Friday, April 25, 2008

သင်္ဂါယနာတင်ကြခြင်း

ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တရားတော်များ မပျက်စီး မပျောက်ပျက်ရလေအောင် ဘုရားရှင်၏ တရားဓမ္မများအား ကျွမ်းကျင် တတ်ကျွမ်းသော သံဃာတော်များစုပေါင်းပြီး ဗုဒ္ဓ၏ ဓမ္မအား သန့်ရှင်း တည်တံ့ပြန့်ပွားနိုင်ရန်အတွက် စစ်မှန်သော ဓမ္မကိုသာ သံဃာများ၏ သဘောတူညီမှုရယူကာ ရွတ်ဖတ်မှတ်တမ်းတင် အတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်း ဟုခေါ်သည်။ မင်းထုနှင့် ပြည်သူထုမှ ပံ့ပိုးကူညီကြသည်။




ပထမအကြိမ်သင်္ဂါယနာတင်ခြင်း


(၁) အကြောင်းခံ
သုဘဒ္ဒဟုခေါ်သော ရဟန်းသည် ဘုရားရှိစဉ် ကတည်းက ဝိနည်း (စည်းကမ်း)အား အကြိမ်ကြိမ်ဖောက်ပြန်ခဲ့သဖြင့် ဘုရားရှင်၏ အကြိမ်ကြိမ်သတိပေးမှုကို ခံခဲ့ရသဖြင့် ဘုရားရှင်အား အငြှိုးထားခဲ့ရာမှ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး ကြွေးကြော်ကာ သာသနာအား ညှိုးနွမ်းအောင် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီး တင်ခဲ့သည်။


(၂) သာသနာနှစ်
ဘုရားပရိနိဗ္ဗာန်ပြုပြီး (၃) လ နှင့် (၄) ရက်


(၃) နေရာ
ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ


(၄) ခေါင်းဆောင်
အရှင်မဟာကဿပမထေရ် ဦးဆောင်သော အရှင်ဥပါလိ (ဝိနည်း) နှင့် ညီတော်အာနန္ဒာ (သုတ္တန် နှင့် အဘိဓမ္မာ)


(၅) သံဃာဦးရေ
ရဟန္တာပေါင်း (၅၀၀)


(၆) မင်း
အဇာတသတ်မင်း


(၇) ကြာမြင့်ချိန်
(၇) လ


- သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး အရှင်မဟာကဿပမထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ ဝိနည်းတော်ကို၎င်း၊ ညီတော် အာနန္ဒာမှ သုတ္တန် နှင့် အဘိဓမ္မာကို၎င်း သံဃာအစည်းအဝေး သို့တင်သွင်းခဲ့သည်။
- ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရား အစုအဖွဲ့ အသေးများ စုဖွဲ့ခြင်းကို ဓမ္မက္ခန္ဓာ ဖွဲ့ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း (၈၄၀၀၀) ရရှိခဲ့သည်။ ၎င်းကိုထပ်မံပြီး သဘောတရားတူရာ အလိုက် အုပ်စုဖွဲ့လိုက်ရာ အုပ်စု (၃) စုရရှိပြီး ပိဋကတ် (၃) ပုံ ဟုခေါ်တွင်သည်။
- ၎င်းပိဋကတ် (၃) ပုံမှာ ဝိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀၀၀)၊ သုတ္တန်ပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀၀၀) ၊ အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၄၂၀၀၀) ထည့်သွင်းကာ သဘောတူခဲ့ကြသည်။
- အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အား မီခဲ့ကြပြီး အနီးကပ်ဆုံးတရားတော်များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ တန်ခိုးကြီးမားပြီး စင်ကြယ်လှသော ရဟန္တာကြီးများ ဖြစ်ကြသည်။
- ပထမအကြိမ်သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်) ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင် ပိဋကတ် (၃) ပုံ စတင်သတ်မှတ် စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံးပြည့်စုံမှု ဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်၎င်း၊ ပိုနေလို့ နုတ်ပယ်ရန်၎င်း) ကိုစီစစ်ခဲ့ကြရာ အားလုံးမှ ပြည့်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ကြသည်။
- ဘုရားရှင်၏ ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ခွင့်မရှိ သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက်ကြပါစို့ ဟုသဘောတူညီမှု ယူခဲ့ပြီး ထေရဝါဒဗုဒ္ဓသာသနာ ဟုခေါ်တွင်ခဲ့ပေသည်။
- ရဟန္တာ (၅၀၀) သောသံဃာထုခေါင်းဆောင်ပြီး အဇာတသတ်မင်းပါသော မင်းထု နှင့် သာသနာဝင်အားလုံး ပြည်သူထုမှ ပစ္စယာနုဂ္ဂဟ အဖြစ်ပံ့ပိုးကူညီခဲ့ကြပါသည်။


ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း


(၁) အကြောင်းခံ
သာသနာနှစ် (၁၀၀) ကြာပြီးနောက် ဝဇ္ဇီတိုင်းသားရဟန်းများ (ဒေဝဒတ်၏ တပည့်များ) မှ အဓမ္မဝတ္ထု (၁၀) ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ - နေလက်တစ်သစ်လွဲသည်အထိ ထမင်းစားရန်၎င်း၊ သေနု (အရက်ခပ်ပျော့ပျော့) ကို သောက်ရန်၎င်း၊ ရွှေငွေများကို သာမာန်လူပုဂ္ဂိုလ်များကဲ့သို့ ကိုင်တွယ်အသုံးပြုရန်၎င်း စသဖြင့် တောင်းဆိုခဲ့သည်မှာ ထေရဝါဒ ဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် သာသနာညှိုးနွမ်းလာသည်ကို အကြောင်းပြုပြီးတင်ခဲ့သည်။


(၂) သာသနာနှစ်
(၁၀၀) နှစ်


(၃) နေရာ
ဝေသာလီပြည်၊ ဝါဠုကာရာမကျောင်း


(၄) ခေါင်းဆောင်
အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေဝတ နှင့် အရှင်သဗ္ဗကာမိ


(၅) သံဃာဦးရေ
ရဟန္တာပေါင်း (၇၀၀)


(၆) မင်း
ကာလာသောကမင်း


(၇) ကြာမြင့်ချိန်
(၈) လ


- ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေဝတ နှင့် အရှင်သဗ္ဗကာမိ နှစ်ပါးမှ အမေးအဖြေများပြုလုပ်စီစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ (၈) လ ကြာမြင့်ခဲ့သည်။ ရဟန္တာ (၇၀၀) သော သံဃာထု ကာလာသောကမင်း၏ မင်းထု နှင့် ပြည်သူလူထု ၏ အကူအညီရယူပြီး ထု (၃) ထု ပူးပေါင်းပြီး ရဟန်း ပျက်များအား စီစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း (၁၀၀၀၀) ကျော်အားနှင်ထုတ်ခဲ့ရသည်။
- ၎င်းရဟန်းပျက် (၁၀၀၀၀) ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမဝန္တာတောင်ခြေဖက်သို့ သွားရောက်ခဲ့ရာ ၎င်းနေရာရှိ မင်းတစ်ပါးမှ သနားပြီး ခိုလှုံ ခွင့်ပေးလိုက်ရာမှ ၎င်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၎င်းတို့မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်း ဟုခေါ်ဆိုကြပြီး ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ (၇၀၀) ပါသော အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ်သောအဖွဲ့ ဟုခေါ်တွင်ခဲ့ကြသည်။
- သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု မင်းထု ပြည်သူလူထု (၃) ထုမှ ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။



တတိယအကြိမ်သင်္ဂါယနာတင်ခြင်း


(၁) အကြောင်းခံ
သာသနာနှစ် (၂၃၅) နှစ် ကြာပြီးနောက် ပါဋလိပုတ်ပြည်တွင် မိစ္ဆာအယူရှိသောရဟန်းအတု (၆၀၀၀၀) ကျော်အထိ သာသနာအတွင်း အယောင်ဆောင်ပြီး ဝင်ရောက်လာကြသည်ကို အကြောင်းပြုပြီး တင်ခဲ့ရသည်။

(၂) သာသနာနှစ်
(၂၃၅) နှစ်

(၃) နေရာ
ပါဋလိပုတ်ပြည် ၊ အသောကာရုံကျောင်း

(၄) ခေါင်းဆောင်
အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်

(၅) သံဃာဦးရေ
ရဟန္တာပေါင်း (၁၀၀၀)

(၆) မင်း
သီရိဓမ္မာသောကမင်း

(၇) ကြာမြင့်ချိန်
(၉) လ

- ရဟန်းအတု (၆၀၀၀၀) ကျော် သာသနာအတွင်းဝင်ရောက်လာခဲ့ကြပြီး ကတုံးတုံးသင်္ကန်းစည်းသည် နှင့် ရဟန်းဖြစ်ပြီး လုပ်ချင်သလို လုပ်နေကြရာ သာသနာလွန်စွာမှ ညှိုးမှိန်လာခဲ့ပြီး ဝိနည်းတော်နှင့်အညီကျင့်ကြံအားထုတ်နေကြသော ရဟန်းအစစ်တို့မှာ လွန်စွာချို့ တဲ့ဒုက္ခ ရောက်ခဲ့ကြရသည်။
- အရှင်တိဿမထေရ်ကြီး ဦးဆောင်သော ရဟန္တာ (၁၀၀၀) ပါသော သံဃာထု၊ သီရိဓမ္မာသောကမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု (၃) ထု ပူးပေါင်းပြီး နှုတ်ထက်အက္ခရာ သင်္ဂါယနာတင်ခဲ့ရာ အချိန် (၉) လ ကြာမြင့်ခဲ့သည်။
- အယောင်ဆောင်ဝင်လာသော ရဟန်းအတုများအား စီစစ်ပြီး လူဝတ်လဲစေခြင်း သာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းတို့ဖြင့် သာသနာတော် ညှိုးနွမ်းနေမှုကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပေသည်။
- သီရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့ စေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြုလုပ်ငန်းကို ကမ္ဘာအနှံ့ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာတစ်ခုလုံး၏ (၅) ပုံ (၄) ပုံ သည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။
- မြန်မာနိုင်ငံသို့ သာသနာရောက်ရှိလာရခြင်းသည် သုဝဏ္ဏဘူမိ သာသနာပြုအဖွဲ့ မှ အရှင်သောဏ နှင့် အရှင်ဥတ္တရမထေရ် (၂) ပါး ဦးဆောင်သော ရဟန္တာ (၅) ပါးအဖွဲ့၏ သထုံဖက်မှ ဝင်ရောက် သာသနာပြုရာမှ အစပြုပြီး ရောက်ရှိလာရခြင်းဖြစ်သည်။


စတုတ္ထအကြိမ်သင်္ဂါယနာတင်ခြင်း

(၁) အကြောင်းခံ
သာသနာနှစ် (၄၅၀) ကြာသော် သီဟိုဠ်နိုင်ငံသို့ သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေးနှင့် သူပုန်ဘေးကြီး (၁၂) နှစ် ကြာ ကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခရောက်ခဲ့ကြမှုကို အကြောင်းပြုပြီး တင်ခဲ့သည်။

(၂) သာသနာနှစ်
(၄၅၀) နှစ်

(၃) နေရာ
သီဟိုဠ်နိုင်ငံ၊ မလယဇနပုဒ်၊ အလောကလိုဏ်ဂူ

(၄) ခေါင်းဆောင်
အရှင်မဟာဓမ္မရက္ခိတမထေရ်

(၅) သံဃာဦးရေ
ရဟန္တာပေါင်း (၅၀၀)

(၆) မင်း
ဝဋ္ဋဂါမဏိမင်း

(၇) ကြာမြင့်ချိန်
တစ်နှစ်

- သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တာမဟိန္ဒ နှင့် သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီ တို့ ပြုခဲ့သော သာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ အငတ်ဘေး နှင့် သူပုန်ဘေးများ (၁၂) နှစ်ကြာပေါ်ပေါက်သဖြင့် ဒါယကာ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှု မရှိတော့သဖြင့် ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။
- အချို့သော သံဃာအစစ်တို့သည် ဘုရားရှင်၏ ဓမ္မများ မပျောက် ပျက်ရလေအောင် နှုတ်ဖြင့်ရွတ်ဆိုရင်း သဲသောင်ပေါ်တွင် ဗိုက်ပေါ်သဲများတင်ပြီး မမေ့လျော့အောင် ရွတ်ဖတ်ထိန်းသိမ်းနေကြသည်။ အချို့သော သံဃာတို့တွင်လည်း လွန်စွာချို့တဲ့ လာကြသဖြင့် နီဝရဏတရားများ လွှမ်းမိုးလာကြသည်။
- သူပုန်ဘေး (၁၂) နှစ်ကာလပြီးဆုံးချိန်တွင် သာသနာလွန်စွာ ညှိုးမှိန်နေသဖြင့် အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်သော ရဟန္တာ (၅၀၀) တို့ ပါဝင်သော သံဃာထု၊ အထောက်အပံ့ ပြုကြသော ဝဋ္ဋဂါမဏိမင်း၏ မင်းထု၊ သာသနာဝင်များ ပြည်သူလူထု ထု (၃) ထု ပူးပေါင်းဆောင်ရွတ်ကြသည်။
- ပိဋကတ်တော်များသည် နှုတ်ထက် အက္ခရာတင်လျှင်နောင်တွင် အလွယ်တကူ ပျောက်ကွယ် သွားနိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ်ရေးတင်ပြီး ပေထက်အက္ခရာ တင်ခဲ့ရာ တစ်နှစ်ကြာမြင့်ခဲ့သည်။


ပဉ္စမအကြိမ်သင်္ဂါယနာတင်ခြင်း

(၁) အကြောင်းခံ
သာသနာနှစ် (၂၄၁၅) ကြာပြီးနောက် စတုတ္ထ နှင့် ပဉ္စမအကြိမ်ကြားတွင် နှစ်ပေါင်း (၂၀၀၀) ခန့် ကြာမြင့်ခဲ့သည့်အတွက် ပေရွက်ပေါ်တင်ထားမှု သည် ရာသီဥတု နှင့် ပိုးမွှားအန္တရာယ် တို့ကြောင့် ကြာရှည်ခံနိုင်မှု မရှိဘဲ ဖြစ်လာခြင်း မူကွဲများဖြစ်ပေါ်လာခြင်းတို့အပေါ် အကြောင်းပြု၍ တင်ခဲ့သည်။

(၂) သာသနာနှစ်
(၂၄၁၅) နှစ်

(၃) နေရာ
မြန်မာနိုင်ငံ၊ မန္တလေးမြို့  ရတနာပုံနေပြည်တော်

(၄) ခေါင်းဆောင်
အရှင်ဇာဂရမထေရ်

(၅) သံဃာဦးရေ
ရိုးရိုးသံဃာပေါင်း (၂၄၀၀)

(၆) မင်း
မင်းတုန်းမင်း

(၇) ကြာမြင့်ချိန်
နှုတ်ဖြင့်ရွတ် (၅) လ (၃) ရက်
ကျောက်ထက်တင် (၇) နှစ် ၊ (၆) လ၊ (၁၄) ရက်

- သာသနာနှစ် (၂၄၁၅) နှစ် ကြာသော် ပေရွက်ပေါ်တင်ထားသော ပိဋကတ် (၃) ပုံတို့သည် ရာသီဥတု နှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်း နှင့် အချို့ မူကွဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အရှင်ဇာဂရမထေရ် ဦးဆောင်သော ရဟန်း (၂၄၀၀) ပါဝင်သော သံဃာထု သည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု (၃) ထု ပူးပေါင်းပြီး မန္တလေးမြို့  ရတနာပုံနေပြည်တော် တွင် သင်္ဂါယနာတင်ခဲ့ကြသည်။
- နှုတ်ဖြင့်ရွတ်ဆိုတင်ခဲ့ခြင်းသည် (၅) လ နှင့် (၃) ရက် ကြာမြင့်ခဲ့ပြီးနောက် ပိဋကတ်တော် များကို ကမ္ဘာတည်သ၍ ကြာရှည် မပျက်စီးရလေအောင် စကျင်ကျောက်ပြား အပေါ် ၌ ထွင်းထုရေးသားခဲ့ရာ စကျင်ကျောက်ဖြူအပြားပေါင်း (၇၂၉) ချပ် ရရှိခဲ့ပြီး အချိန်အားဖြင့် (၇) နှစ်၊ (၆) လ နှင့် (၁၄) ရက်ကြာမြင့်ခဲ့ပြီး ယနေ့တိုင် မန္တလေးလောကမာရဇိန် ဘုရားဝင်းအတွင်း ၌ ကမ္ဘာ့အကြီးဆုံးစာအုပ် (The World Biggest Book) ဟူသော အမည်ဖြင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်မှတ်တိုင်ကြီးအဖြစ် လွန်စွာထင်ရှားခဲ့ပေသည်။



ဆဌမအကြိမ်သင်္ဂါယနာတင်ခြင်း

(၁) အကြောင်းခံ
သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသော ဘာသာဝင်တို့၏ သူ့ကျွန်ဘဝရောက်ခဲ့ပြီး နှစ် (၁၀၀) ခန့် သာသနာညှိုးနွမ်းခဲ့မှု အပေါ် အကြောင်းခံပြီး သာသနာနှစ်(၂၄၉၈) နှစ်တွင် သင်္ဂါယနာတင်ခဲ့ရသည်။

(၂) သာသနာနှစ်
(၂၄၉၈) နှစ်

(၃) နေရာ
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူ

(၄) ခေါင်းဆောင်
ညောင်ရမ်းဆရာတော် အရှင်ရေဝတ၊ မဟာစည်ဆရာတော် အရှင်သောဘဏ၊ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ

(၅) သံဃာဦးရေ
ရိုးရိုးသံဃာပေါင်း (၂၅၀၀)

(၆) မင်း
ဖဆပလ ဦးနု အစိုးရ

- ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ နှစ် (၁၀၀) ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော်လွန်စွာ ညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် (၂၄၉၈) နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတွင် ဆဌမအကြိမ်သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။
- ညောင်ရမ်းဆရာတော်၊ မဟာစည်ဆရာတော် နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း (၂၅၀၀) တွင် ထေရဝါဒနိုင်ငံများ ဖြစ်သော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ (၅) နိုင်ငံမှ ရဟန်းများ ပါဝင်သော သံဃာထု၊ ဖဆပလ ဦးနု အစိုးရ ဦးဆောင်သော မင်းထု နှင့် သာသနာဝင် များ ပြည်သူလူထု စသော ထု (၃) ထု ပူးပေါင်းဆောင်ရွတ်ပြီး ယခင် ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူဖတ်မှတ် လေ့လာနိုင်ရန ပိဋကတ်တော်များကို စာအုပ်များပေါ် တွင် ကူးပြောင်း ရိုက်နှိပ်ပြီး ဆဌမအကြိမ်သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။
- ယခုအချိန်တွင် ဗုဒ္ဓသာသနာတော် ပိဋကတ် (၃) ပုံ စလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့် မည်သည့် ပုဂ္ဂိုလ်မဆို နေရာမရွေး၊ အချိန်မရွေး အလွယ်တကူ ဖတ်မှတ် လေ့လာနိုင်လာပြီး သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည်။

ဘုရားသာသနာအကျင့်နှစ်ဖြာ

ဘုရားရှင်၏ သာသနာပြုလုပ်ငန်းတွင်-
(၁) ပရိယတ္တိသာသနာသည် တရားဟော တရားပြ စာပေဖတ်မှတ် သင်ကြားခြင်း လုပ်ငန်း (စာသင်တိုက်များ၊ တရားပွဲများ ) နှင့်
(၂) ပဋိပတ္တိသာသနာသည် မိမိဗဟုသုတဖြင့် သိရသောစစ်မှန်သောတရားတော်များကို ခန္ဓာတွင်းမှာ သိမြင်လာအောင် ကိုယ်တိုင်ရှုမှတ်လေ့ကျင့် ရသောလုပ်ငန်း (ဝိပဿနာရိပ်သာများ ၌ အားထုတ်ခြင်း) များကိုသာ အကျင့် (၂) ဖြာ ဟု ခေါ်ဆိုရပေမည်။

0 comments:

Original Design by : x-template.blogspot.com.

Modified by :...