖွဲ့ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း (၈၄၀၀၀) ရရှိခဲ့သည်။ ၎င်းကိုထပ်မံပြီး သဘောတရားတူရာ အလိုက် အုပ်စုဖွဲ့လိုက်ရာ အုပ်စု (၃) စုရရှိပြီး ပိဋကတ် (၃) ပုံ ဟုခေါ်တွင်သည်။
- ၎င်းပိဋကတ် (၃) ပုံမှာ ဝိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀၀၀)၊ သုတ္တန်ပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀၀၀) ၊ အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၄၂၀၀၀) ထည့်သွင်းကာ သဘောတူခဲ့ကြသည်။
- အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အား မီခဲ့ကြပြီး အနီးကပ်ဆုံးတရားတော်များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ တန်ခိုးကြီးမားပြီး စင်ကြယ်လှသော ရဟန္တာကြီးများ ဖြစ်ကြသည်။
- ပထမအကြိမ်သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်) ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင် ပိဋကတ် (၃) ပုံ စတင်သတ်မှတ် စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံးပြည့်စုံမှု ဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်၎င်း၊ ပိုနေလို့ နုတ်ပယ်ရန်၎င်း) ကိုစီစစ်ခဲ့ကြရာ အားလုံးမှ ပြည့်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ကြသည်။
- ဘုရားရှင်၏ ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ခွင့်မရှိ သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက်ကြပါစို့ ဟုသဘောတူညီမှု ယူခဲ့ပြီး ထေရဝါဒဗုဒ္ဓသာသနာ ဟုခေါ်တွင်ခဲ့ပေသည်။
- ရဟန္တာ (၅၀၀) သောသံဃာထုခေါင်းဆောင်ပြီး အဇာတသတ်မင်းပါသော မင်းထု နှင့် သာသနာဝင်အားလုံး ပြည်သူထုမှ ပစ္စယာနုဂ္ဂဟ အဖြစ်ပံ့ပိုးကူညီခဲ့ကြပါသည်။
ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း
(၁) အကြောင်းခံ
သာသနာနှစ် (၁၀၀) ကြာပြီးနောက် ဝဇ္ဇီတိုင်းသားရဟန်းများ (ဒေဝဒတ်၏ တပည့်များ) မှ အဓမ္မဝတ္ထု (၁၀) ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ - နေလက်တစ်သစ်လွဲသည်အထိ ထမင်းစားရန်၎င်း၊ သေနု (အရက်ခပ်ပျော့ပျော့) ကို သောက်ရန်၎င်း၊ ရွှေငွေများကို သာမာန်လူပုဂ္ဂိုလ်များကဲ့သို့ ကိုင်တွယ်အသုံးပြုရန်၎င်း စသဖြင့် တောင်းဆိုခဲ့သည်မှာ ထေရဝါဒ ဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် သာသနာညှိုးနွမ်းလာသည်ကို အကြောင်းပြုပြီးတင်ခဲ့သည်။
(၂) သာသနာနှစ်
(၁၀၀) နှစ်
(၃) နေရာ
ဝေသာလီပြည်၊ ဝါဠုကာရာမကျောင်း
(၄) ခေါင်းဆောင်
အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေဝတ နှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ
ရဟန္တာပေါင်း (၇၀၀)
(၆) မင်း
ကာလာသောကမင်း
(၇) ကြာမြင့်ချိန်
(၈) လ
- ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေဝတ နှင့် အရှင်သဗ္ဗကာမိ နှစ်ပါးမှ အမေးအဖြေများပြုလုပ်စီစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ (၈) လ ကြာမြင့်ခဲ့သည်။ ရဟန္တာ (၇၀၀) သော သံဃာထု ကာလာသောကမင်း၏ မင်းထု နှင့် ပြည်သူလူထု ၏ အကူအညီရယူပြီး ထု (၃) ထု ပူးပေါင်းပြီး ရဟန်း ပျက်များအား စီစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း (၁၀၀၀၀) ကျော်အားနှင်ထုတ်ခဲ့ရသည်။
- ၎င်းရဟန်းပျက် (၁၀၀၀၀) ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမဝန္တာတောင်ခြေဖက်သို့ သွားရောက်ခဲ့ရာ ၎င်းနေရာရှိ မင်းတစ်ပါးမှ သနားပြီး ခိုလှုံ ခွင့်ပေးလိုက်ရာမှ ၎င်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၎င်းတို့မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်း ဟုခေါ်ဆိုကြပြီး ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ (၇၀၀) ပါသော အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ်သောအဖွဲ့ ဟုခေါ်တွင်ခဲ့ကြသည်။
- သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု မင်းထု ပြည်သူလူထု (၃) ထုမှ ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။
တတိယအကြိမ်သင်္ဂါယနာတင်ခြင်း
(၁) အကြောင်းခံ
သာသနာနှစ် (၂၃၅) နှစ် ကြာပြီးနောက် ပါဋလိပုတ်ပြည်တွင် မိစ္ဆာအယူရှိသောရဟန်းအတု (၆၀၀၀၀) ကျော်အထိ သာသနာအတွင်း အယောင်ဆောင်ပြီး ဝင်ရောက်လာကြသည်ကို အကြောင်းပြုပြီး တင်ခဲ့ရသည်။
(၂) သာသနာနှစ်
(၂၃၅) နှစ်
(၃) နေရာ
ပါဋလိပုတ်ပြည် ၊ အသောကာရုံကျောင်း
(၄) ခေါင်းဆောင်
အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်
(၅) သံဃာဦးရေ
ရဟန္တာပေါင်း (၁၀၀၀)
(၆) မင်း
သီရိဓမ္မာသောကမင်း
(၇) ကြာမြင့်ချိန်
(၉) လ
- ရဟန်းအတု (၆၀၀၀၀) ကျော် သာသနာအတွင်းဝင်ရောက်လာခဲ့ကြပြီး ကတုံးတုံးသင်္ကန်းစည်းသည် နှင့် ရဟန်းဖြစ်ပြီး လုပ်ချင်သလို လုပ်နေကြရာ သာသနာလွန်စွာမှ ညှိုးမှိန်လာခဲ့ပြီး ဝိနည်းတော်နှင့်အညီကျင့်ကြံအားထုတ်နေကြသော ရဟန်းအစစ်တို့မှာ လွန်စွာချို့ တဲ့ဒုက္ခ ရောက်ခဲ့ကြရသည်။
- အရှင်တိဿမထေရ်ကြီး ဦးဆောင်သော ရဟန္တာ (၁၀၀၀) ပါသော သံဃာထု၊ သီရိဓမ္မာသောကမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု (၃) ထု ပူးပေါင်းပြီး နှုတ်ထက်အက္ခရာ သင်္ဂါယနာတင်ခဲ့ရာ အချိန် (၉) လ ကြာမြင့်ခဲ့သည်။
- အယောင်ဆောင်ဝင်လာသော ရဟန်းအတုများအား စီစစ်ပြီး လူဝတ်လဲစေခြင်း သာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းတို့ဖြင့် သာသနာတော် ညှိုးနွမ်းနေမှုကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပေသည်။
- သီရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့ စေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြုလုပ်ငန်းကို ကမ္ဘာအနှံ့ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာတစ်ခုလုံး၏ (၅) ပုံ (၄) ပုံ သည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။
- မြန်မာနိုင်ငံသို့ သာသနာရောက်ရှိလာရခြင်းသည် သုဝဏ္ဏဘူမိ သာသနာပြုအဖွဲ့ မှ အရှင်သောဏ နှင့် အရှင်ဥတ္တရမထေရ် (၂) ပါး ဦးဆောင်သော ရဟန္တာ (၅) ပါးအဖွဲ့၏ သထုံဖက်မှ ဝင်ရောက် သာသနာပြုရာမှ အစပြုပြီး ရောက်ရှိလာရခြင်းဖြစ်သည်။
စတုတ္ထအကြိမ်သင်္ဂါယနာတင်ခြင်း
(၁) အကြောင်းခံ
သာသနာနှစ် (၄၅၀) ကြာသော် သီဟိုဠ်နိုင်ငံသို့ သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေးနှင့် သူပုန်ဘေးကြီး (၁၂) နှစ် ကြာ ကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခရောက်ခဲ့ကြမှုကို အကြောင်းပြုပြီး တင်ခဲ့သည်။
(၂) သာသနာနှစ်
(၄၅၀) နှစ်
(၃) နေရာ
သီဟိုဠ်နိုင်ငံ၊ မလယဇနပုဒ်၊ အလောကလိုဏ်ဂူ
(၄) ခေါင်းဆောင်
အရှင်မဟာဓမ္မရက္ခိတမထေရ်
(၅) သံဃာဦးရေ
ရဟန္တာပေါင်း (၅၀၀)
(၆) မင်း
ဝဋ္ဋဂါမဏိမင်း
(၇) ကြာမြင့်ချိန်
တစ်နှစ်
- သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တာမဟိန္ဒ နှင့် သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီ တို့ ပြုခဲ့သော သာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ အငတ်ဘေး နှင့် သူပုန်ဘေးများ (၁၂) နှစ်ကြာပေါ်ပေါက်သဖြင့် ဒါယကာ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှု မရှိတော့သဖြင့် ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။
- အချို့သော သံဃာအစစ်တို့သည် ဘုရားရှင်၏ ဓမ္မများ မပျောက် ပျက်ရလေအောင် နှုတ်ဖြင့်ရွတ်ဆိုရင်း သဲသောင်ပေါ်တွင် ဗိုက်ပေါ်သဲများတင်ပြီး မမေ့လျော့အောင် ရွတ်ဖတ်ထိန်းသိမ်းနေကြသည်။ အချို့သော သံဃာတို့တွင်လည်း လွန်စွာချို့တဲ့ လာကြသဖြင့် နီဝရဏတရားများ လွှမ်းမိုးလာကြသည်။
- သူပုန်ဘေး (၁၂) နှစ်ကာလပြီးဆုံးချိန်တွင် သာသနာလွန်စွာ ညှိုးမှိန်နေသဖြင့် အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်သော ရဟန္တာ (၅၀၀) တို့ ပါဝင်သော သံဃာထု၊ အထောက်အပံ့ ပြုကြသော ဝဋ္ဋဂါမဏိမင်း၏ မင်းထု၊ သာသနာဝင်များ ပြည်သူလူထု ထု (၃) ထု ပူးပေါင်းဆောင်ရွတ်ကြသည်။
- ပိဋကတ်တော်များသည် နှုတ်ထက် အက္ခရာတင်လျှင်နောင်တွင် အလွယ်တကူ ပျောက်ကွယ် သွားနိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ်ရေးတင်ပြီး ပေထက်အက္ခရာ တင်ခဲ့ရာ တစ်နှစ်ကြာမြင့်ခဲ့သည်။
ပဉ္စမအကြိမ်သင်္ဂါယနာတင်ခြင်း
(၁) အကြောင်းခံ
သာသနာနှစ် (၂၄၁၅) ကြာပြီးနောက် စတုတ္ထ နှင့် ပဉ္စမအကြိမ်ကြားတွင် နှစ်ပေါင်း (၂၀၀၀) ခန့် ကြာမြင့်ခဲ့သည့်အတွက် ပေရွက်ပေါ်တင်ထားမှု သည် ရာသီဥတု နှင့် ပိုးမွှားအန္တရာယ် တို့ကြောင့် ကြာရှည်ခံနိုင်မှု မရှိဘဲ ဖြစ်လာခြင်း မူကွဲများဖြစ်ပေါ်လာခြင်းတို့အပေါ် အကြောင်းပြု၍ တင်ခဲ့သည်။
(၂) သာသနာနှစ်
(၂၄၁၅) နှစ်
(၃) နေရာ
မြန်မာနိုင်ငံ၊ မန္တလေးမြို့  ရတနာပုံနေပြည်တော်
(၄) ခေါင်းဆောင်
အရှင်ဇာဂရမထေရ်
(၅) သံဃာဦးရေ
ရိုးရိုးသံဃာပေါင်း (၂၄၀၀)
(၆) မင်း
မင်းတုန်းမင်း
(၇) ကြာမြင့်ချိန်
နှုတ်ဖြင့်ရွတ် (၅) လ (၃) ရက်
ကျောက်ထက်တင် (၇) နှစ် ၊ (၆) လ၊ (၁၄) ရက်
- သာသနာနှစ် (၂၄၁၅) နှစ် ကြာသော် ပေရွက်ပေါ်တင်ထားသော ပိဋကတ် (၃) ပုံတို့သည် ရာသီဥတု နှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်း နှင့် အချို့ မူကွဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အရှင်ဇာဂရမထေရ် ဦးဆောင်သော ရဟန်း (၂၄၀၀) ပါဝင်သော သံဃာထု သည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု (၃) ထု ပူးပေါင်းပြီး မန္တလေးမြို့  ရတနာပုံနေပြည်တော် တွင် သင်္ဂါယနာတင်ခဲ့ကြသည်။
- နှုတ်ဖြင့်ရွတ်ဆိုတင်ခဲ့ခြင်းသည် (၅) လ နှင့် (၃) ရက် ကြာမြင့်ခဲ့ပြီးနောက် ပိဋကတ်တော် များကို ကမ္ဘာတည်သ၍ ကြာရှည် မပျက်စီးရလေအောင် စကျင်ကျောက်ပြား အပေါ် ၌ ထွင်းထုရေးသားခဲ့ရာ စကျင်ကျောက်ဖြူအပြားပေါင်း (၇၂၉) ချပ် ရရှိခဲ့ပြီး အချိန်အားဖြင့် (၇) နှစ်၊ (၆) လ နှင့် (၁၄) ရက်ကြာမြင့်ခဲ့ပြီး ယနေ့တိုင် မန္တလေးလောကမာရဇိန် ဘုရားဝင်းအတွင်း ၌ ကမ္ဘာ့အကြီးဆုံးစာအုပ် (The World Biggest Book) ဟူသော အမည်ဖြင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်မှတ်တိုင်ကြီးအဖြစ် လွန်စွာထင်ရှားခဲ့ပေသည်။
ဆဌမအကြိမ်သင်္ဂါယနာတင်ခြင်း
(၁) အကြောင်းခံ
သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသော ဘာသာဝင်တို့၏ သူ့ကျွန်ဘဝရောက်ခဲ့ပြီး နှစ် (၁၀၀) ခန့် သာသနာညှိုးနွမ်းခဲ့မှု အပေါ် အကြောင်းခံပြီး သာသနာနှစ်(၂၄၉၈) နှစ်တွင် သင်္ဂါယနာတင်ခဲ့ရသည်။
(၂) သာသနာနှစ်
(၂၄၉၈) နှစ်
(၃) နေရာ
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူ
(၄) ခေါင်းဆောင်
ညောင်ရမ်းဆရာတော် အရှင်ရေဝတ၊ မဟာစည်ဆရာတော် အရှင်သောဘဏ၊ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ
(၅) သံဃာဦးရေ
ရိုးရိုးသံဃာပေါင်း (၂၅၀၀)
(၆) မင်း
ဖဆပလ ဦးနု အစိုးရ
- ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ နှစ် (၁၀၀) ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော်လွန်စွာ ညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် (၂၄၉၈) နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတွင် ဆဌမအကြိမ်သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။
- ညောင်ရမ်းဆရာတော်၊ မဟာစည်ဆရာတော် နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း (၂၅၀၀) တွင် ထေရဝါဒနိုင်ငံများ ဖြစ်သော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ (၅) နိုင်ငံမှ ရဟန်းများ ပါဝင်သော သံဃာထု၊ ဖဆပလ ဦးနု အစိုးရ ဦးဆောင်သော မင်းထု နှင့် သာသနာဝင် များ ပြည်သူလူထု စသော ထု (၃) ထု ပူးပေါင်းဆောင်ရွတ်ပြီး ယခင် ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူဖတ်မှတ် လေ့လာနိုင်ရန ပိဋကတ်တော်များကို စာအုပ်များပေါ် တွင် ကူးပြောင်း ရိုက်နှိပ်ပြီး ဆဌမအကြိမ်သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။
- ယခုအချိန်တွင် ဗုဒ္ဓသာသနာတော် ပိဋကတ် (၃) ပုံ စလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့် မည်သည့် ပုဂ္ဂိုလ်မဆို နေရာမရွေး၊ အချိန်မရွေး အလွယ်တကူ ဖတ်မှတ် လေ့လာနိုင်လာပြီး သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည်။
ဘုရားသာသနာအကျင့်နှစ်ဖြာ
ဘုရားရှင်၏ သာသနာပြုလုပ်ငန်းတွင်-
(၁) ပရိယတ္တိသာသနာသည် တရားဟော တရားပြ စာပေဖတ်မှတ် သင်ကြားခြင်း လုပ်ငန်း (စာသင်တိုက်များ၊ တရားပွဲများ ) နှင့်
(၂) ပဋိပတ္တိသာသနာသည် မိမိဗဟုသုတဖြင့် သိရသောစစ်မှန်သောတရားတော်များကို ခန္ဓာတွင်းမှာ သိမြင်လာအောင် ကိုယ်တိုင်ရှုမှတ်လေ့ကျင့် ရသောလုပ်ငန်း (ဝိပဿနာရိပ်သာများ ၌ အားထုတ်ခြင်း) များကိုသာ အကျင့် (၂) ဖြာ ဟု ခေါ်ဆိုရပေမည်။
Posted by
kyaw
at
2:11 PM
0
comments
Labels: ဘာသာရေး
ဗုဒ္ဓသာသနာပြုကြရအောင်
ဗုဒ္ဓသာသနာပြုကြရအောင်
(Buddhist Missionary)
(Buddhist Missionary)
ဘုရားအလောင်းတော်၏ ကျေးဇူးတော်
- သုမေဓါရသေ့ဘဝမှာ မိမိအတွက်ဆို နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သော်လည်း သတ္တဝါအားလုံး၏ အကျိုးအတွက် ကြည့်ရှုခဲ့သော ကျေးဇူးတော်
- ဘုရားအလောင်းတော်ဘဝတွင် ပါရမီ (၃၀) ကို ဘဝပေါင်း အနန္တ အသက်သွေးပေါင်း အနန္တတို့ဖြင့် ဖြည့်စွမ်းပေးခဲ့သော ကျေးဇူးတော်
- နောက်ဆုံးလူ့ဘဝတွင် လောကီချမ်းသာတို့၏ ထိပ်ခေါင် မင်းစည်းစိမ် ချမ်းသာအားလုံးကို စွန့်လွှတ်ပြီး သတ္တဝါ အားလုံးအကျိုးအတွက် ရည်ရွယ်ပြီးဆောင်ရွက်ခဲ့သော ကျေးဇူးတော်တို့သည် တုနှိုင်း၍ မရအောင် ကျေးဇူးကြီးမား လှပေသည်။
ဘုရားရှင်၏ ကျေးဇူးတော်
- ဘုရားဖြစ်ပြီးသည့်နောက် သတ္တဝါအားလုံးတို့အား ဒုက္ခသံသရာမှ လွတ်မြောက်ပြီး ချမ်းသာအစစ်နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ရေးအတွက် တရားဟောလမ်းညွှန်ပြသပေးခြင်း
- (၄၅) ဝါ (နှစ်) ပတ်လုံး တစ်နေ့တွင် တစ်နာရီမျှ ခန့်သာ ကျိန်း (အိပ်) တော်မူ၏။ အချိန်ရှိသလောက် သတ္တဝါ အားလုံးတို့အား တရားတော်များ ဟောပြော ပြသ ချီးမြှင့်တော်မူခဲ့ခြင်း
- သာသနာတော်ကို ထူထောင်ခဲ့သည့်အပြင် အနာဂတ်ကာလ သာသနာတော်ပြန့်ပွားရေးအတွက် များလှစွာသော ဓမ္မဒူတ ခရီးစဉ်များ စေလွှတ်ပြီး သာသနာပြုပေးခဲ့သော ကျေးဇူးတော်များသည် သတ္တဝါအားလုံးအတွက် လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုးကိုပေါ်ပေါက်စေခဲ့သည်မှာ ဆပ်၍မကုန်နိုင်သော ကျေးဇူးတော်များ ဖြစ်ပေသည်။
အမြင့်မြတ်ဆုံးသော ကျေးဇူးတော် (ဂုဏ်တော်)
- အနန္တစကြာဝဠာ သတ္တဝါအားလုံးတို့အား အမှန်ကိုသိမြင်စေရန်နှင့် ဥာဏ်အလင်းကို ထင်ရှားစွာ ရရှိကြရန်ပြသလမ်းညွှန်ပေးပြီး အကြီးမားဆုံးသော မေတ္တာနှင့် ကရုဏာထားတော်မူခဲ့သော ဘုရားရှင်၏ ကျေးဇူးတော်သည် အမြင့်မြတ်ဆုံးသော ကျေးဇူးတော်ဖြစ်ပေသည်။
- မှန်စွာသိမြင် နားလည်သဘောပေါက်လာကြသော ပုဂ္ဂိုလ်မှန်သမျှတို့သည် ဘုရားရှင်၏ အဆုံးအမများအား မပျက်စီး / မပျောက်ပျက်စေရန် ဝိုင်းဝန်းစောင့်ရှောက်ထိန်းသိမ်းကြရန် အထူးလုပ်ဆောင်လေတော့မည်။
သင်္ဂါယနာတင်ကြခြင်း
- ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တရားတော်များ မပျက်စီး မပျောက်ပျက်ရလေအောင် ဘုရားရှင်၏ တရားဓမ္မများအား ကျွမ်းကျင် တတ်ကျွမ်းသော သံဃာတော်များစုပေါင်းပြီး ဗုဒ္ဓ၏ ဓမ္မအား သန့်ရှင်း တည်တံ့ပြန့်ပွားနိုင်ရန်အတွက် စစ်မှန်သော ဓမ္မကိုသာ သံဃာများ၏ သဘောတူညီမှုရယူကာ ရွတ်ဖတ်မှတ်တမ်းတင် အတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်း ဟုခေါ်သည်။ မင်းထုနှင့် ပြည်သူထုမှ ပံ့ပိုးကူညီကြသည်။
သာသနာ့အမွေ ဆက်ခံခဲ့ခြင်း
- ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တပည့်ရဟန်းတို့သည် ခေတ်အသီးသီးမှ အာဏာရှိသော မင်းထုနှင့် ဗုဒ္ဓသာသနာဝင်ပြည်သူလူထု ပူးပေါင်းပြီး သံဃာထု၊ မင်းထု၊ ပြည်သူလူထု၊ ထု (၃) ထု ပူးပေါင်းကာ သင်္ဂါယနာ (၆) ကြိမ် တိုင်တိုင် စုပေါင်းတင်ခဲ့ကြပြီး ဗုဒ္ဓသာသနာ့အမွေ မပျက်စီးမပျောက်ပျက်ရလေအောင် စောင့်ရှောက် ထိန်းသိမ်းခဲ့ကြလေသည်။
Posted by
kyaw
at
2:07 PM
0
comments
Labels: ဘာသာရေး
ဗုဒ္ဓအဆုံးအမ အားလုံးတို့သည် ဗဟုသုတရရုံမဟုတ်ဘဲ လက်တွေ့လေ့ကျင့်ရန် နှင့် အကျိုးရှိအောင် အသုံးချရန် ဖြစ်သည်။
ဗုဒ္ဓအဆုံးအမ အားလုံးတို့သည် ဗဟုသုတရရုံမဟုတ်ဘဲ လက်တွေ့လေ့ကျင့်ရန် နှင့် အကျိုးရှိအောင် အသုံးချရန် ဖြစ်သည်။
(Buddha’s Teachings are not for Knowledge only but also for Self Practice & Implementation)
အနှစ်သာရရှိလှခြင်း
- ဗုဒ္ဓဘုရားရှင် အဆုံးအမ အားလုံးသည် ဗဟုသုတ ရရုံပါးစပ်ဖျားလေးမှ ပြောနေ ဟောနေရုံမျှ လမ်းဆုံးနေတာမျိုး တစ်ခွန်းမျှ မရှိခဲ့ပါဘူး။
- အဆုံးအမတိုင်းသည် ကိုယ်တိုင်လက်တွေ့ ကျင့်ရမယ်။ ပြီးမှ မိမိနှင့်အများအကျိုးအတွက် အကျိုးရှိအောင် လက်တွေ့အသုံးချပြီးမှ သာလျှင် အဓိပ္ပါယ် ပြည့်စုံပြီး ပန်းတိုင် (နိဗ္ဗာန်) သို့ မျက်မှောက်ပြုနိုင်ခြင်း သည်သာ အနှစ်သာရဖြစ်ပါသည်။
ချမ်းသာအစစ်
- လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ သုံးမျိုးသော ချမ်းသာတို့တွင် လူနှင့်နတ်ချမ်းသာ တို့သည် ဒုက္ခသစ္စာနယ် (ဖြစ်ပေါ် ခြင်း ချုပ်ပျောက်ခြင်းတို့က အစဉ်ထာဝရ နှိပ်စက်သောနယ်) ထဲတွင်သာ ခံစားနေရပြီး သုံးဆယ် တစ်ဘုံသံသရာလည်စေပြီး ချမ်းသာအတု ဖြစ်သည်။
- နိဗ္ဗာန်ချမ်းသာ (မဖောက်မပြန် ပြုပြင်စီရင်မှုမရှိ ငြိမ်းအေးမှု အပြည့် ဒုက္ခ အားလုံးချုပ်ဆုံးခြင်း သံသရာမှလွတ်မြောက်ခြင်း) သည်သာလျှင် မဟာသန္တိသုခ ချမ်းသာ အစစ် ဖြစ်ပေသည်။
ဘုရားကန်တော့ခြင်း
- ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားကန်တော့ကြစဉ် သြကာသမှ စပြီးရွတ်ဆိုကြသည်။ (သြကာသ ဆိုသည်မှာ ခွင့်ပြုပါ ဘုရားဟု ခွင့်တောင်းခြင်းသာဖြစ်သည်၊ လူယဉ်ကျေးတို့၏ အလေ့အထ တစ်ခုဖြစ်သည်။)
- သြကာသရွတ်ပြီး ဘုရားရှိခိုးနေစဉ် ဘုရားရှင်၏ ပုံတော် (အကာ) ကိုကြည့်ပြီး ဘုရားရှင်၏ ဂုဏ်တော် (အနှစ်) ကို ရည်မှန်းပြီး ကန်တော့မှသာလျှင် အဓိပ္ပာယ်ပြည့်စုံ ပေသည်။
ဆုတောင်းခြင်း
- သြကာသဖြင့် ဘုရားကန်တော့ပြီးနောက် ဤသို့ ကန်တော့ရသော အကျိုးအားကြောင့် အပ္ပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး စသည်ဖြင့် ဘေးအပေါင်းမှ လွတ်ရန် ရှည်လျားလှစွာသော ဆုတောင်းများကို ထုံးတမ်းစဉ်လာအရ ပါးစပ်ဖျားလေးဖြင့် ဆုတောင်းကာ နောက်ဆုံး နိဗ္ဗာန်ချမ်းသာကိုပင်လျှင် ပါးစပ်ဖြင့်တောင်းရုံနှင့်ရသကဲ့သို့ မှားယွင်းစွာ ဆုတောင်းနေကြလေသည်။ အမှန်မှာ ဆုတောင်းသကဲ့သို့ လက်တွေ့ကျင့်ရန်သာ အဓိကဖြစ်သည်။
ကိုယ်တိုင်လေ့ကျင့်ခြင်း
(က) အပါယ်လေးပါး ဘေးမှလွတ်ရန်ကား
အပါယ်လေးပါးဆိုသောအဓိပ္ပါယ်နှင့် အပါယ်ကျစေနိုင်သော အကြောင်းတရားနှင့် အပါယ်လွတ်ရန် ကိုယ်တိုင် လေ့ကျင့်ရမည့်တရားတို့ကို သိရှိလေ့ကျင့်ရန်လိုပေသည်။
(၁) တိရစ္ဆာန်ဘုံရောက်ခြင်းသည် မောဟ (အမှားသိ တွေဝေ) ကြောင့်ဖြစ်ပြီး ၎င်းမောဟဆိုသောအကြောင်းကို သတ်မှ သာလျှင် အကျိုးတိရစ္ဆာန်ဘုံမရောက်ခြင်း ဖြစ်ပေသည်။
(၂) ပြိတ္တာဘုံ ရောက်ခြင်းသည် လောဘ (လိုချင်တပ်မက်) ကြောင့်ဖြစ်ပြီး ၎င်းလောဘဆိုသောအကြောင်းကို သတ်မှသာလျှင် အကျိုးပြိတ္တာဘုံမရောက်ခြင်း ဖြစ်ပေသည်။
(၃) အသူရကာယ် (အရံငရဲ) ဘုံရောက်ခြင်းသည် မာန(ထောင်လွှားမှု) ကြောင့်ဖြစ်ပြီး ၎င်းမာနဆိုသောအကြောင်းကို သတ်မှသာလျှင် အကျိုး အသူရကာယ်ဘုံ မရောက်ခြင်း ဖြစ်ပေသည်။
(၄) ငရဲဘုံရောက်ခြင်းသည် ဒေါသ (ကြမ်းတမ်း ခက်ထန်) ကြောင့် ဖြစ်ပြီး ၎င်းဒေါသဆိုသော အကြောင်းကို သတ်မှသာလျှင် အကျိုးငရဲဘုံမရောက်ခြင်း ဖြစ်ပေသည်။
အပါယ်လေးပါးမှ လွတ်ချင်ပါ၏လို့ ဆုတောင်းနေရုံဖြင့် အပါယ်မှ မလွတ်နိုင်၊ အပါယ်ရောက်စေနိုင်သော လောဘ ၊ ဒေါသ၊ မောဟ၊ မာန တို့ကို ကိုယ်တိုင် လေ့ကျင့်ပယ်သတ်မှသာလျှင် လွတ်နိုင်ပေမည်။
(ခ) ကပ်သုံးပါးဘေးမှ လွတ်ရန်ကား
ကပ်သုံးပါး၏ အဓိပ္ပာယ်နှင့် ကပ်ဘေးကို ဖြစ်စေနိုင်သော အကြောင်းတရား (မီး) ကို သိရန်လိုအပ်ပြီး အကြောင်းကို ခေတ္တထိန်းနိုင်သော တရားနှင့် အကြောင်းတရား (မီး) ကို အငုတ်ပြုတ်စေနိုင်သောတရားကိုသိရှိ လေ့ကျင့်ရန်လိုအပ်ပေသည်။
ကပ်သုံးပါးြ ဖစ်စေသောအကြောင်း ခေတ္တထိန်း
(မီး)
၁။ ဒုဗ္ဘိက္ခန္တရကပ် လောဘ ဒါန
(ငတ်မွတ်ဘေး)
၂။ သတ္တန္တရကပ် ဒေါသ သီလ
(သတ်ဖြတ်ဘေး) (ကာယဝစီစောင့်ထိန်း)
၃။ ရောဂန္တရကပ် မောဟ ဘာဝနာ
(ရောပါဘေး) (အဖန်တလဲလဲ ရှုမှတ်ပွားများ)
၂။ သတ္တန္တရကပ် ဒေါသ သီလ
(သတ်ဖြတ်ဘေး) (ကာယဝစီစောင့်ထိန်း)
၃။ ရောဂန္တရကပ် မောဟ ဘာဝနာ
(ရောပါဘေး) (အဖန်တလဲလဲ ရှုမှတ်ပွားများ)
- ငတ်မွတ်ဘေး (ကပ်) ဖြစ်ရခြင်းသည် လောဘအကြောင်းကြောင့်ဖြစ်ပြီး ၎င်းလောဘမီးကို ခေတ္တခဏအားဖြင့် ဒါနပြုခြင်းဖြင့် ထိန်းထားနိုင်သည်။ သတ်ဖြတ်ဘေး (ကပ်) သည် ဒေါသကြောင့်ဖြစ်ပြီး ၎င်းဒေါသကို ခေတ္တခဏအားဖြင့် သီလဖြင့် ထိန်းထားနိုင်သည်။ ရောဂါဘေး (ကပ်) သည် မောဟကြောင့်ဖြစ်ပြီး ၎င်းမောဟကို ခေတ္တခဏအားဖြင့် ဘာဝနာဖြင့် ထိန်းထားနိုင်သည်။
- ကပ်သုံးပါးစလုံး အငုတ်ပြုတ်နိုင်ရန်ကား ဝိပဿနာ၊ ဘာဝနာ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) ရှုမှတ်ပွားများနေရမည် ဖြစ်သည်။
- ကပ်သုံးပါးမှ လွတ်မြောက်ချင်ပါ၏ လို့ ဆုတောင်းနေရုံမျှဖြင့် ကပ်သုံးပါးမှ မလွတ်နိုင်၊ ကပ်သုံးပါးကို ဖြစ်စေသော လောဘမီး၊ ဒေါသမီး၊ မောဟမီး တို့ကို မိမိကိုယ်တိုင်လည်း လေ့ကျင့်ပြီး ပယ်သတ်၊ အားလုံးသောသတ္တဝါအပေါင်းတို့မှလည်း လေ့ကျင့်ပြီး ပယ်သတ်နိုင်ကြမှသာလျှင် ကပ်ဘေးတို့မှ လွတ်မြောက်နိုင်ပေမည်။
ဒုစရိုက် / သုစရိုက်
ဒုစရိုက် (၁၀) ပါး (ဒု = မကောင်းသော ၊ စရိုက် = အကျင့်)
(က) ကာယကံ (၃) ပါး
(၁) သတ် (သတ္တဝါများ)
(၂) ခိုး (တစ်ပါးသူပိုင် ပစ္စည်း)
(၃) ဖောက်ပြန် (ကာမဂုဏ်)
(ခ) ဝစီကံ (၄) ပါး
(၁) လိမ် (မဟုတ်မမှန်ပြောခြင်း)
(၂) ကုန်းတိုက် (ညီညွတ်မှုပြိုကွဲစေခြင်း)
(၃) ကြမ်းတမ်း (ဆဲရေးတိုင်းထွာခြင်း)
(၄) အချည်းနှီး (အကျိုးမရှိသော စကားပြောခြင်း)
(ဂ) မနောကံ (၃) ပါး
(၁) အဘိဇ္ဈာ (သူတစ်ပါးပစ္စည်း မတရား ရစေလိုခြင်း)
(၂) ဗျာပါဒ (သူတစ်ပါးကို သေကြေပျက်စီး စေလိုခြင်း)
(၃) မိစ္ဆာဒိဌိ (အယူမှားခြင်း)
ဒုစရိုက် (၁၀) ပါး ပွား (၄၀)
(၁) ကိုယ်တိုင်ကျူးလွန် (၁၀) ပါး
(၂) သူတစ်ပါးအားစေခိုင်း (၁၀) ပါး
(၃) သွယ်ဝိုက်အားပေး (၁၀) ပါး
(၄) ဝမ်းမြောက် (၁၀) ပါး
သုစရိုက် (၁၀) ပါး (သု = ကောင်းသော၊ စရိုက် = အကျင့်)
(က) ကာယကံ (၃) ပါး
(ခ) ဝစီကံ (၄) ပါး ဒုစရိုက် (၁၀) ပါးကို ရှောင်ကြဉ်ခြင်း သည် သုစရိုက် (၁၀) ပါး ဖြစ်သည်။
(ဂ) မနောကံ (၃) ပါး
သုစရိုက် (၁၀) ပါးလည်း ပွားလျှင် (၄၀) ရသည်။
(၁) ကိုယ်တိုင်
(၂) စေခိုင်း
(၃) အားပေး
(၄) ဝမ်းမြောက်
မှတ်ချက်
၎င်းဒုစရိုက် / သုစရိုက်တို့သည်လည်း ပါးစပ်ဖျားဖြင့် ပြောနေ၊ ဟောနေရုံမျှဖြင့် အဓိပ္ပါယ်မပြည့်စုံဘဲ ဒုစရိုက်ကို ကိုယ်တိုင်လုံးဝ ရှောင်ကြဉ်ကြပြီး သုစရိုက်ကို လက်တွေ့လေ့ကျင့်လုပ်ဆောင်ကြပြီး မိမိနှင့် အများအကျိုး ဆောင်ရွက်နိုင်မှသာလျှင် ဗုဒ္ဓအလိုတော်ကျ ဆောင်ရွက်ခြင်းဖြစ်သည်။
ဗြဟ္မစိုရ် (၄) ပါး
မေတ္တာ = တစ်ပါးသူအား ကောင်းစေချင်သော စေတနာ အပြုမြင်ဝါဒ (တန်းတူတွေ့လျှင် မေတ္တာမပွားနိုင်က ပြိုင်တတ်သည်။)
ကရုဏာ =တစ်ပါးသူအား ဝဋ်ဒုက္ခဘေးဆင်းရဲတို့မှ လွတ်မြောက်စေလိုသော စေတနာ (ကိုယ့်အောက်နိမ့်လျှင် ကရုဏာ မထားနိုင်က နိုင်တတ်သည်။)
မုဒိတာ = သူတစ်ပါးကောင်းစားတာ ဝမ်းမြောက်ခြင်း(ကိုယ့်ထက်သာလျှင် မုဒိတာ မပွားနိုင်က ငြူစူစောင်းမြောင်း တတ်သည်။)
ဥပေက္ခာ = ချစ်လည်းမချစ်၊ မုန်းလည်းမမုန်းခြင်း (လစ်လျူရှုခြင်း)(သတ္တဝါအားလုံးတို့သည် မိမိပြုသော ကံအတိုင်းကိုသာ မိမိရကြသည်။)
မှတ်ချက်
ဗြဟ္မစိုရ်တရား (၄) ပါးသည် နတ်လူသတ္တဝါ အားလုံးတို့၏ ချစ်ဆေးဖြစ်၍ ပါးစပ်ဖျားမှ ပြောနေရုံမျှဖြင့် မပြည့်စုံနိုင်ပါ။ လက်တွေ့လေ့ကျင့်လုပ်ဆောင်ကြပြီး နှလုံးသွင်းကာ အသုံးချခြင်းဖြင့် ငြိမ်းချမ်းသာယာသော လောကကြီး ဖြစ်လာပေလိမ့်မည်။
ပုညကြိယာ (၁၀) ပါး
ကောင်းမှု ကုသိုလ် ပုည ဘုန်း (သို့) အဆင့်ဆင့်ကူးပြောင်း ခေါ်ဝေါ်လာကြရာ ယခုအခါ ဘုန်းကြီးသည်ဆိုလျှင် လူတိုင်းနှစ်သက်ကြပေရာ ကောင်းမှုများခြင်းသည်သာ ဘုန်းကြီးကြကြောင်း သိအပ်ပေသည်။
(က) ဒါန
(၁) ရိုးရိုးဒါန (လှူဒါန်းခြင်း)
(၂) ပတ္တိဒါန (အမျှပေးခြင်း)
(၃) ပတ္တာနုမောဒန (သာဓုခေါ် ခြင်း)
(ခ) သီလ
(၁) ရိုးရိုးသီလ (ကာယနှင့်ဝစီစောင့်ထိန်းခြင်း)
(၂) အပစာယန (ရိုသေခြင်း)
(၃) ဝေယျာဝစ္စ (လုပ်အားပေးခြင်း)
(ဂ) ဘာဝနာ
(၁) ရိုးရိုးဘာဝနာ (မေတ္တာဘာဝနာပွားခြင်း ဘုရားဂုဏ်တော် စသည် အာရုံမွားနေခြင်း)
(၂) ဓမ္မဿဝန (တရားနာယူခြင်း)
(၃) ဓမ္မဒေသနာ (တရားဟောပြောပြသခြင်း)
(၄) ဒိဌိဇုကမ္မ (အယူမှန်ခြင်း)
မှတ်ချက်
ပုညကြိယာ (၁၀)ပါး သည်လည်း ဟောပြောနေရုံနှင့် မပြီးဘဲ ကိုယ်တိုင်လည်းလေ့ကျင့်၊ သူတစ်ပါးအားလုံးကိုလည်း လေ့ကျင့်ကြစေရန် စည်းရုံးတိုက်တွန်းပြီး အသုံးချကြမှသာလျှင် ဗုဒ္ဓအလိုတော်ကျ အကျိုးရှိပေမည်။
Posted by
kyaw
at
1:50 PM
0
comments
Labels: ဘာသာရေး
Subscribe to:
Posts (Atom)
စံတော်ချိန်
ပြောချင်တာများရှိခဲ့ရင်
ယောက်ကြည့်ရှုနေပါသည်