Friday, December 5, 2008

အောင်ခြင်းရှစ်ဖြာ သင်ခန်းစာ

ဖော်ပြပါ အောင်ခြင်းရှစ်ပါး ဖြစ်ရပ်များကို ကြည့်လျှင် သတ္တလောကကြီးအတွင်း၌ နေထိုင်ကြရသောသူသူငါငါသတ္တ၀ါမှန်သမျှတို့အတွက် သင်ခန်းစာယူရန် အချက်များ များစွာပါဝင် လျက်ရှိသည်ကို တွေ့ရပေမည်။
အချုပ်အားဖြင့် သတ္တလောကကြီးကားကျယ်ပြောလှ၏ ။ သတ္တလောကကြီးအတွင်း၌ မြင်ရသော သတ္တ၀ါထက် မမြင်ရသော သတ္တ၀ါတို့က ပို၍ များပြား၏ ။ လိမ္မာယဉ်ကျေး သူထက် မလိမ္မာ မယဉ်ကျေးသော သတ္တ၀ါတို့က ပို၍များပြား၏ ။ ထိုမလိမ္မာမယဉ် ကျေးသော သတ္တ၀ါများ အားခွန်ဗလ၊အစိုးရမှု ၊ တန်ခိုးဣဒ္ဓိပါဒ် ကြီးမားလာခဲ့သော် ပို၍ ကြောက်မက်ဖွယ် ကောင်း၏ ။ သတ္တလောကကြီးအတွက် အန္တရာယ်များ၏ ။
အထူးသဖြင့် အစိုးရမှုနှင့် တန်ခိုးဣဒ္ဓိပါဒ်ကြီးမားစော နတ် နဂါး ဘီလူး စသူတို့သည် လောဘ၊ ဒိဌိ၊ ဒေါသ၊ မာန်မာနများကြောင့် သတ္တလောကကြီးအား ချမ်းသာ ကြီးပွားအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရားရှင် နှင့် မြတ်စွာဘုရား၏ တပည့်များကိုပင် ဒုက္ခ

ဖော်ပြပါ အောင်ခြင်းရှစ်ပါး ဖြစ်ရပ်များကို ကြည့်လျှင် သတ္တလောကကြီးအတွင်း၌ နေထိုင်ကြရသော သူသူငါငါ သတ္တ၀ါမှန်သမျှတို့အတွက် သင်ခန်းစာယူရန် အချက်များ များစွာပါဝင် လျက်ရှိသည်ကို တွေ့ရပေမည်။
အချုပ်အားဖြင့် သတ္တလောကကြီးကားကျယ်ပြောလှ၏ ။ သတ္တလောကကြီးအတွင်း၌ မြင်ရသော သတ္တ၀ါထက် မမြင်ရသော သတ္တ၀ါတို့က ပို၍ များပြား၏ ။ လိမ္မာယဉ်ကျေး သူထက် မလိမ္မာ မယဉ်ကျေးသော သတ္တ၀ါတို့က ပို၍များပြား၏ ။ ထိုမလိမ္မာမယဉ် ကျေးသော သတ္တ၀ါများ အားခွန်ဗလ၊အစိုးရမှု ၊ တန်ခိုးဣဒ္ဓိပါဒ် ကြီးမားလာခဲ့သော် ပို၍ ကြောက်မက်ဖွယ် ကောင်း၏ ။ သတ္တလောကကြီးအတွက် အန္တရာယ်များ၏ ။
အထူးသဖြင့် အစိုးရမှုနှင့် တန်ခိုးဣဒ္ဓိပါဒ်ကြီးမားစော နတ် နဂါး ဘီလူး စသူတို့သည် လောဘ၊ ဒိဌိ၊ ဒေါသ၊ မာန်မာနများကြောင့် သတ္တလောကကြီးအား ချမ်းသာ ကြီးပွားအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရားရှင် နှင့် မြတ်စွာဘုရား၏ တပည့်များကိုပင် ဒုက္ခ


အပြည့်အစုံသို့...

Wednesday, November 26, 2008

အောင်ခြင်းရှစ်ပါး

၁။ မာရ်နတ်သားကို အောင်တော်မူခြင်း
ဘုရားအလောင်းတော်သည် ‘အသားအသွေးတွေ ခန်းခြောက်ပြီး အရေ ကြော အရိုးချည်းသာ ကျန်ချင်ကျန်ပါ စေ၊ ဘုရား မဖြစ်သမျှ ငါမထ’ ဟု စိတ်ကို အခိုင်အမာ ဆုံးဖြတ်၍ အပရာဇိတ ပလ္လင်ထက်၌ ထိုင်တော်မူလေ သည်။ထိုစဉ်ဝသ၀တ္တီနတ်ဘုံမှ မာရ်နတ် သည် ‘သိဒ္ဓတ္ထမင်းသားသည်ငါ၏နယ်ပယ် ဘုံသုံးပါးမှလွတ်မြောက်ရန်ကြိုးပမ်းနေလေပြီး၊သူအားငါ၏နယ်ပယ်မှလွတ်မြောက်ခွင့်မပေး နိုင်’ဟုကြံစည်ကာ နတ်စစ်သည်တို့ကိုဦးဆောင်လျက်ဘုရားအလောင်းတော်အား တိုက်ခိုက်ရန်စစ် ချီလာသည်။ နတ်စစ်သည်တို့ကား စကြ၀ဠာ တံတိုင်း အထိပြည့်ကျပ်နေလေသည်။ရုပ်အဆင်း အမျိုးမျိုး မျက်နှာပုံအမျိုးမျိုးရှိ နတ်စစ် သည်များ သည်အမျိုးမျိုးသော လက်နက်များကိုစွဲကိုင်ချီတက်လာကြသည်။ မာရ်နတ် သည်ဂီရိမေခလာ ဆင်ကို တက်စီး ပြီးလက်ရုံး လက်နက် အသီးသီး စွဲကိုင်ထားသည်။မာရ်စစ်သည်တို့၏ စစ်ချီကြွေးကြော်သံကားသိမ့်သိမ့် ရိုက် ခတ်နေသည်။


ထိုအချိန်တွင် ဘုရားအလောင်းတော်အနီး၌ သိကြားမင်းသည် အတောင်နှစ်ရာရှိ ၀ိဇယုတ္တရ ခရုသင်းကို မှုတ်လျက် မဟာကာဠနဂါးမင်းသည် ဘုရားအလောင်းတော်၏ ဂုဏ်တော်ဖွဲ့များကို ရွတ်ဆိုသီကျူးလျက် သဟမ္ပတိဗြဟ္မာမင်းကမူ ထီးဖြူကြီးကို ဆောင်းမိုးပေးလျက် အသီးသီး ပူဇော်ကြခိုက်ဖြစ်၏ ။
မာရ်စစ်တပ်ကြီး ချီတက် ရောက်ရှိလာသောအခါ ယင်းတို့သုံးဦးသည် သင့်လျော်ရာ အရပ်သို့ ရှောင်ဖယ်သွား ကြသည်။ အပရာဇိတပလ္လင်ပေါ်တွင် ဘုရားအလောင်းတော် တစ်ပါး တည်းသာ ကျန်ရစ်ခဲ့လေသည်။
မာရ်နတ်က သူ၏စစ်သည်များအား ‘‘အမောင်တို့….သိဒ္ဓတ္ထမင်းသားသည် ပြိုင်ဘက်ကင်းသူဖြစ်၍ ငါတို့သည် သူ၏ရှေ့တည့်တည့်မှ မတိုက်ခိုက်ဝံ့ကြသော်လည်း သူ၏ နောက်ဘက်မှ တိုက်ခိုက်ကြစို့’’ ဟုဆိုလေသည်။
ဘုရားလောင်းတော်ကား ‘ဤမာရ်စစ်သည်များသည် ငါ့ကိုတိုက်ခိုက်ရန် လာကြခြင်း ဖြစ်သည်။ ဤအရပ်၌ ငါ၏ မိဘဆွေမျိုးလည်းမရှိ၊ ကာလကြာမြင့်စွာ ဖြည့်ကျင့်ခဲ့သော ပါရမီဆယ်ပါးသာရှိသည်။ ပါရမီအင်အားဖြင့်သာ ဤစစ်ပွဲကို ငါရင်ဆိုင်ရတော့မည်’ ဟုကြံစည်ကာ ပါရမီတော် ဆယ်ပါးကို ဆင်ခြင်လျက် နေလေသည်။
မာရ်နတ်သည် ဘုရားလောင်းတော် ပြေးစေရန် သစ်ပင်တောတောင် ရွာငယ် ရွာကြီးများပင် မှုန့်မှုန့်ညက်ညက် ကြေပျက်စေနိုင်သော လေမုန်တိုင်းကြီးကို ဘုရား အလောင်းတော်ထံသို့ လွှတ်လိုက်သည်။ ထိုမုန်တိုင်းသည် ဘုရားအလောင်းတော်၏ ပါရမီတန်ခိုးကြောင့် သင်္ကန်းစွန်းမျှကိုပင် မလှုပ်ခါစေနိုင်ပေ။
ထို့နောက် ဘုရားအလောင်းတော်ကို ရေဖြင့် ဖုံးလွှမ်းနှစ်သတ်မည်ဟု ကြံစည်၍ မိုးကြီး သည်းစွာ ရွာသွန်းစေပြန်သည်။ မိုးရေလှိုင်းကြီးသည် အလွန်ကြီးမား ပြင်းထန်သော်လည်း ဘုရားအလောင်းတော်၏ သင်္ကန်းစွန်းကို သော်မျှ မစိုစွတ်စေနိုင်။ ထို့ပြင် ကျောက်တုံးမိုး၊ ဓားလက်နက်မိုး၊ မီးကျီးမိုး၊ ပြာပူမိုး၊ သဲမိုး ရွှံ့ညွန် မိုးကြီးတို့ကို တစ်ခုပြီးတစ်ခု ဆက်တိုက်ရွာချ၏ ။ သို့သော်လည်း မာရ်နတ်သည် ဘုရားလောင်းတော် အား ထိခိုက်ကြောက်ရွံအောင် မစွမ်းဆောင်နိုင်ချေ။ ထို့နောက် ဘုရားအလောင်းတော် ကြောက်ရွံ ထွက်ပြေးစေရန် အလွန်ကြီးမားသော အမိုက်မှောင်ထုကြီးချလိုက်ပြန်၏။ ထိုအမိုက်မှောင်ထုကြီးသည်လည်း ဘုရားအလောင်း တော်ကို မလွှမ်းမိုးနိုင်ပြန်ချေ။
ထိုသို့ အမျိုးမျိုးတိုက်ခိုက်၍ မအောင်မြင်နိုင်သောအခါ မာရ်နတ်သည် သူ၏စစ်သည်များအား ‘သိဒ္ဓတ္ထကို ဖမ်းကြ၊သတ်ကြ ၊ပြေးအောင်လုပ်ကြ’ ဟုအော်ဟစ်အမိန့်ပေးပြန်သည်။ သူကိုယ်တိုင်လည်း ဂီရိမေခလာဆင်ကို တက်စီးကာ စက်ယန္တရားလက်နက်ကို စွဲကိုင်ပြီး-
‘‘ဟယ် သိဒ္ဓတ္ထ……ဤပလ္လင်မှထလော့၊ ဤပလ္လင်သည် သင့်ပလ္လင်မဟုတ်၊ ငါ့ပလ္လင်သာဖြစ်သည်’’ ဟုဆိုသည်။
ဘုရားအလောင်းတော်က‘‘ဟယ်မာရ်နတ်….သင်သည် ပါရမီဆယ်ပါးအပြားသုံးဆယ် တို့ကို မဖြည့်ကျင့်၊ စွန့်ခြင်း ကြီးငါးပါးကိုလည်းမဖြည့်၊ စရိယာသုံးပါးကိုလည်းမကျင့်။ ငါသည်သာ ထိုအရာအားလုံးတို့ကို ဖြည့်ကျင့်ခဲ့သူ ဖြစ်၍ ဤပလ္လင်သည် သင့်ပလ္လင်မဟုတ်၊ ငါ့ပလ္လင်သာဖြစ်သည်’’ ဟုမိန့်ဆိုသည်။
ထိုစကားကိုကြားလျှင် မာရ်နတ်သည် ဒေါသကို မချုပ်တည်းနိုင်ဘဲ ဘုရားအလောင်းတော်ကို စက်လက်နက်ဖြင့် ပစ်ခတ်သည်။ မာရ်စစ်သည် တို့ကလည်း မိမိတို့ဆိုင်ရာ လက်နက်များဖြင့် ပစ်ခတ်ကြသည်။ ဘုရားအလောင်း တော်ကား ဖြည့်ကျင့်တော်မူခဲ့သော ပါရမီတော်တို့ကိုသာ ဆင်ခြင်တော်မူနေ၏။ ထိုပါရမီစွမ်းရည်တန်ခိုး ကြောင့် မာရ်စစ်သည်တို့ ပစ်ခတ်သမျှ လက်နက်များ အချည်းနှီးသာဖြစ်သွားသည်။ နောက်ဆုံးတွင် ဘုရားအလောင်းတော် ‘‘ဤပလ္လင်သည် သင်ပြုခဲ့သောဒါနကြောင့် ဖြစ်ပေါ်လာသော ပလ္လင်မဟုတ်၊ သင့်ဒါန ကြောင့် ပေါ်ပေါက်လာသော ပလ္လင်ဖြစ်ကြောင်း သင့်မှာပြသစရာ သက်သေမရှိ’’ ဟုမာရ်နတ်အား မိန့်ဆိုသည်။ မာရ်နတ်က သူ၏စစ်သည်များအား သက်သေညွှန်ပြရာ စစ်သည်များက မာရ်နတ်၏ ပလ္လင်ဖြစ်ကြောင်း သက် သေခံကြသည်။ ထိုအခါ ဘုရားအလောင်းတော်က သင်္ကန်းအကြားမှ လက်ယာ လက်ကိုထုတ်ကာမဟာ ပထ၀ီ မြေကြီး အား လက်ညှိုးညွှန်ပြီး-
‘‘ဤပလ္လင်သည် ငါပြုခဲ့သော ပါရမီကြောင့် ပေါ်ပေါက်လာသော ပလ္လင်ဖြစ်သည်။ အခြားသော ဘ၀များစွာက ပြုခဲ့သော ပါရမီများကို ထားဘိဦး၊ ဝေဿန္တရာမင်းဘ၀က ခုနစ်ကြိမ်တိုင်တိုင် အလှူကြီးပေးလှူစဉ် မဟာပထ၀ီမြေကြီးသည် ခုနစ်ကြိမ်တိုင်အောင် လှူပ်ခဲ့ဖူးလေပြီ၊ ဤမဟာပထ၀ီမြေကြီးသည် ငါ၏ သက်သေဖြစ်ပေ၏’’ ဟုမဟာပထ၀ီမြေကြီးကို သက်သေထူသည်။ မဟာပထ၀ီမြေကြီးသည် ဘုရားအလောင်းတော်၏ ပါရမီစွမ်း အားကို သက်သေခံသောအားဖြင့်ပြင်းထန်စွာ လှုပ်ခါမြည်ဟီးလေ၏။ မာရ်နတ်နှင့် စစ်သည်များသည်လည်း ကြောက်ရွံထိတ်လန့်ကာ ခြေဦးတည့်ရာသို့ထွက်ပြေးကြလေသည်။
ထို့သို့ ဘုရားအလောင်းတော်က မာရ်စစ်တပ်ကို အပြီးသတ် အောင်မြင်လိုက်သောအခါ နင်္ဂါး၊ ဂဠုန် ၊နတ်၊ ဗြဟ္မာ ပရိသတ်တို့က ‘‘မာရ်နတ်မင်း စစ်ရှုံးပြီ၊ ဘုရားအလောင်းတော်သိဒ္ဓတ္ထ အောင်ခြင်းကြီးအောင်လေပြီး’’ ဟု အသီးသီးကြွေးကြော်ကာ ပန်းနံ့သာတို့ဖြင့် ပူဇော်ပြီးအောင်ပွဲသဘင်ကို ဆင်ယင်ကြလေသည်။
၂။ သစ္စကပရိဗိုဇ်ကို အောင်တော်မူခြင်း
သစ္စကပရိဗိုဇ်သည် နိဂဏ္ဌတက္ကတွန်းမိဘနှစ်ပါး၏ သားဖြစ်သည်။ အဘဘက်မှ ၀ါဒငါးရာ၊ အမိဘက်မှ ၀ါဒငါးရာ သင်ယူတတ်မြောက်ခဲ့၏ ။ဝေသာလီပြည် လိစ္ဆ၀ီမင်းတို့၏ ဆရာဖြစ်သည်။ အယူဝါဒရေးရာ စကားပြိုင် ဆိုင်ပြောဆိုလေ့ရှိပြီး ‘‘ငါပညာရှိ’’ ဟုလည်း ကြွေးကြော်လေ့ရှိသည်။ သူကသာပြစ်တင်ပြောဆိုလိုက်လျှင် မတုန် လှုပ် မယိမ်းယိုင်သူမရှိ၊ ဘုရားဟု ၀န်ခံသူတို့ပင် အကြံအိုက်ကာ ချွေးပြိုက်ပြိုက်ကျရမည်၊ စိတ်မရှိသော တုံး တိုင်တို့ပင် ယိမ်းယိုင်သွားနိုင်သည်ဟု ပြောဆိုလေ့ရှိသည်။
သူသည်မြတ်စွာဘုရား၏ တပည့်အရှင်အဿဇိထံမှ မြတ်စွာဘုရား၏ အစိုးမရခြင်း ဟူသော အနတ္တ၀ါဒကို စုံးစမ်းသိရှိခဲ့ပြီးနောက် မြတ်စွာဘုရားနှင့် ၀ါးဒပြိုင်ရန် သူ၏ နောက်လိုက်တပည့် လိစ္ဆ၀ီမင်းသားငါးရာတို့အား လွှတ်တော်၌ညီလာခံ ကျင်းပခိုက်မှာပင် သွားပြောသည်-
‘‘မင်းသားတို့-လာကြလော့၊ ယနေ့ ငါသည် ရဟန်းဂေါတမနှင့် ၀ါဒပြိုင် ဆိုင် ပြောဆိုမည်၊ အားကောင်းသော ယောက်ျားသည် သိုးငယ် တစ်ကောင်ကို အမွေးကိုင်ပြီး ဆွဲယမ်းတွန်းထိုးပစ်သကဲ့သို့ ငါသည်လည်းအယူဝါဒ နှင့်စပ်၍ ရဟန်းဂေါတမကို ယနေ့ ဆွဲယမ်းတွန်းထိုးပြမည်၊ မင်းသားတို့….အမြန်လာကြလော့’’ဟု
ပြောဆိုလေ၏ ။
သစ္စကပရိဗိုဇ်သည် လိစ္ဆ၀ီပရိသတ်ကို ခေါ်ဆောင်ပြီး မြတ်စွာဘုရား သီတင်းသုံးရာ မဟာဝုန် တောအတွင်းရှိ ကူဋဂါရ (ပြသာဒ်ကျောင်း) သို့သွားလေ၏ ။ မြတ်စွာဘုရားရှေ့၌ အသီးသီးနေရာယူ၊ နှုတ်ခွန်းဆက်ကြပြီး နောက် သစ္စကပရိဗိုဇ်က ၀ါဒ ပြိုင်ဆိုင်ပြောဆိုခွင့်ပြုရန်
ခွင့်ပန်လိုက်သည်။ ခွင့်ပြုချက်ရလျှင်
‘‘ အရှင်ဂေါတမသည် တပည့်တို့ကို အဘယ်သို့ဟောပြောလေ့ရှိပါသနည်း’’ ဟုမေမြန်း၍ ၀ါဒပြိုင်ပွဲကို စတင်လေသည်။ မြတ်စွာဘုရားက-
‘‘သစ္စက….ငါသည်တပည့်တို့ကို ရုပ်၊ ဝေဒနာ၊ သညာ၊သင်္ခါရ၊ ၀ိညာဉ်တို့သည် အမြဲ မရှိ၊ အစိုးမရ အနတ္တသာ ဖြစ်သည်ဟု ပြောလေ့ရှိသည်’’ ဟု
မိန့်တော်မူသည်။ ထိုအခါ သစ္စကပရိဗိုဇ်က-
‘‘ အရှင်ဂေါတမ….မျိုးစေ့နှင့်အပင် အားလုံးသည် မြေကြီးကိုတည်မှီ၍ ကြီးပွား စည်ပင်ရ၏ ။ ထို့ပြင်မည်သည့် အမှုကိစ္စတို့ကို မဆိုဤမြေကြီး၌ တည်မှီ၍ ပြုလုပ်ရ၏ ။
ဤအတူပင် ကောင်းမှု မကေင်းမှုမှန်သမျှ ရုပ်၊ ဝေဒနာ၊ သညာ၊သင်္ခါရ၊၀ိညာဉ်တည်းဟူသော အတ္တ၌သာ တည်မှီ၍ ဖြစ်ပွားကြရသည်’’ ဟုပြောဆိုလေသည်။
ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိညာဉ်တို့သည် မည်သည့်အခါမျှ အပျက်စီးသော အမာခံအတ္တဖြစ်ကြောင်း ပြောဆို၍ မြတ်စွာဘုရား၏ အနတ္တ၀ါဒကို ဆန့်ကျင် ပြောဆို လိုက် ခြင်းဖြစ်သည်။ ထိုအခါ မြတ်စွာဘုရားက-
‘‘ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိညာဉ်တို့ကို အတ္တဟု သင်ဆိုသလော’’ ဟုမေးတော်မူ၏။
သစ္စကပရိဗိုဇ်က-
‘‘ဟုတ်ပါသည်၊ အတ္တဟု ကျွန်ုပ်ဆိုပါသည်။ ကျွန်ုပ်သာမဟုတ်၊ ဤလူအများလည်း ဤသို့ပင် ဆိုကြပါသည်’’ ဟု ပြောဆိုလေသည်။
‘‘ဤလူအပေါင်း၏ အယူဝါဒကို ထား၍ သင့်အယူဝါဒကိုသာ ဖြေဆိုလော့’’ ဟုမိန့် တော်မူရာ သစ္စက-က ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိညာဉ်တို့ကို အတ္တဟု ယူဆကြောင်း ထပ်မံ၍ ၀န်ခံပြောဆိုသည်။
‘‘သစ္စက-ထိုသို့ဖြစ်လျှင် သင့်အား ငါမေးဦးမည်၊ ကောသလမင်း အဇာတသတ် မင်းတို့သည် သူတို့ပိုင်ဆိုင်သော နိုင်ငံအတွင်းမှာ တစုံတယောက်ကို သတ်ဖြတ် ခြင်း ၊ ဥစ္စာပစ္စည်း သိမ်းယူခြင်းနှင့် တိုင်းပြည်မှ နှင်ထုတ်ခြင်းအမှုတို့ကို ပြုလုပ်ရန် အာဏာ ရှိသလော’’ ဟုမြတ်စွာဘုရားက မေးတော်မူ၏ ။
လိုသလိုပြုလုပ်ရန် အာဏာရှိကြောင်း ၀န်ခံလျှင် မြတ်စွာဘုရားက- ‘‘သစ္စက-သင်က သင်၏ရုပ်ကို အစိုးရသည်၊ ပိုင်ဆိုင်သည်၊ အတ္တဖြစ်သည်ဟု သင်ယူဆ ပြောဆိုလျှင် သင့်ရုပ်ကို ဤသို့ဖြစ်စေ၊ ဤသို့မဖြစ်စေနှင့် ဟုသင်အာဏာထားနိုင်သလော’’ဟု မေးတော် မူလိုက်သည်။
သစ္စကပရိဗိုဇ်သည် သူ့အခက်အခဲကို သူသိလိုက်၏ ၊ မိမိရုပ်ကို မိမိအစိုးရသည်၊ မိမိသဘောကျ အာဏာထားနိုင်သည်ဟု ဖြေဆိုလိုက်လျှင် လိစ္ဆ၀ီမင်းသားတို့က-‘ ဆရာ့ရုပ်ကို ကျွန်ုပ်တို့ကဲ့သို့ လှပအောင် လုပ်ပြပါ’’ ဟုဆို၍ လုပ်မပြနိုင်ခဲ့သော် အနတ္တ၀ါဒကို ထောက်ခံရာ
ရောက်ပေတော့မည်ဟု စဉ်းစားကာ အဖြေမပေးဘဲ ဆိတ်ဆိတ်နေလေ၏ ။ မြတ်စွာဘုရားက ဖြေဆိုရန် ဒုတိယအကြိမ် တိုက်တွန်းသည်၊ သူကား ဆိတ်ဆိတ်နေမြဲနေ၏ ။
‘‘ သစ္စက…ယခုပင်ဖြေကြားလော့၊ သင်ဆိတ်ဆိတ်နေရမည့် အခါမဟုတ်၊ မြတ်စွာ ဘုရားက သုံးကြိမ်တိုင်တိုင် မေးပါလျက် မဖြေဆိုဘဲ နေခဲ့လျှင် ထိုသူ၏ ဦးခေါင်းသည် ဤနေရာ၌ပင် ခုနစ်စိတ်ကွဲလိမ့်မည်’’ ဟုမဟာကရုဏဖြင့် မိန့်တော်မူလေသည်။
နောက်ဆုံးတွင် သစ္စကပရိဗိုဇ်သည် မဖြေဆိုဘဲ မနေရဲတော့ဘဲ-
‘‘ အရှင်ဂေါတမ…ကျွန်ုပ်၏ ရုပ်ကိုဤသို့ဖြစ်စေ၊ ဤသို့မဖြစ်စေနှင့်ဟု ကျွန်ုပ်အာဏာ မထား နိုင်ပါ’’ ဟုဖြေဆိုလေသည်။
ထို့နောက် ဝေဒနာ သညာ သင်္ခါရ ၀ိညာဉ်တို့ကို လည်းအစိုးမရသော အနတ္တ တရားသာလျှင် ဖြစ်ကြောင်းဝန်ခံလျှောက်ထားရ လေတော့သည်။

၃။ စိဉ္စမာဏ၀ိကာကို အောင်တော်မူခြင်း

စိဉ္စမာဏ၀ိကာကား သာဝတ္တိပြည်၌နေသူ တိတ္ထိတို့၏ တပည့်မတစ်ဦး ဖြစ်၏ ၊ အသားအရေ ၀ါဝင်းလှပ၍ ကျက်သရေရှိသော မိန်းမပျို တစ်ဦးဖြစ်သည်။
မြတ်စွာဘုရား ပွင့်တော်မူလာသောအခါ တိတ္ထိတို့သည် နေ၏အလင်းရောင်အောက်ရှိ ပိုးစုန်းကြူးပမာ တန်ခိုးအရှိန်အ၀ါလျော့ပါးပြီးလာဘ်လာဘ ဆုတ်ယုတ်လာကြသဖြင့် မြတ်စွာဘုရား၏ မကောင်းသတင်းထွက် ပေါ်ပြီး လာဘ်လာဘဆုတ်ယုတ်အောင် ကြံဆောင်ကြသည်။ ထိုသို့ ပြုလုပ်ရန် စိဉ္စမာဏ၀ိကာကို အသုံးချကြ၏။
စိဉ္စမာဏ၀ိကာကား ချောမော လှပရုံသာမကာ ပရိယာယ် မာယာကြွယ်ဝသူ လည်း ဖြစ်၏ ။ ညနေချမ်းအချိန် လူအများ တရားနာပြီး ဇေတ၀န်ကျောင်းတော်မှပြန်ကြသောအခါ စိဉ္စမာဏ၀ိကာ ကားပန်းနံ့သာတို့ကို ကိုင်စွဲ လျက် ဇေတ၀န်ကျောင်းတော်သို့ သွားလေဟန်ပြုသည်။
လူအများက မေးလျှင်လည်း-
‘‘ ကျွန်မ သွားသည့်နေရာကို သိရလို့ ရှင်တို့အတွက် ဘာအကျိုးရှိမှာလဲ’’ ဟုလူအများ
သံသယပွားလောက်အောင် ပရိယာယ်သုံး၍ ဖြေလေသည်။
စိဉ္စမာဏ၀ိကာသည် ဇေတ၀န်ကျောင်းတော်သို့ သွားဟန်ပြုပြီး ကျောင်းတော်အနီးရှိ တိတ္ထိတို့ကျောင်းတွင် ညအိပ်လေသည် သာဝတ္တိမြို့သား အချို့သည် မြတ်စွာဘုရားကို အဦးဆုံး ဖူးတွေ့လိုသဖြင့် နံနက်စောစောထ၍ ဇေတ၀န်ကျောင်းတော်သို့ သွားကြသောအခါ စိဉ္စမာဏ၀ိကာသည် ဇေတ၀န်ကျောင်းတော်၌ ညအိပ်ပြီး ပြန်လာလေဟန် မြို့တွင်းသို့ နံနက်စောစော ၀င်လာလေ့ရှိသည်။
‘ဘယ်ကပြန်လာခဲ့သလဲ’ ဟုလူအများကမေးလျှင် ‘ကျွန်မပြန်လာခဲ့တဲ့ နေရာကို သိလို့ကော ရှင်တို့ ဘာအကျိုး ရှိမှာလဲ’ ဟုသာ ဖြေလေသည်။
စိဉ္စမာဏ၀ိကာသည် ထိုသို့ ပရိယာယ်မာယာသုံးပြီး နေလာခဲ့ရာ တစ်လကျော်ကျော် ကြာသောအခါ-
‘‘ ဇေတ၀န်ကျောင်းတော်က ဂန္ဓကုဋီတိုက်တွင်းမှာ ရဟန်းဂေါတမနှင့် အတူ ညအိပ်ပြီးပြန်လာသည်’’ ဟုပင် ဖြေဆိုလေသည်။ သုံးလေးလခန့် ကြာသောအခါ အ၀တ်ကြမ်းတို့ဖြင့် ၀မ်းဗိုက်ကို ရစ်ဖွဲ့ကာ ရဟန်းဂေါတမနှင့် ပေါင်းသင်း၍ ကျွန်မမှာ ကိုယ်ဝန်ရခဲ့ပါပြီ’’ ဟု ဉာဏ်ပညာမဲ့သူတို့အားပြောကြားသည်။ ရှစ်လကိုးလကြာ သောအခါ၌ကား ကိုယ်ဝန်တုပြုလုပ်ထားသော သစ်သားကို ၀မ်းဗိုက်မှာဖွဲ့ချည်၍ အနီရောင် အ၀တ်အထည် များကို ၀တ်ဆင်ထားသည်။ ခြေဖမိုးတို့ကို နွားမေးရိုးဖြင့် ယောင်ယမ်းအောင် ထုရိုက်၍ ကိုယ်ဝန်ရင့်မာဟန် ပြုလုပ်သည်။
တစ်နေ့သောအခါ စိဉ္စမာဏ၀ိကာသည် မြတ်စွာဘုရား တရားဟောတော်မူနေစဉ် ပလ္လင်တော်ရှေ့မှာရပ်ပြီး ပရိသတ်အများရှေ့တွင် မြတ်စွာဘုရားကို စွပ်စွဲပြော ဆိုလေ တော့သည်။
‘‘ ရဟန်းကြီး…သင်ကား လူအများကို တရားချည်းဟောနေ၏ ၊ ကျွန်မမှာ သင်ရဟန်းကြီးနှင့် ရသော ကိုယ်ဝန် ရင့်မာနေပြီ၊ သင်ရဟန်းကြီးသည် ဆေးဝါးဓာတ်စာတို့ကို
လည်းမသိ။ ကိုယ်ဝန်ကို စောင့်ရှောက်ရန်ကိုယ်တိုင်လည်း ကြောင့်ကြမစိုက်၊ ကောသလမင်း ၊
ဝိသာခါတို့ကိုလည်း တာဝန်မပေး၊ သင်ရဟန်းကြီးသည် ပျော်ပါးရန်သာ သိပြီး တာဝန်ယူ စောင့်ရှောက်ရန် ဘာမျှမသိပါချေတကား’’ စသည်ဖြင့် စွပ်စွဲ ပြောဆိုလေ၏ ။
ထိုအခါ မြတ်စွာဘုရားသည် ဟောကြားဆဲတရားတော်ကို ရပ်နား၍ ခြင်္သေ့မင်းကဲ့သို့ ရဲရင့်သော စကားကို ဆိုတော်မူသည်။
‘‘ ဟယ် စိဉ္စမာဏ၀ိကာ…သင်၏စကား မှန် မမှန် သင်နှင့် ငါသာ အသိဆုံးဖြစ်သည်’’ ဟုမိန့်တော်မူရာ-
‘‘ မှန်ပါသည် ရဟန်းကြီး……သင်နှင့်ငါသာ သိကြ၍ပင် ယခုလို ကိုယ်ဝန် အရင့်အမာ ဖြစ်လာရပေသည်’’ ဟု-စိဉ္စမာဏ၀ိကာ က ရပ်လျက်ပင် တုံ့ပြန် ပြောဆိုလိုက်သည်။
ထိုအခိုက် မြတ်စွာဘုရားရှင်၏ ပါရမီတန်ခိုးတော်ကြောင့် ရုတ်တရက် တိုက်ခတ် လာသော လေအဟုတ်ဖြင့် စိဉ္စမာဏ၀ိကာ၏ အပေါ်ရုံ အ၀တ်ထည်မှာ အထက်သို့ ဆွဲလှန် လိုက်သကဲ့သို့ လွင့်တက်သွား၏ ။ ၀မ်း၌ ရစ်ဖွဲ့ချည်ထားသော ကိုယ်ဝန်တု သစ်သားကြီး သည်လည်း စိဉ္စမာဏ၀ိကာ၏ ခြေဖမိုးနှစ်လက်ပေါ်သို့ ပြုတ်ကျကာ ခြေဖျားများပင် ပြတ် ကြွေသွား၏ ။
တရားနာပရိသတ်များ ချက်ချင်းပင် အဖြစ်မှန်ကို သိရှိကြပြီး-
‘‘ဟယ် အယုတ်မ…သင်ကား မြတ်စွာဘုရားကိုပင် စွပ်စွဲဆဲရေး၏’’ ဟ စိဉ္စမာဏ၀ိကာကို ပြောဆိုကြိမ်းမောင်းကာ ရိုက်ပုတ်၍ ကျောင်းတော်မှ နှင်ထုတ်လိုက် ကြသည်။
စိဉ္စမာဏ၀ိကာသည် မြတ်စွာဘုရား မြင်လောက်ရာအရပ်ကို ကျော်လွန်လေလျှင် မြေမျို၍ မဟာအ၀ီစိငရဲ သို့ကျရောက်လေတော့၏ ။

၎။ အာဠ၀ကဘီလူးကြီးကို အောင်တော်မူခြင်း

အာဠ၀ကဘီလူးကြီးသည် အာဠ၀ီပြည်အနီး ညောင်ပင်ကြီးတစ်ပင်ရှိ ဗိမာန်၌နေ၏ ။ ဘွဲ့ဖြူလက်နက်ကို ပိုင်ဆိုင်၏ ။ ဒေါသ မာန ကြီး၍ အလွန် ရက်စက်ကြမ်းကြုတ်၏ ။ ရသေ့ ရဟန်းတို့ကို လည်း မလေးစား၊ မိဘတို့ကိုလည်း ရှိမခိုး၊ သူသည် နေမွန်းတည့်ချိန် ညောင်ပင်ရိပ်ကျရာ အရပ်အတွင်းသို့ ခိုဝင်လာသူတို့အား သတ်ဖြတ်စားသောက်ခွင့်ကို ဝေဿ၀ဏ် နတ်မင်းကြီးထံမှ ရရှိထားသည်။
အာဠ၀ီမင်းကြီးသည် သမင်လိုက်ရာမှ အဖော်ကွဲပြီး တစ်ဦးတည်းပြန်လာစဉ် ထိုညောင်ပင်ရိပ်တွင် နားခိုမိသဖြင့် ဘီလူးကြီးက စားမည်ပြုရာ -‘ကျွန်ုပ်ကို စားလျှင် ယခုတစ်ကြိမ်သာ စားရမည်၊ ကျွန်ုပ်ကို လွှတ်ပေးလျှင် လူတစ်ယောက်နှင့် ထမင်းတစ်အိုး နေ့စဉ်ပို့ပါမည်’’ ဟုကတိစကားဆိုသဖြင့် ဘီလူးကြီးက လွှတ်လိုက်သည်။
နန်းတော်ရောက်လျှင် မင်းကြီးသည် မြို့ဝန်မင်းနှင့် တိုင်ပင်၍ ထောင်တွင်းရှိ သေဒဏ်ချထားသော သူတို့ကို ဘီလူးကြီးထံသို့ နေ့စဉ်ပို့စေသည်။ ထောင်အကျဉ်းသား များကုန်သောအခါ ရွှေ၊ ငွေ ဥစ္စာများကို လမ်းမှာတွေ့သော်လည်း ကောက်ဝံ့သူ မရှိတော့ချေ။ ထိုအခါ အမတ်ကြီးများနှင့် တိုင်ပင်၍ ပုခက်တွင်းအရွယ် ကလေးငယ်များကို ပို့စေပြန်၏ ။ ထိုအခါ ကိုယ်ဝန်ဆောင်မိခင်များသည် အခြားတိုင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ကာ ကလေးများ ကြီးပြင်းမှ အာဠ၀ီပြည်သို့ ပြန်လာကြသည်။ ဤသို့ တစ်နေ့လူတစ်ယောက် ဘီလူးမင်းထံ ပို့ခဲ့ရာ တစ်ဆယ့်နှစ်နှစ်ကြာလေ၏ ။ နောက်ဆုံး ဘီဘူးစာပို့ရန် တစ်မြို့လုံး ရှာဖွေသော်လည်း ကလေးငယ်ကို မရနိုင်ဘဲရှိစဉ် မင်းကြီးသည် မိမိ၏သားရင်းဖြစ်သော အာဠာဝက မင်းသားကလေးကို မိဖုရာကြီးနှင့် အထိန်းတော်များ ငိုကြွေးနေသည့်ကြားကပင် ဇွတ်အတင်းလုယူစေကာ နောက်တစ်ရက်စာတွက် ဘီလူးကြီးထံ ပေးပို့ရန် အမိန့်ချထားသည်။
ထိုနေ့ညနေချမ်းတွင် မြတ်စွာဘုရားသည် ဘီလူးကြီး၏ ဗိမာန်ရှိ ပလ္လင်ထက်၌ နေတော်မူသည်။ ထိုအချိန်ကား ဘီလူးကြီးသည် ဟိမ၀န္တာ၌ နတ်ဘီလူးတို့၏ အစည်း အဝေးသို့ သွားရောက်နေခိုက်ဖြစ်၏ ။ တံခါးစောင့် ဂဒြဘဘီလူးက မြတ်စွာဘုရားရောက် နေကြောင်းဘီလူးကြီးထံ သွားရောက်သတင်းပို့သည်။ ဟေမ၀တနှင့် သာတာဂိရိနတ် ဘီလူးတို့လည်း ထိုအစည်းအဝေးသို့ သွားစဉ်အာဠ၀က ဘီလူးကြီး၏ ဗိမာန်၌ အခြွေအရံ ဘီလူးမများအား တရားဟောနေသော မြတ်စွာဘုရားကို ဖူးမြင်ခဲ့ရပြီး အစည်း အဝေး ရောက်လျှင် အာဠ၀ကဘီလူးကြီးအား ‘‘ သင့်ဗိမာန်၌ မြတ်စွာဘုရားရောက်နေသည်၊ သွား ရောက်ဖူးမြော်ချေ’’ ဟုပြောဆိုကြသည်။
အာဠ၀ကဘီလူးကြီးသည် ထိုစကားကို ကြားသည်နှင့်တပြိုင်နက် ဒေါသအမျက် ခြောင်းခြောင်းထွက်လေ၏ ။ ‘ ဂေါတမရဟန်းကြီးနှင့် ငါမည်သူကတန်ခိုးကြီးသနည်း၊ ကြည့်ကြလော့’ ဟုပြောဆိုထွက်လာပြီး ယူဇနာခြောက်ဆယ်ရှိ ကေလာသတောင်ကို လက်ယာခြေဖြင့် ဆောင့်နှင်းရာ ကျောက်လွှာ ကျောက်ချပ်များ အလွှာလွှာ ကွာကျ၏ ။ ထို့နောက်ကေလာသတောင်ထိပ်မှာ ရပ်လျက် ‘အာဠ၀ကတဲ့ ဟေ့’ ဟုကြွေးကြော် ဟစ် အောင်လိုက်သော အသံကြီးမှာ ကြောက်မက်ဖွယ် တုန်ဟည်းသွာလေသည်။
ဘီလူးကြီးသည် သူ၏ဗိမာန်သို့ ရောက်သောအခါ မြတ်စွာဘုရားထံ သူ၏ယက္ခမယ်များ ၀န်းရံလျက်ရှိသည်ကို မြင်တွေ့ရလျှင် ပို၍ဒေါသထွက်သွားသည်။ မြတ်စွာဘုရားကို သေကျေပျက်စီးစေရန် ပြင်းထန်သော လေမုန်တိုင်းကြီးကို လွှတ်၏။ သို့သော် လေမုန်တိုင်းသည် မြတ်စွာဘုရားကို မည်သို့မျှ မထိခိုက်စေနိုင်။ ရေတွင်နစ်မွန်းသေစေရန် မိုးကြီးသည်းထန်စွာ ရွာသွန်းချပြန်၏ ။ ထိုမိုးကြီးသည်လည်း အချည်းနှီးပင်။ ထို့ပြင် ကျောက်တုံးမိုး၊ ဓား လှံ လက်နက်မိုး၊ မီးကျီးခဲမိုး၊ ပြာပူမိုး၊ သဲမိုး၊ ရွှံညွန်မိုးတို့ကိုလည်း (ဗောဓိမဏ္ဍိုင်မှာ မာရ်နတ်မင်းတိုက်ခိုက်သည့်နည်းတူ) တစ်ခုပြီး တစ်ခု ရွာသွန်းကြဲချပြန်သည်။ မရချေ။ နောက်ဆုံး ကြောက်ရွံ့အားငယ်စေရန် အမှောင်ထုကြီးချလိုက်သော်လည်း ဘီလူးကြီး၏ တိုက်ခိုက်မူများအားလုံး မြတ်စွာဘုရားကို ထိခိုက်နစ်နာအောင်လည်း မစွမ်းဆောင်နိုင် ၊ ကြောက်လန့်ထွက်ပြေးအောင်လည်း မပြုလုပ်နိုင်ချေ။
ထိုအခါ အာဠ၀ကဘီလူးကြီးသည် လက်နက်မျိုးစုံ စွဲကိုင်ထားသော နတ်ဘီလူးစစ်တပ်
ကြီးကို ဦးဆောင်ပြီး ဘုရားရှင်အား အနီးကပ် ထိုးနှက်ခုတ်သတ်ရန် ကြောက်မက်ဖွယ် အဆင်းအသံ အမျိုးမျိုးဖြင့် ဟစ်အော်ချီတက်လာလေသည်။ ရဲရဲပူသော သံတွေခဲ၌ ယင်ကောင်များ မနားဝံ့သကဲ့သို့ နတ်ဘီလူးစစ်တပ်ကြီးသည် မြတ်စွာဘုရားအနီးသို့ပင် မချဉ်းကပ်ရဲချေ။
မြတ်စွာဘုရားနှင့် ဘီလူကြီးတို့၏ ရန်စစ်ပွဲကို ကြည့်ရှုရန် မရေမတွက်နိုင်သော နတ်များလည်း ကောင်းကင်မလပ် ပြည့်ကျပ်နေတော့၏ ။
အာဠ၀ကဘီလူးကြီးသည် သန်းခေါင်ကျော်သည်တိုင်အောင် နည်းမျိုးစုံဖြင့် အဆက်မပြတ် တိုက်ခိုက်သော်လည်း မအောင်မြင်နိုင်သဖြင့် နောက်ဆုံး ဘွဲ့ဖြူလက်နက် (အ၀တ်ပုဆိုးလက်နက်) ဖြင့် ပစ်ခတ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုလက်နက်သည် ကောင်းကင်သို့ ပစ်လွှတ်လျှင် တစ်ဆယ့်နှစ်နှစ်မိုးခေါင်စေ နိုင်၏ ။ မြေပြင်သို့ပစ်လွှတ်လျှင် သစ်ပင်များ ခြောက်သွေ့ပြီး တစ်ဆယ့်နှစ်နှစ်အတွင်း တစ်ဖန်ပြန်လည် မပေါက်နိုင်။ သမုဒ္ဒရာတွင်းသို့ ပစ်ခတ်ပါက သမုဒ္ဒရာရေများ ခန်းခြောက်ပြီး မြင်းမိုရ်တောင်လောက်ရှိ တောင်မျိုးကို ပစ်ခတ်ပါလျှင်လည်း အပိုင်းပိုင်း ပြတ်ကြွေကျသွားနိုင်လေသည်။
ထိုဘွဲ့ဖြူလက်နက်ကို ပစ်ခတ်လိုက်သောအခါ ကောင်းကင်၌ မိုးထစ်ချုန်းသကဲ့သို့ မြည်ဟည်းပြီး အခိုးအလူလူ အလျှံတပြောင်ပြောင် တောက်လောင်လွင့်ပျံကာ မြတ်စွာဘုရားထံသို့ ဦးတည်သွားသည်၊ မြတ်စွာဘုရား အနီး သို့ ရောက်သည်နှင့် စွမ်းရည်ကင်းမဲ့သော ခြေသုတ်အ၀တ်အဖြစ် ပြောင်းလဲသွားသော်လည်း မအောင် မြင်နိုင်သဖြင့် မှိုင်တွေချကာ ခေတ္တမျှ စဉ်းစားနေ၏ ။ မြတ်စွာဘုရားအား တိုက်ခိုက်မရနိုင်သည်မှာ မေတ္တာစိတ် ထားကြောင့် ဖြစ်သည်ဟု စဉ်းစားမိသည်နှင့် မြတ်စွာဘုရားအား မေတ္တာပျက်အောင် ပြုလုပ်ရန် ဆုံးဖြတ် လိုက်၏ ။
‘ အို ရဟန်းဂေါတမ..အဘယ်ကြောင့် ကျွန်ုပ်ခွင့်မပြုလဲ ဗိမာန်အတွင်းသို့ ကျူးကျော်ဝင်ရောက်နေဘိသနည်း၊ ဗိမာန်တွင်းမှ ယခုထွက်လော့’ ဟုဆိုသည်။
မြတ်စွာဘုရားက ကြမ်းတမ်းသူကို အကြမ်းနည်းဖြင့် တုံ့ပြန်၍ အောင်နိုင်ရိုးမရှိသည်ကို သိတော်မူသဖြင့် ‘‘ ကောင်းပါပြီ’’ ဟုဆိုကာ ဗိမာန်မှထွက်တော်မူသည်။
‘ပြောရ ဆိုရ လွယ်ကူသော ရဟန်းဂေါတမကို စစ်ထိုးမိလေပြီး’ ဟုအာဠ၀က ဘီလူးကြီး စိတ်ဓာတ်သိမ်မွေ့လာသည်။ သို့သော် ‘ ရဟန်းဂေါတမသည် သဘောထား နူးညံ၍ ဗိမာန်မှထွက်သလော၊ အမျက်ဒေါသကြောင့် ထွက်သလော’ ဟုစုံစမ်းလို၍ ‘ရဟန်းဂေါတမ- ဗိမာန်တွင်းသို့ ၀င်ဦးလော့‘ ဟုဆိုပြန်သည်။
မြတ်စွာဘုရားက ‘ကောင်းပါပြီ’ ဟုဆို၍ ပြန်ဝင်သည်။ အာဠ၀က ဘီလူးခိုင်းစေတိုင်း သုံးကြိမ်တိုင်တိုင်ပင် ထွက်တော်ဝင်တော်မူ၏ ။ ဘီလူးကြီးသည် ‘ မြတ်စွာဘုရားအား ထိုသို့ထွက်ဝင်ခိုင်း၍ တစ်ညလုံး ပင်ပန်းအောင်လုပ်ပြီးမှ ခြေထောက်နှစ်ချောင်း ဆွဲကိုင်ပြီး ဂင်္ဂါမြစ် တစ်ဘက်ကမ်းသို့ ပစ်ရမူ ကောင်းလေစွာ့’ ဟုကြံစည်လျက် ‘ ရဟန်းဂေါတမ ထွက်ဦးလော့’ ဟုလေးကြိမ်မြောက် ခိုင်းစေသောအခါတွင်မူ ဘီလူးကြီး၏ စိတ်အကြံကို သိတော်မူသဖြင့် ‘ သင်လုပ်လိုရာလုပ်တော့၊ ငါမထွက်’ ဟုမိန့်တော်မူ၏ ။
ထိုအခါ ဘီလူးကြီးက ‘ ရဟန်းဂေါတမကို ပြဿနာမေး၍ မဖြေနိုင်မှ ခြေထောက်ကိုဆွဲ ကိုင်ကာ ဂင်္ဂါမြစ်တစ်ဘက်ကမ်းသို့ ပစ်မည်’ ဟု ကြံစည်ပြန်သည်။
အာဠ၀ကဘီလူးကြီး၏ မိဘတို့သည် ကဿပမြတ်စွာဘုရားထံမှ တရားဓမ္မနှင့် စပ်သော အမေးအဖြေများကို သင်ယူခဲ့ပြီး အာဠ၀ကဘီလူးအား သင်ကြားပေးထားခဲ့ကြဖူးသည်။ ဘီလူးကြီးသည် ကာလကြာသောအခါ အဖြေကို မမှတ်မိတော့ချေ။ အမေးပုစ္ဆာများကိုမူ မေ့ပျောက်မည်စိုး၍ ရေးမှတ်ထားစေခဲ့သည်။ ထိုအမေးပုစ္ဆာ များကား ဘုရားရှင်တို့သာ ဖြေနိုင်သော အမေးပုစ္ဆာများ ဖြစ်၏ ။ ဘီလူးကြီးသည် မိမိဗိမာန်ကို စုံစမ်းကြည့်ရှုရန်ရောက်လာသော အခြားရသေ့ရဟန်းများအားလည်း ထိုအမေးပုစ္ဆာကို မေး၍မဖြေနိုင်လျှင် ခြေထောက်ကိုဆွဲကိုင်ပြီး ဂင်္ဂါမြစ်တစ်ဘက်သို့ ပစ်ခဲ့ဖူးလှပြီ။ ယခုလည်း မြတ်စွာဘုရားအား ထိုအမေးပုစ္ဆာ ပြဿနာ မေးမည်ဟုတောင်းဆို လာသည်ကို မြတ်စွာဘုရားက မေးခွင့်ပြုတော်မူလိုက်သည်။
`အိုရဟန်းကြီးဂေါတမ လောက၌ မြတ်သောဥစ္စာကား အဘယ်နည်း၊ အဘယ်အရာကို ကောင်းစွာကျင့်လျှင် ချမ်းသာစေနိုင်သနည်း၊ အဘယ်အရသာသည် အကောင်းဆုံးဖြစ်သနည်း၊ အဘယ်အသက်မွေးခြင်းကို အမြတ်ဆုံးဟု ဆိုရသနည်း’’။
အာဠ၀ကဘီလူးက ဤသို့ ပြဿနာကို မေးသည်။
‘‘ အာဠ၀က…..လောက၌ မြတ်သော ဥစ္စာကား (ရတနာသုံးပါးနှင့် ကံ ကံ၏ အကျိုးကို ယုံကြည်သော) သဒ္ဓါတရားတည်း။ ချမ်းသာစေနိုင်သော တရားကား ကုသလကမ္မပထတရား
ဆယ်ပါးတည်း။ မုသာမပါ မှန်ရာကို ပြောဆိုခြင်းသည် အကောင်းဆုံးအရသာတည်း။ ပစ္စုပန်သံသရာကို မြော်မြင်သော ပညာဖြင့် အသက်မွေးခြင်းသည် အမြတ်ဆုံးတည်း’’ ဟု မြတ်စွာဘုရားက ချက်ချင်းဖြေဆိုတော်မူ လိုက်သည်။
မြတ်စွာဘုရားသည် ဘီလူးကြီးမေးသော အခြား မေးခွန်းများကိုလည်း ဆက်လက် ဖြေဆိုတော်မူလိုက်ရာ ဘီလူးကြီးသည် မြတ်စွာဘုရားရှင် မေတ္တာဖြင့် အမေးပုစ္ဆာများကို တစ်ခုပြီးတစ်ခု ဖြေဆို ဟောကြားသောတရားကို နာကြားရသောအခါ ဒေါသအမျက်ပြေကာ စိတ်နှလုံး နူးညံ့သိမ်မွေ့လာ၏ ။ နာရင်းနာရင်း အသိဉာဏ် အမြင်ရှင်းကာ သောတာ ပတ္တိမဂ်ဉာဏ် အလင်းကိုပင် ရရှိသွားခဲ့သည်။
နံနက်မိုးသောက်ချိန်တွင် တရားပွဲလည်းပြီးဆုံး၍ မင်းချင်းယောက်ျားတို့လည်း အာဠ၀ီ မင်းကြီး၏သားငယ် အာဠ၀ကကို ဘီလူးစာပို့ရန် ဆိုက်ရောက်လာကြလေသည်။ မြတ်စွာဘုရားရှေ့မှောက်၌ မင်းချင်းများက ပေးကမ်းသည့်ကလေးငယ်ကို ယူရန်ရှက်နိုးသဖြင့် ဘုရားရှင်အား လှူလိုက်သည်။ ထိုသူငယ် ကြီးပြင်းလာသော အခါ သင်္ဂဟတရားလေးပါးကို လက်သုံးပြု၍ သာသနာတော် ထွန်းကားပြန့်ပွားအောင် စည်းရုံးကာ ဟောပြောနိုင်သော ‘‘ဟတ္ထာဠ၀ကသူကြွယ်’’ ဖြစ်လာခဲ့သည်။
ထိုမျှမက အာဠ၀ီတစ်ပြည်လုံး ထိတ်ရွံ့ကြောက်လန့် နေခဲ့ကြရသော အာဠ၀ီပြည်အနီး အာဠ၀ကဘီလူးကြီးရန်ကို အောင်မြင်တော်မူသောအခါ ဘီလူးကြီးသာမက အာဠ၀ီပြည်သူ ပြည်သားများနှင့် ရှစ်သောင်းလေးထောင်သော လူ နတ် ဗြဟ္မာတို့ပါ တရားသိမြင် ကျွတ်တမ်း ၀င်ခဲ့ကြလေသည်။

၅။ အင်္ဂုလိမာလကို အောင်တော်မူခြင်း

အင်္ဂုလိမာလကား သာဝတ္တိပြည် ကောသလမင်းကြီး၏ ပုရောဟိတ် ဘဂ္ဂ၀ပုဏ္ဏားနှင့် မန္တာဏီပုဏ္ဏေးမ၏သား ဖြစ်၏ ။ အင်္ဂုလိမာလကို မွေးဖွားသောညတွင် တစ်နိုင်ငံလုံးရှိ လက် နက်များ ထူးထူးခြားခြား အရောင်တောင်ပ ကြ၏ ။ ကောသလမင်းကြီး၏ အိပ်စက်ရာ ညောင်စောင်းရှိ လက်နက်လည်း အရောင်တောက်ပသဖြင့် မင်းကြီးကြောက်ရွံ့ပြီး စက်တော်မခေါ်နိုင်ချေ။
ဖခင်ပုရောဟိတ်ကြီးကား နက္ခတ်ကိုကြည့်ပြီး သူ၏သား ကြီးပြင်းသောအခါ လူဆိုးကြီး
ဖြစ်လိမ့်မည်ကို သိလေသည်။ နံနက်မိုးလင်း၍ မင်းကြီးထံ သွားရောက်စဉ် မင်းကြီးက ပုရောဟိတ်ကြီးအား လက်နက်အရောင်တောက်ပခြင်း၏ အကျိုးအပြစ်ကို မေးလျှင် ပုရော ဟိတ်ကြီးက-
‘‘အရှင်မင်းကြီးအတွက် စိုးရွံ့ဖွယ်မရှိပါ’’ ဤယနေ့ ကျွန်ုပ်အိမ်၌ သားယောကျာ်းလေး မွေးဖွား၍ လက်နက်များ အရောင်တောက်ခြင်း ဖြစ်ပါသည်၊ ထိုကလေးငယ် ကြီးပြင်း သောအခါ လူဆိုးကြီးဖြစ်မည့် နိမိတ်ဖြစ်ပါသည်’’ ဟု လျှောက်တင်သည်။ မင်းကြီးက-
‘‘တစ်ဦးတည်း ဆိုးမည်လော၊ အသင်းအဖွဲ့နှင့် ဆိုးမည်လော’’ ဟုမေးလျှင် ပုရောဟိတ်က-
‘‘တစ်ယောက်တည်းသာ ဆိုးပါလိမ့်မည်။ ကလေးကို သတ်တော်မူပါ’’ ဟုလျှောက်တင် သော်လည်း မင်းကြီးက ‘‘တစ်ဦးတည်း ဆိုးသွမ်းမည့် လူဆိုးဖြစ်က မှုဖွယ်မရှိ’’ ဟုမိန့်တော်မူပြီး ကောင်းမွန်စွာ မွေးမြူခွင့်ပြုသည်။ ထိုသားအား အဟိံသက (မညှဉ်းဆဲတတ်သူ) ဟုမှည့်ခေါ် ကြလေသည်။
အဟိံသကသည် အရွယ်ရောက်၍ တက္ကသိုလ်၌ ပညာသင်ယူစဉ် ဆရာကြီးဇနီးမောင်နှံ၏ တာဝန်ဝတ္တရား များကို ကျေပွန်စွာ ဆောင်ရွက်ပေးလေ့ရှိ၏ ။ ချစ်ခင်ဖွယ် ပြုမှု ပြောဆို ဆက်ဆံတတ်၏ ၊ ထို့ကြောင့်ဆရာ ကြီးနှင့်ဇနီးမောင်နှံတို့၏ ချစ်ခင်အရေးပေးမှု၊ ချီးမြောက်မှုကို အခြားကျောင်းသားများထက် ပိုမိုခံယူရရှိသည်။ ထိုအခါ အခြားကျောင်းသားများသည် အဟိံသကကို အနာလိုမရှုစိမ့်ဖြစ်လာပြီး ဆရာကြီး၏ဇနီးနှင့် မှာယွင်း လေဟန် ဆရာကြီးအားကုန်းချောကြလေသည်။ ပထမတွင် ဆရာကြီးမယုံကြည် သော်လည်း ပြောဖန်များလျှင် သံသယ၀င်ကာ အဟိံသကအား သေကြောင်းကြံသည်အထိ ကုန်းချောစကားကို ယုံကြည်သွား၏ ။ တစ်နေ့ တွင် အဟိံသကကို ခေါ်၍-
‘‘အဟိံသက…..လူတို့၏ ညာလက်ညှိုးတစ်ထောင်ကို ဖြတ်ပြီးပါမှ သင့်ပညာပြီးဆုံးမည်’’ ဟု ပရိယာယ်ဖြင့် ပြောဆိုစေခိုင်းလိုက်သည်။
အဟိံသကသည် ဆရာကြီးစေခိုင်းချက်အရ လက်နက်စွဲကိုင်လျက် ဇာလိနတောအုပ်သို့ ၀င်ပြီး ခရီးသွားတို့ အား သတ်ဖြတ်ကာ လက်ညှိုးကို ဖြတ်ယူလေသည်။ ဖြတ်ပြီးသော လက်ညှိုးများကို သစ်ခက်၊ သစ်ခွအကြား တို့၌ ထားလေလျှင် ကျီး ဠင်းတတို့ ချီသွားသဖြင့် လက်ညှိုးတစ်ထောင် မပြည့်နိုင်ရှိလေ၏ ။ ထိုအခါ အဟိံသကသည် လက်ညှိုးများ မပျောက်ပျက်ရန် ကြိုးဖြင့် ပန်းကုံးသဖွယ်သီ၍ လည်ပင်း၌ ဆွဲထားလေသည်။ ထိုအခါမှစ၍ အင်္ဂုလိမာလ (လက်ညှိုးပန်းကုံးဆွဲသူ) ဟုအမည်တွင်လေသည်။
အင်္ဂုလိမာလရှိရာ တောအုပ်သို့ ဖြတ်သန်းသွားလာရန် ကိစ္စရှိလျှင် ယောကျာ်းများပင် လူလေးငါးဆယ်ပေါင်းစု၍ သွားကြရသည်။ မည်သို့ဖြစ်စေ သွားသူတိုင်းပင် အင်္ဂုလိမာလ လက်တွင်းမှာ ပျက်စီးကြရသည်။ နောက်ပိုင်းတွင် ထိုတောအုပ် သွားလာရဲသူ မရှိကြတော့ချေ၊ ထိုသို့သွားလာရဲသူမရှိသောအခါ အင်္ဂုလိမာလသည် ညဥ့်အခါ ရွာတွင်းသို့ဝင်၍ အိမ်တံခါးကို ခြေဖြင့်ကန်ဖွင့်ပြီး လူတို့ကို သတ်ကာ လက်ညှိုးများကို ဖြတ်ယူလေသည်။ အင်္ဂုလိမာလဘေး ရန်ကြောင့် လူတို့သည် ရွာငယ်မှ ရွာကြီးသို့ ပြောင်းရွေ့ကြ၏ ။ ရွာကြီးများ မလုံခြုံပြန်သော အခါ သာဝတ္တိမြို့အနီးသို့ ပြောင်းရွေ့ပြီး ခြံစည်ရိုး လုံခြုံစွာ ကာရန်၍နေထိုင်ကြရလေသည်။
နောက်ဆုံး တိုင်းသူပြည်သားများသည် အင်္ဂုလိမာလ လူဆိုးကြီးကို နှိပ်ကွပ်ရန် ကောသလမင်းကြီးအား တိုင်ကြားကြ၍ မင်းကြီးသည် တိုင်းပြည်သို့ စည်တီးကြေညာပြီး စစ်သားများကို စုဆောင်းစေသည်။
ထိုအကြောင်းကို မိခင်ပုဏ္ဏေးမကြီးကြားသိလျှင် မနေသာတော့ဘဲ သားသောကဖြင့် သားနှင့်တွေ့ရန် အိမ်မှ ထွက်ခဲ့လေသည်။
ထိုနေ့ကား လက်ညှိုးတစ်ထောင်ပြည့်ရန် တစ်ချောင်းသာလိုတော့သော နေ့ဖြစ်၏ ။ မိခင်လည်း တောထဲ သို့အလာ၊ အင်္ဂုလိမာလလည်း ပထမဆုံး တွေ့သူ၏ လက်ညှိုးကို ဖြတ်ယူရန် အသင့်စောင့်ဆိုင်းနေခိုက်၊ မြတ်စွာ ဘုရားသည် အင်္ဂုလိမာလလူဆိုးကြီး မိခင်ကို သတ်၍ အာနန္တရိယကံ ထိုက်တော့မည်ကို မြင်တော်မူသဖြင့် အင်္ဂုလိမာလရှိရာ တောအုပ်သို့ ကြွချီတော်မူလာသည်။
အင်္ဂုလိမာလသည် တောအုပ်သို့ ရှေးဦးစွာ ရောက်လာသူ မိခင်ကို တွေ့မြင်လျှင် လက်ညှိုးကို ဖြတ်ယူရန် လိုက်လေရာ မြတ်စွာဘုရားက အင်္ဂုလိမာလနှင့် မိခင်အကြားသို့ ကြွဝင်တော်မူလေ၏ ။ ထိုအခါ အင်္ဂုလိ မာလသည် မိခင်နောက် မလိုက်တော့ဘဲ မြတ်စွာဘုရား နောက်သို့ လိုက်လေ၏ ။
အင်္ဂုလိမာလကား ပြေးနေသော ဆင် မြင်း သားသမင် ကိုပင်မီအောင်လိုက်၍ ဖမ်းယူနိုင်လောက်အောင် အား ခွန်ဗလ စွမ်းသန်သူဖြစ်၏ ။ မြတ်စွာဘုရားကား ထိုထက် အားခွန်ဗလ များစွာ သာလွန်သော အားတော်ဆယ်တန် ပိုင်ရှင်ဖြစ်၍ အင်္ဂုလိမာလ မည်သို့ပင် လိုက်သော်လည်း မြတ်စွာဘုရားကို မမီနိုင်ချေ။
အင်္ဂုလိမာလသည် မြတ်စွာဘုရားကို မမီနိုင်ဘဲ ချွေးဒီးဒီးကျကာ မောပန်းလာသဖြင့် အပြေးလိုက်ရာမှ ရုတ်တရက် ရပ်တန့်ပြီး-
“အို ရဟန်း…ရပ်လော့၊ ရပ်လော့’’ ဟုဆိုသည်။ မြတ်စွာဘုရားက-
“အင်္ဂုလိမာလ….ငါကား ရပ်နေ၏ ။ သင်သည်သာ ရပ်လော့’’ ဟုမိန့်တော်မူသည်။ အင်္ဂုလိမာလသည် မြတ်စွာဘုရားဆိုလိုသည်ကို နားမလည်နိုင်သဖြင့်
“အို ရဟန်း….အသင်သည် သွားနေပါလျက် ငါရပ်နေသည်ဟုဆိုဘိ၏ ။ ရပ်နေသော အကျွန်ုပ်အားလည်း သင်သာရပ်လော့ဟု ဆိုပြန်သည်။ အဘယ်သို့ ဆိုလိုပါသနည်း’’ ဟုမေး လျှောက်သည်။ မြတ်စွာဘုရားက -
“အင်္ဂုလိမာလ….ငါကား မည်သည့်သတ္တ၀ါကိုမျှ သတ်ဖြတ်ညှဉ်းဆဲမှုမပြု ။ တုတ် လှံတံ ဓား လက်နက်တို့ကို အပြီးတိုင် ပယ်စွန့်ပြီးသူဖြစ်သည်။ သို့ဖြစ်၍ သံသရာ၌ မပြေးသွားရ တောချေ။ သင်ကား လူတို့ကို ညှဉ်းဆဲ သတ်ဖြတ်နေသူဖြစ်၍ သင့်ခြေက ရပ်နေသော်လည်း သင်သည် သံသရာတခွင်၍ ကျင်လည်ပြေးသွားရဦး မည့်သူ ဖြစ်သည်’’ ဟုမိန့်တော်မူ လေသည်။
အင်္ဂုလိမာလကား မြတ်စွာဘုရားအကြောင်းကို ကြားသိခဲ့ဖူး၏ ။ ဖော်ပြပါတရားစကား ကိုကြားနာလိုက်ရ သည်နှင့်မြတ်စွာဘုရားဖြစ်ကြောင်း ကောင်စွာသိလိုက်၏ ။ ‘ မြတ်စွာဘုရား သည် ငါ့ကိုချီးမြှောက်ရန် ဤတောအုပ်သို့ ကြွရောက်တော်မူလာပေသည် ဟုပီတိ သောမနဿများ တဖွားဖွား ဖြစ်ပေါ်လာလေသည်။ ချက်ချင်းပင် မိမိ၏ ဘ၀အဖြစ်မှန်ကို ဆင်ခြင်မိကာ လက်နက်များကို အနီးရှိချောက်အတွင်းသို့ ပစ်လွှတ်လိုက်ပြီးလျှင် မြတ်စွာဘုရားအနီးသို့ ချဉ်းကပ်ကာ ရိုသေစွာ ရှိခိုးပြီး “ တပည့်တော်အား ရဟန်းပြုပေး တော်မူ ပါ’’ ဟုခွင့်ပန်လျှောက်ထားလေသည်။
မြတ်စွာဘုရားက အင်္ဂုလိမာလအား “ဧဟိ လိက္ခု’’ ခေါ်၍ ရဟန်းပြုပေးတော်မူရာ အင်္ဂုလိမာလသည် ၀ိပဿနာ တရားကို ရှုပွားကာ မကြာမီပင် ရဟန္တာ ဖြစ်တော်မူလေသည်။

၆။ နာဠာဂီရိဆင်ကို အောင်တော်မူခြင်း

နာဠာဂီရိဆင်ကား ခက်ထန် ကြမ်းတမ်း၍ နေ့စဉ် သေရည် ရှစ်အိုးသောက်လေ့ရှိ၏ ။ လူကိုနင်းသတ် တတ်သော ဆင်ရိုင်းကြီးဖြစ်၏ ။
လက်ဝဲရံ လက်ယာရံ ရာထူး နှင်းအပ်မူနှင့်စပ်၍ မြတ်စွာဘုရားရှင်ပေါ် မကျေမနပ်ဖြစ်ကာ အမြဲရန်ရှာနေခဲ့သူ အရှင်ဒေ၀ဒတ်သည် လေးသမားတို့အားစေလွှတ်၍ မြတ်စွာဘုရားကို သတ်စေခဲ့သော်လည်း မအောင်မြင်။ ဂိဗ္ဈကုဋ်တောင်ပေါ်မှ ကျောက်တုံးလှိမ့် ချ၍ မြတ်စွာဘုရားကို ကိုယ်တိုင်လုပ်ကြံခဲ့သော်လည်း မသေ၊ ခြေမ တော်မှာ သွေးခြည်ဥရုံ လောက်သာ ဖြစ်ခဲ့သည်။ သို့ဖြစ်၍ ယခုတစ်ကြိမ်တွင်လည်း မြတ်စွာဘုရားကို နာဠာဂီရိ ဆင်ဖြင့် နင်းသတ်ရန် အဇာတသတ်ဘုရင်၏ အကူအညီကို ယူခဲ့သည်။ ဆင်ဆရာထံ ချဉ်းကပ်၍လည်း နာဠာဂီရိဆင်အား ခါတိုင်းထက် တစ်ပြန်တိုး၍ သေရည်တစ်ဆယ့်ခြောက် အိုးတိုက် ကျွေးစေသည်။ မြတ်စွာဘုရား ရာဇဂြိုလ်မြို့တွင်းသို့ ၀င်လာချိန်၌ ဆင်ရိုင်းကြီးကိုလွှတ်၍ နင်းသတ်စေရန် စီမံစေခိုင်းသည်။
ထိုအကြောင်းကို သိရှိနေကြသော ရာဇဂြိုလ်မြို့သူမြို့သားများသည် မြတ်စွာဘုရားက နာဠာဂီရိဆင်အား ဆုံးမတော်မူပုံကို ကြည့်ရှုလိုသဖြင့် မြေပြင်အနှံ့၊ အဆောက်အအုံများ၊ သစ်ပင်များ၊ အိမ်အမိုးများပေါ်ပါမကျန် နေရာယူ၍ စောင့်ကြို ကြည့်ရှုနေကြလေသည်။
မြတ်စွာဘုရားသည် ရာဇဂြိုလ်မြို့တွင်းသို့ နောက်ပါသံဃာတော်များနှင့် အတူစီတန်း
ညီညာ ကြွဝင်တော်မူလာ၏ ။ ထိုစဉ်အရှင်ဒေ၀ဒတ်၏ အစီအစဉ်အတိုင်းပင် နာဠာဂီရိဆင်ကို မြတ်စွာ ဘုရားထံသို့ လွှတ်သည်။ နာဠာဂီရိဆင်သည် လမ်းခရီး၌ မဲမဲမြင်ရာ အိမ်များ၊ လှည်းများကို ရိုက်ချိုးချေဖျက်ကာ ပတ်ဝန်းကျင်ကို သိမ့်သိမ့်ရိုက်ခတ်စေလျက် အမြီး နှာမောင်း တို့ကို မြှောက်ချီပြီး မြတ်စွာဘုရားထံသို့ ပြေးဝင်လာ၏ ။
အရှင်သာရိပုတ္တရာနှင့် မဟာသာဝကရှစ်ကျိပ်တို့က နာဠာဂီရိဆင်ကို ဆုံးမလိုကြောင်း အသီးသီး ခွင့်တောင်း ကြသော်လည်း မြတ်စွာဘုရားက ခွင့်ပြုတော်မမှုချေ။ ချစ်ကြည်ညိုစိတ် အားကြီးသော ညီတော်အာနန္ဒာကမူ သေလိုသေဟု မြတ်စွာဘုရားရှေ့မှ ကွယ်၍ရပ်လာ၏ ။ မြတ်စွာဘုရားက ဖယ်ရှားရန် သုံးကြိမ်တိုင်တိုင် မိန့်ကြားသော်လည်း မဖယ်သဖြင့် တန်ခိုးတော်ဖြင့် ညီတော်အာနန္ဒာကို ဖယ်ရှားကာ သံဃာအကြားသို့ ပို့တော် မူသည်။
သားသည်မိခင်တစ်ဦးသည် နာဠာဂီရိဆင်ကို ကြောက်လန့်သဖြင့်ပြေးလွှားစဉ် လွတ်အံ့မထင်၍ သားငယ်ကို မြတ်စွာဘုရားနှင့် ပြေးလာနေသောနာဠာဂီရိဆင် အကြားမှာ ပစ်ချထွက်ပြေးသွား၏ ။ နာဠာဂီရိဆင်သည် ထိုမိန်းမနောက်သို့ လိုက်သောလည်း အလှမ်းဝေးသဖြင့် မမီနိုင်၍ တစာစာအော်ငိုနေသော သားငယ်ရှိရာဘက်သို့ ဦးလှည့်ပြေးလာ ပြန်သည်။
မြတ်စွာဘုရားသည် “ တစ်လောကလုံးသို့ ဖြန့်ကြက်ထားနိုင်သော အနန္တ မေတ္တာဓာတ် တော်ကို နာဠာဂီရိဆင်တစ်ကောင်တည်း အပေါ်၌သာ သီးခြားရည်စူးကာ လွှမ်းခြုံပို့လွှတ်တော် မူသည်’’ ။ ထို့နောက် ချိုကြည်အေးမြသည့် အသံတော်ဖြင့်
“နာဠာဂီရိ….သင့်အား သေရည်တစ်ဆယ့်ခြောက်အိုးတိုက်၍ လွှတ်ခြင်းမှာ အခြားသူ များကို နင်းသတ်ရန်မဟုတ်။ ငါဘုရားကို နင်းသတ်ရန်သာဖြစ်သည်။ ငါဘုရားထံသို့ လာလော့’’ ဟု မိန့်တော်မူသည်။
နာဠာဂီရိဆင်သည် မြတ်စွာဘုရားဒ အနန္တမေတ္တာဓာတ်စွမ်းအားကို ထိတွေ့ ခံစားရလေ ပြီ၊ သူသည် မူးယစ်ရီဝေလျက်က မျက်လုံးကိုဖွင့်ကြည့်ရာ မြတ်စွာဘုရား၏ ကြည်ညိုဖွယ်ရုပ် အဆင်းကို မြင်တွေ့ရလေပြီ။ မြတ်စွာဘုရား၏ အအေးမြဆုံးသော မေတ္တာ၊ အချိုသာဆုံသော အသံတော်၊ ကြည်ညိုဖွယ် အကောင်းဆုံးသော ကြန်အင်ရုပ်အဆင်းတော်တို့ကြောင့် နာဠာဂီရိဆင်သည် ချက်ချင်းပင် စိတ်ကောင်းဝင်ကာ သတိသံဝေဂ ရပြီး ခဏအတွင်းမှာပင် ယဉ်ကျေးသိမ်မွေ့လာသည်။
နာဠာဂီရိဆင်သည် မြတ်စွာဘုရားကိုသတ်ရန် မြှောက်ချီထားသောနှာမောင်းကို အောက်သို့ တဖြည်းဖြည်းချ၏ ။ မြတ်စွာဘုရားထံသို့ ဖြည်းညင်းစွာတို့ရွှေ့သွားပြီး ခြေထောက်ရင်း၌ ပုဆစ်တုပ်လျက် အရိုအသေပြုသည်။
မြတ်စွာဘုရားက နာဠာဂီရိဆင်၏ ဦးခေါင်းပေါ် လက်တော်တင်လျက် သတ္တ၀ါများကို မေတ္တာထားရန်၊ ဒုစရိုက်မှုကို မပြုရန်ဟောပြဆုံးမတော်မူသည်။
လူထုပရိသတ်ကြီးကား သဲသဲလှုပ် ကောင်းချီးပေးကြ၏ ။ အမျိုးမျိုးသောရတနာတန်
ဆာများကို နာဠာဂီရိဆင်ဆီသို့ လှမ်းပစ်ပေး၍ လက်ဆောင်ဖွဲ့ကြသည်။ ရတနာများသည် နာဠာဂီရိ ဆင်တစ်ကိုယ်လုံးကို ဖုံးမတတ်ရှိ၏ ။ ထိုအခါမှစ၍ နာဠာဂီရိဆင်သည် “ဓနပါလ’’ဟု အမည်တွင်လေသည်။
နာဠာဂီရိဆင်သည် မြတ်စွာဘုရားကို အရိုအသေပြုကာ နောက်သို့တဖြည်းဖြည်းဆုတ် လျက်သူ၏ဆင် တင်းကုပ်ဆီသို့ ပြန်သွားလေတော့သည်။

၇။ နန္ဒောပနန္ဒ နဂါးကို အောင်တော်မူခြင်း

နန္ဒောပနန္ဒ နဂါးမင်းကား နတ်နဂါးမျိုးနွယ်ဖြစ်၏ ။ အလွန်ကြီးကျယ်သော ကိုယ်ခန္ဓာ ကို ဖန်ဆင်းနိုင်၏ ၊ အလွန် ပြင်းထန်သော အခိုးအငွေ့များ၊ မီးလျှံများ ၊နှာခေါင်းလေများကို လွှတ်လျက် သတ္တ၀ါများကို သတ်ဖြတ်နိုင်၏ ။ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကိုမသိ ၊ မိစ္ဆာအယူကို စွဲယူ၏ ။
သူသည် နတ်နဂါးတို့စီစဉ်ထားသော သေသောက်ပွဲသဘင်ကို ပျော်ရွင်ခံစားရန် နတ်ပလ္လင်ထက်မှာ နတ် နဂါးမင်းတို့၏ ဣနြေ္ဒဖြင့် ထိုင်နေလေသည်။ သူ့အား နတ်ထီးဖြူကြီးကို ဆောင်မိုးပေးထားကြ၏ ။ အကြီးအ လတ် အငယ် အရွယ်စုံ နတ်နဂါးမ ကချေသည်များ၊ အခြွေအရံ နတ်နဂါးပရိသတ်များက သူ့အား ၀န်းရံ ခစား နေကြလေသည်။
ထိုနေ့တွင် မြတ်စွာဘုရားသည် လောကရှိ ကျွတ်ထိုက်သော သတ္တ၀ါများကို မဟာကရုဏာဉာဏ်တော်ဖြင့် ကြည့်တော်မူသောအခါ နန္ဒောပနန္ဒ နဂါးမင်းကို မြင်တော်မူ၍ နောက်ပါ ရဟန်းငါးရာနှင့်အတူ နန္ဒောပနန္ဒ နဂါး မင်း၏ သေသောက်ပွဲသဘင်း အခမ်းအနားပေါ်မှ ဖြတ်ကျော်၍ တာဝတိံသာ နတ်ပြည်သို့ ကြွချီ တော်မူလေသည်။
နန္ဒောပနန္ဒ နဂါးမင်းသည် မြတ်စွာဘုရားနှင့် သံဃာတော်များကို မြင်လျှင်-
“ဤရဟန်းတို့သည် ငါတို့ထက်မှ တာဝတိံသာနတ်ပြည်သို့ ၀င်ထွက်သွားလာလေ့ရှိ ကြ၏ ၊ ယခုလည်း ငါတို့ အပေါ်သို့ ခြေမှုန့်များ ကြဲချလျက်သွားကြပြန်သည် ၊ ဤရဟန်းတို့အား သွားခွင့်မပေးတော့အံ့’’ ဟုဒေါသ တကြီးပြောဆို ဆုံးဖြတ်၏ ။ ထို့နောက် ရတနာပလ္လင်ထက်မှထ၍ မြင်းမိုရ်တော်ခြေသို့ သွားပြီးလျှင် အလွန် ကြီးမားသော ကိုယ်ခန္ဓာကြီး ကိုဖန်ဆင်းလျက် မြင်းမိုရ်တော်ကို ခုနစ်ပတ်ရစ်ပတ်၏ ။ အလွန်ကြီးမားသော ပါးပျဉ် ကြီးဖြင့် တာဝတိံသာနတ်ပြည်ကို မမြင်ရအောင် ဖုံးအုပ်ကွယ်ကာလျက် အမှောင်ထုကြီး ကိုဖန် ဆင်းထားလေသည်။
မြင်းမိုရ်တောင်၊ တောင်ရံခုနှစ်လုံး ၊တာဝတိံသာနတ်ပြည်၊ ဝေဇတန္တာပြာသာဒ် ၊ သိကြားမင်းအလံတော်များကို မမြင်ရသောအခါ အရှင်ရဋ္ဌပါလ က မြတ်စွာဘုရားကို မေးလျှောက်၏ ။ မြတ်စွာဘုရားက မိန့်ကြားသဖြင့် နန္ဒော ပနန္ဒ နဂါးမင်းကြောင့်ဟု သိရသောအခါ အရှင်ရဋ္ဌပါလ ၊ အရှင်ဘဒ္ဒိယ ၊ အရှင်ရာဟုလာ စသော ရဟန်းတော် များက နဂါးမင်းကို ဆုံးမခွင့်တောင်းကြသည်။ မြတ်စွာဘုရားက ခွင့်ပြုတော်မမူ၊ အရှင်မောဂ္ဂလ္လာန် ခွင့်တောင်း သောအခါမှသာ ခွင့်ပြုတော်မူ၏ ။
အရှင်မောဂ္ဂလ္လန်သည် နဂါးမင်းထက် ပိုမိုကြီးမားသောကိုယ်ခန္ဓာကို ဖန်ဆင်းလျက် နဂါးမင်း၏အခွေပေါ်မှ တစ်ဆယ့်လေးပတ်ရစ်ပတ်လိုက်၏ ။ ပိုမိုကြီးမားသော ပါးပျဉ်းကြီးဖြင့် နဂါးမင်း၏ ပါးပျဉ်းပေါ်အုပ်မိုးပြီး နဂါး မင်းကြီးကို မြင်းမိုရ်တော်ဖြင့် ဖိညှပ်ထား၏ ။ နဂါးမင်းက အလွန်ပြင်းထန်သော အခိုးအငွေ့များကိုလွှတ်သော အခါ အရှင်မောဂ္ဂလ္လန်ကလည်း ထို့ထက် ပိုမိုပြင်းထန်သော အခိုးအငွေ့ကို လွှတ်၏ ။ နဂါးမင်းက မီးအလျှံများ ကို လွှတ်ပြန်လျှင်လည်း အရှင်မောဂ္ဂလ္လန်က ပိုမိုပြင်းထန်သော မီးအလျှံများကို လွှတ်ပြန်၏ ။ နဂါးမင်း၏ အခိုး အငွေ့နှင့် မီးလျှံများသည် အရှင်မောဂ္ဂလ္လန်ကို မည်သို့မျှ အထိခိုက်စေနိုင်သော်လည်း အရှင်မောဂ္ဂလ္လန်
လွှတ်သောအခိုးအငွေ့များသည် နဂါးမင်းကို ပူလောင်ထိခိုက်စေလေသည်။
နဂါးမင်းက မည်သူနည်ဝါဖြစ်ကြောင်းမေး၍ အရှင်မောဂ္ဂလ္လန်ဖြစ်ကြောင်း ပြောလျှင်-
“ သို့ဖြစ်လျှင် ပကတိရဟန်းအသွင်ပြလော့’’ ဟုနဂါးမင်းက ဆိုသဖြင့် အရှင်မောဂ္ဂလ္လန် သည် ပကတိရဟန်း အသွင်ဖြင့် နဂါးမင်း၏ လက်ယာနားမှ ၀င်၍ လက်ဝဲနားဖြင့် ထွက်၏ ။ လက်ဝဲနားမှ ၀င်၍ လက်ယာနား ဖြင့်ထွက်၏ ။ နဂါးမင်း၏ နှာခေါင်းပေါက်ဝမှ ၀င်၍ လက်ယာလက်ဝဲနားတို့မှ ထွက်၏ ။ နဂါးမင်း၏ ခံတွင်းမှဝင် ၍ ၀မ်းတွင်း၌လည်း လူးလာတုံ့ခေါက်စင်္ကြံလျှောက်ပြ၏ ။
ထိုစဉ်မြတ်စွာဘုရားက-
“ချစ်သား မောဂ္ဂလ္လန်…ကြပ်ကြပ် သတိထားလော့၊ နဂါးမင်းသည် အလွန်တန်ခိုးကြီးပေ
၏’’ ဟု သတိပေးတော်မူ၍ -
“မြတ်စွာဘုရား- တပည့်တော်သည် ဣဒ္ဓိပါဒ်လေးပါး၊ အလေ့အကျင့်ဝသီဘော် ငါးမျိုးတို့ကို နိုင်နိုင်နင်းနင်း ပွားများပြီးဖြစ်ပါသည်။ နန္ဒောပနန္ဒ ကဲ့သို့ နဂါးမင်းပေါင်း အထောင်အသိန်းကိုသော်လည်း ဆုံးမေနိုင်ပါသည်’’ ဟု အရှင်မောဂ္ဂလ္လန်က ပြန်လည်လျှောက်ထားလေသည်။
နဂါးမင်း၏ ၀မ်းတွင်း၌ အရှင်မောဂ္ဂလ္လန် စင်္ကြံလျှောက်နေစဉ် နဂါးမင်းက “ယခုတစ်ခါ ထွက်လာလျှင် အရှင် မောဂ္ဂလ္လန်ကို ကျွတ်ကျွတ်ဝါး၍ စားပေအံ့’’ ဟုကြံစည်ပြီး “အရှင်ဘုရား အပြင်ထွက်ပါလော့’’ ဟုဆို၏ ။ အရှင် မောဂ္ဂလ္လန် အပြင်ထွက်၍ ရပ်တော်မူစဉ် နဂါးမင်းသည် အလွန်ပြင်းထန်သော နှာခေါင်းလေကို မှုတ်၏ ။ အရှင် မောဂ္ဂလ္လန်က စတုတထ္ထဈာန်ကို လျင်မြန်စွာ ၀င်စား၍ ကာကွယ်လိုက်သည်။
အခြားရဟန်းတော်များသည် တန်ခိုးပြာဋိဟာတို့ကို များပြားစွာပြသနိုင်စွမ်းရှိ သော်လည်း ယခုကဲ့သို့ နှာခေါင်းလေမှုတ်ခြင်းကို လျင်မြန်စွာကာကွယ်ရာ၌ကား မြတ်စွာဘုရားမှတပါး အရှင်မောဂ္ဂလ္လန်သာ စွမ်း နိုင် သဖြင့် မြတ်စွာဘုရားက အရှင်မောဂ္ဂလ္လန်ကိုသာ ဆုံးမခွင့် ပြုခြင်းဖြစ်လေသည်။
ထို့နောက် အရှင်မောဂ္ဂလ္လန်သည် ဂဠုန်ငှက်မင်းအသွင် ဖန်ဆင်း၍ အလွန်ပြင်းထန်သော လေအဟုန်ကို တိုက် ခတ်ပြလိုက်၏ ။ နဂါးမင်းကြောက်၍ ပြေးလေလျှင် နောက်မှ အစဉ်တစိုက်လိုက်၏ ။ နဂါးမင်းသည် ပြေး၍ မလွတ်နိုင်ကြောင်းသိလျှင် လုလင်ငယ်၏အသွင် ဖန်ဆင်း၍-
“အရှင်ဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏’’ ဟုလျှောက်ကာ အရှင်မောဂ္ဂလ္လန်၏ ခြေတော်အစုံကို ရိုသေစွာ ရှိခိုး လေသည်။ ထိုစဉ်အရှင်မောဂ္ဂလ္လန်က -
“နန္ဒောပနန္ဒ ……မြတ်စွာဘုရား ကြွတော်မူလာပြီ၊ လာလော့၊ မြတ်စွာဘုရားထံ သွားကြစို့’’ ဟုမိန့်ဆိုကာ နဂါး မင်းကို မြတ်စွာဘုရားထံ ခေါ်ဆောင်သွားလေသည်။
မြတ်စွာဘုရားထံရောက်လျှင် နဂါးမင်းက ရိုသေစွာ ရှိခိုးပြီး-
“မြတ်စွာဘုရား…….အရှင်ဘုရားတို့ကို တပည့်တော် ကိုးကွယ်ဆည်းကပ်ပါ၏ ’’ ဟု လျှောက်ထားကာ သရဏဂုံ ဆောက်တည်၍ ဥပါသကာအဖြစ်ခံယူလေသည်။

၈။ ဗကဗြဟ္မာကို အောင်တော်မူခြင်း

ဗကဗြဟ္မာသည် ပထမဈာန်ဘုံ၌နေသော မဟာဗြဟ္မာကြီးဖြစ်၏ ။ သူ၏တန်ခိုး အာဏာသည် လောကဓာတ် စကြ၀ဠာပေါင်း တစ်ထောင်အတွင်း၌ ပျံ့နှံ့၏ ။ ကျော်စောသတင်း ကြီး၍ အချွေအရံလည်း များပြား၏ ။ သူ သည်ဗြဟ္မာဘုံ၌ အနေကြာလာခဲ့ သဖြင့် အတိတ်ဖြစ်စဉ်များကို မေ့ပျောက်ပြီး ဤကိုယ်ခန္ဓာနှင့် ဗြဟ္မာ လောက သည် မပြိုမကွဲ အစဉ်မြဲ၏ ၊ ထာဝရခိုင်ခံ့ တည်တံ့၏ - စသည်ဖြင့် သဿသမိစ္ဆာအယူကို စွဲယူလေသည်။
မြတ်စွာဘုရားသည် ဥက္ကဋ္ဌမြို့ ၊ သုဘဂတောအုပ် ၊ အင်ကြင်းပင်ရင်း၌ သီတင်းသုံးနေ တော်မူစဉ် ဗကဗြဟ္မာ၏ မိစ္ဆာဒိဌိစိတ်အကြံကို သိတော်မူ၍ ဗကဗြဟ္မာကြီးကို ဆုံးမကယ်ချွတ်ရန် ဗြဟ္မာပြည်သို့ ကြွတော်မူသည်။ မြတ်စွာဘုရားကိုမြင်လျှင် ဗကဗြဟ္မာကြီးက နှုတ်ခွန်းဆက်စကားကို ပြောဆိုပြီးနောက်-
“ဤခန္ဓာကိုယ်နှင့် ဗြဟ္မာလောကသည် မပြိုမကွဲ အစဉ်အမြဲ၏ ၊ ထာဝရခိုင်ခံ့တည်တံ့၏’’ စသည်ဖြင့် သူ၏ သဿသမိစ္ဆာဒါဌိအယူကို ပြောဆိုသည်။ ထက်ရပ် ၀န်းကျင်မှ ရောက်လာကြသော ဗြဟ္မာပရိသတ်ရှေ့မှာ မြတ်စွာဘုရားက-
“အချင်းတို့…..ဗကဗြဟ္မာသည် မိုက်မဲလှ၏ ၊ ဗကဗြဟ္မာသည် မမြဲသောတရားကို မြဲ၏ ဟုဆို၏ ။ မခိုင်ခံ့ မတည်တံ့ ၊ ပြီးပြည်စုံခြင်းမှရှိ၊ မရွေ့လျောတတ်ဟုဆိုလေသည်။ (ပထမဈာန်) ဗြဟ္မာဘုံလောက၌ ပဋိသန္ဓေ နေသူ၊ အိုသူ၊ သေသူ၊ ရွေ့လျားသူ၊ တဖန်ရောက် လာသူများ ရှိနေပါလျက် မရှိဟုလည်းဆို၏ ၊ ဤ ပထမဈန်လောကမှ တပါး ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ဗြဟ္မာဘုံလောကများ၊ မဂ်ဖိုလ်နှင့် နိဗ္ဗန်ဟူသော သာလွန် မြင့်မြတ် သောထွက်မြောက်ရာ များရှိပါလျက် မရှိဟုလည်းဆို၏’’ စသည်ဖြင့် ဗကဗြဟ္မာကြီး၏ မိစ္ဆာဒိဌိအယူမှားကို သုံးသပ်ဝေဖန်၍ ဟောပြတော်မူလေသည်။
ထိုအခါ ဗကဗြဟ္မာက သူသည် အမှန်ကိုသာ ယူဆပြောဆိုခြင်း ဖြစ်ကြောင်း မြတ်စွာဘုရား၏ မိန့်ဆိုချက်ကို ငြင်းပယ်လေသည်။ ထို့ပြင်“ ရဟန်းကြီး……ဤလောက၌ သင့်ထက်ရှေးကျသော သမဏဗြာဟ္မဏတို့သည် ဤခန္ဓာကိုယ်နှင့် ဗြဟ္မာလောကမှ တပါးအခြားလွတ်မြောက်ရာ ရှိ မရှိကို သိကြ၏ ။ သင်သည် အခြားလွတ် မြောက်ရာကို တွေ့လိမ့်မည်မဟုတ်’’ ဟုပြောဆိုပြန်လေသည်။ မြတ်စွာဘုရားက-
“ဗြဟ္မာ…ဤပထမဈာန်ဘုံလောကမှ တပါးသော ဘုံဘ၀ လောကများရှိသေးသည် သာ။ သင်သည် အာဘဿရ ဗြဟ္မာ့ဘုံဘ၀မှ စုတေခဲ့၍ ဤပထမဈာန်ဘုံဘ၀သို့ ရောက်လာ ရသူဖြစ်၏ ။သင်သည် ဤ ဘုံဘ၀၌ အနေကြာခဲ့၍ သတိမေ့နေခြင်း ဖြစ်သည်။ ထိုအာဘဿရဘုံဘ၀ကို သင်ကမသိမမြင်တော့သော်လည်း ငါဘုရားသိမြင်၏’’ ဟုထုတ်ဖော် ဟောပြတော်မူလေသည်။
ထိုမျှမက ဗကဗြဟ္မာ၏ ရှေးဘ၀က ကျင့်ခဲ့သော တရားများ၊ ဝေဟပ္ဖိုလ်ဘုံ၊ သုဘကိဏှဘုံ ၊ အာဘ ဿရ ဘုံများ၌ ဗကဗြဟ္မာဖြစ်ခဲ့ ပုံများ၊ ရှေးလူဘ၀တွင် ဗကဗြဟ္မာလောင်း ရသေ့ကြီး ပြုလုပ်ခဲ့သော ကုသိုလ် ကံများ ကိုပါ အကျယ်တ၀င့် ဟောပြတော်မူလေရာ ဗကဗြဟ္မာကြီးသည် အတိတ်ဘ၀ဖြစ်စဉ်မျာိးကု ထင်မြင်မှတ်မိ သတိရလာလေ၏ ။
ထို့ပြင် မြတ်စွာဘုရားက ပထ၀ီဓာတ်စသော သဘောတရား အားလုံးတို့၏ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ပုံနှင့် နိဗ္ဗန်သဘောကို ဆက်လက်ဟောပြတော်မူရာ-
ဗကဗြဟ္မာကြီးသည် မိမိ၏ သဿသမိစ္ဆာဒိဌိအယူဝါဒကို စွဲမြဲစွာ ဆုပ်ကိုင်မထားနိုင် တော့ချေ။ သို့ရာတွင် မိမိ၏အရှုံးကို ဖုံးကွယ်လို၍ တန်ခိုးချင်းပြိုင် ရန်ပြောဆိုသည်။
“ရဟန်းကြီး…..သင်၏ အရှေ့မှောက်၌ ယခုပင် ကျွန်ုပ်ကွယ်လိုက်မည်၊ တွေ့အောင်ရှာလော့’’ ဟု ဗကဗြဟ္မာကြီးက ပြောဆိုလျှင် မြတ်စွာဘုရားက “သင်စွမ်းနိုင်လျှင် ကွယ်လိုက်လော့’’ ဟုမိန့်ဆို၍ ဗကဗြဟ္မာကြီး၏ ကိုယ်ကို ကွယ်ဖျေက်၍ မရအောင် တန်ခိုးဖြင့် တားတော်မူလိုက်သည်။
ဗကဗြဟ္မာကြီးသည် မည်သို့မျှ ကိုယ်ကို ကွယ်ပျောက်အောင် မပြုလုပ်နိုင်ချေ။ ဗကဗြဟ္မာကြီးသည် ကိုယ်ကို အမှောင်ထုဖြင့် ဖုံးလွှမ်းလိုသဖြင့် အမှောင်ထုကြီးကို ဖန်ဆင်းပြန်လေသည်။ မြတ်စွာဘုရားက အမိုက် မှောင်ထု ကိုလည်း တန်ခိုးဖြင့်ပယ်ဖျက်ပစ် တော်မူ၏ ။ ဗကဗြဟ္မာကြီးသည် မြတ်စွာဘုရားရှေ့မှာ ကိုယ်ကို ကွယ်ပျောက်အောင် မစွမ်ဆောင်နိုင်သဖြင့် ဘုံဗိမာန်နှင့် ပဒေသာပင်အတွင်းသို့ ၀င်၍ ပုန်းအောင်းနေ၏ ။ သို့ရာတွင် သူ့ကို ဗြဟ္မာပရိသတ်က မြင်နေကြရ၏ ။ မကြံသာသည့်အဆုံး ဆောင့်ကြောင့် ကုပ်ကုပ် ကလေးထိုင်နေသော ဗကဗြဟ္မာကို မြင်နေကြရသော ဗြဟ္မာပရိသတ်များအဖို့ ရယ်ရွှင်ဖွယ် ဖြစ်နေတော့၏ ။
ဗြဟ္မာများက ပြောင်လှောင်သဖြင့် ဗကဗြဟ္မာကြီး မျက်နှာ အသာအယာ ရှိလေ၏ ။
“ဗြဟ္မာ…….သင် မပုန်းကွယ်နိုင်လျှင် ငါဘုရားပုန်းကွယ်ပြမည်’’ ဟုမြတ်စွာဘုရားက မိန့်တော်မူပြီး ဗြဟ္မာပရိသတ်၏ ရှေ့မှောက်မှာ ခန္ဓာကိုယ်တော်ကို ကွယ်ပျောက်စေတော်မူ လေသည်။ မြတ်စွာဘုရားကို မည်သူမျှမမြင်ကြရတော့ချေ။ မြတ်စွာဘုရားက ထိုသို့ ကွယ်ပျောက်နေလျက် ကပင်တရားဓမ္မကို ဟောပြတော်မူလေ၏ ။
“အို ဗြဟ္မာအပေါင်းတို့- ငါဘုရားသည် ကာမ ရူပ အရူပ ဘုံဘ၀တို့၌ ပဋိသန္ဓေ နေကြသူတို့၏ အို နာ သေ ဘေးကို သိမြင်တော်မူ၏ ၊ နိဗ္ဗာန်ကို ရှာဖွေရင်း လမ်းမှားနေကြသော သတ္တ၀ါတို့၏ ထိုထို ဘုံဘ၀တို့၌ မရပ်မနား ဖြစ်ပွားကြရခြင်း၊ ဆင်းရဲဒုက္ခ၌ စွဲလမ်းနေခြင်းကို လည်း မြင်တော်မူ၏ ။ ထို့ကြောင့် ငါဘုရားသည် မြဲ၏ဟု အထင်မမှားတော့ပြီ။ ထိုထိုဘ၀တို့၌ စွဲလမ်းတတ်သော တဏှာကိုလည်း မဂ်လေးပါးဖြင့် ပယ်ဖြတ်ပြီးဖြစ်၍ စွဲလမ်းတပ်မက်မှု ကင်းကွာခဲ့ချေပြီ’’ ။
ဗြဟ္မာပရိသတ်သည် မြတ်စွာဘုရား၏ ရုပ်ဆင်းတော်ကို မမြင်ရဘဲ သာယာချိုမြိန်သော အသံတော်ကိုသာ ကြားနေကြရလေ၏ ။ မြတ်စွာဘုရား ဟောကြားသော တရားတော်ကို နာယူရသဖြင့် ဗြဟ္မာအများ တရားသိမြင်ကျွတ်တမ်း ၀င်ကြလေသည်။
ဗကဗြဟ္မာကြီးလည်း မြတ်စွာဘုရား၏ ဂုဏ်တော်များကို ချီးမွမ်းပြောဆိုပြီး မိစ္ဆာအယူကို စွန့်လေတော့သည်။

စာရေးသူမှတ်ချက်။ ။ ဓမ္မမိတ်ဆွများ ဗဟုသုတ ရနိုင်ကြပါစေ။





















အပြည့်အစုံသို့...

Friday, November 21, 2008

သာဝတ္တိပြည်အနာထပိဏ်သူဌေးကြီးနှင့်ဝိသာခါ ကျောင်းအမကြီး တို့၏သာသနာ အတွက် အလှူပြုပုံများ

ဘုရားလက်ထက်တော်က ကောသလတိုင်း သာဝတ္တိပြည်၌ လူဦးရေ ၇-ကုဋေရှိသည်။ ၅-ကုဋေမှာ အရိယာဖြစ်၍ ကျန် ၂-ကုဋေမှာ ပုထုဇဉ်များဖြစ်ကြ၏ ။ သာဝတ္တိပြည် အနာထပိဏ်နှင့် ၀ိသာခါတို့သည် သာသနာကို ထောက်ပံ့ရာ၌ ထင်ရှားသူနှစ်ဦးဖြစ်သည်။

ကျောင်းဒကာကြီး အနာထပိဏ်

အနာထပိဏ်၏ ငယ်မည်မှာ သုဒတ္တဖြစ်၍ ရာဇဂြိုလ်သူ သူဌေးဝိသာလ၏ နှမ ပုညလက္ခဏာနှင့် ထိမ်းမြားခဲ့သည်။ ကာဠမည်သော သားနှင့် မဟာသုဘဒ္ဒါ ၊ စူဠသုဘဒ္ဒါ သုမနာသာသမီးသုံးယောက် ထွန်းကားခဲ့သည်။ ဘုရားရှင်သည် ဒုတိယ၀ါအဖြစ် ရာဇဂြိုလ်၌ သီတင်းသုံးတော်မူသော နှစ်မှာပင် အနာထပိဏ်သည် ရာဇဂြိုလ်သို့ အရောင်းအ၀ယ်သွားရာမှ မြတ်စွာဘုရားအား ဖူးတွေ့ရပြီး သောတာပန်အရိယာ ဖြစ်ခဲ့သည်။

သာဝတ္တိပြည်သို့ ကြွရောက် သီတင်းသုံးပါရန်လည်း ဘုရားရှင်အား ပင့်လျှောက်ခဲ့သည်။
သူဌေးကြီးသည် သာဝတ္တိပြည် ဇေတမင်းသား၏ ၁၆-ပယ် ကျယ်သော ဥယျာဉ်မြေကို ငွေ အသပြာ ၁၈-ကုဋေဖြင့်ဝယ်ယူကာ ‘ဇေတ၀န်’အမည်ဖြင့် ကျောင်းတော် ဆောက်လှူသည်။ ဂန္ဓကုဋီကျောင်းတော် အပါအ၀င်ကျောင်းပေါင်း များစွာကို အလုပ်သမား တစ်ထောင်ဖြင့် ခြောက်လ ဆောက်လုပ်ရသည်၊ ၁၈-ကုဋေကုန်ကျလေသည်။ ဇေတ ၀န်ကျောင်းတော်ကြီး ပြီးစီးသောအခါ ဘုရားရှင်ကို ပင့်ဖိတ်ပြီး ၁၈-ကုဋေအကုန်ခံ၍ ခမ်းနားစွာ ရေစက်ချပွဲ ကျင်းပလှူဒါန်းသည်၊ သံဃာတော်တစ်ထောင် နေ့စဉ်ဆွမ်းကပ်သည်။
အိမ်ရှိအမှုထမ်းအားလုံး ဥပုသ်နေ့တွင်ရှစ်ပါးသီလစောင့်ထိန်းကြရသည်။ နို့စို့ကလေး များပင် မွန်းလွဲချိန်၌ နို့မတိုက်ဘဲ ပါးစပ်ကို ရေပတ်တိုက်ပြီး စတုမဓုကိုသာ ခွံ့ကျွေးရသည်။ ၅၄-ကုဋေသော အသပြာငွေကို သာသနာတော် အတွက် လှူဒါန်းခဲ့သော သူဌေးကြီး ဖြစ်လေသည်။
အနာထပိဏ်နှင့် ၀ိသာခါကျောင်းအမကြီးတို့အိမ်၌ သံဃာတစ်ထောင်စီ သီတင်း သုံးနိုင်အောင် နေရာထိုင်ခင်းများနှင့် အချိန်မရွေး ဆက်ကပ်နိုင်အောင် ပစ္စည်းလေးပါး စားသောက်ဖွယ်များကို အသင့်စီမံ ထားရှိကြလေသည်။


ကျောင်းအမကြီး ၀ိသာခါ

ဝိသာခါကျောင်းအမကြီးကား သာကေတမြို့ ဓနဉ္စယသူဌေးကြီး၏ သမီးဖြစ်၍ ရ-နှစ်သမီးအရွယ်ကပင် သောတပန်တည်ခဲ့သူဖြစ်သည်။ မေဏ္ဍကသူဌေးကြီး၏ မြေးဖြစ်၏ ။ သာဝတ္တိပြည်မှ ချမ်းသာကြွယ်ဝသော မိဂါရသူဌေးကြီး၏သား ပုည၀ဎုနနှင့် ထိမ်မြားခဲ့သည်။ ၀ိသာခါအတွက် ရွှေစင်နိက္ခတစ်ထောင်အလေးချိန်ရှိပြီးပတ္တမြား၊ပုလဲ စသောရတနာ ခုနစ်ပါးဖြင့် စီခြယ်ထားသော အသပြာ ၉-ကုဋေတန် မဟာလတာ တန်ဆာပြုလုပ်ပြီး ဖခင်ကြီးက လက်ဖွဲ့သည်။ ဦးခေါင်း၌ စွပ်လိုက်လျှင် ခြေဖမိုးအထိရောက်သည်။ အခြားရတနာ မျိုးစုံကိုပါ လက်ဖွဲ့ပြီး၊ ဆုံးမ သြ၀ါဒပေးကာ သာဝတ္တိပြည်သို့ ထည့်လိုက်သည်။
ယောက္ခမသူဌေးကြီးသည် ယခင်က တိတ္ထိတို့ကို ကိုးကွယ်သော်လည်း ၀ါသာခါ၏ ကျေးဇူးကြောင့် ဘုရားရှင်ကို ကိုးကွယ်လာရာမှ ၀ိသာခါလည်း ‘မိဂါရမာတာ မိဂါရ သူဌေးကြီး၏မိခင်’ ဟုပင် ခေါ်တွင်လာလေသည်။ အသက်၁၂၀-ရှည်၍ ဆံဖြူသွားကျိုး ခြင်းမရှိ၊ အစဉ်နုပျိုနေသည်။
တနေ့သော တရားပွဲတစ်ခုတွင် တရားနာလာရာ မဟာလတာတန်ဆာကို ချွတ်၍ ကျွန်မကို သိမ်းထားခိုင်းသည်။ တရားပွဲပြီ၍ ပြန်လျှင် ကျွန်မမေ့ကျန်ခဲ့သဖြင့် အရှင်အာနန္ဒာ မထေရ်က သိမ်းထားခဲ့သည်။ ရဟန်းတော်များအတွက် ဖြစ်သင့်သည်ဟု ကြံစည်ကာ ထိုတန်ဆာကို ရောင်းချအဖိုးထား၍ သာဝတ္တိမြို့တွင် ဇေတ၀န်ကျောင်းတိုက်ကြီးနှင့်အလားတူ ပုဗ္ဗာရုံကျောင်းတော်ကြီး ဆောက်လုပ်သည်။ သာဝတတ္တိမြို့၏ အရှေ့ဘက်၌ တည်ရှိ၍ ရှစ်ပယ်ကျယ်သည် ၊၉-ကုဋေဖြင့် မြေ၀ယ်ယူသည်။ ၉-လတိုင်တိုင် ကျောင်းများစွာကို ဆောက်လုပ်ရ၏။ ၉-ကုဋေကုန်ကျသည်။ ရေစက်ချပွဲ ခမ်းနားစွာ ပြုလုပ်ပြီး ၂၇ကုဋေသော အသပြာကို သာသနာတော်အတွက် စွန့်လှူခဲ့သည်။ ဤကဲ့သို့ ပစ္စည်းလေးပါး လှူဒါန်းမှု၌ အလွန်မွေ့လျော်ကြသောကြောင့် အနာထပိဏ်သူဌေးအား လှူဒါန်းစွန့်ကြဲသည့် အမျိုးသား များတွင် အသာလွန်ဆုံးဖြစ်သည့် ဒါယကာဧတဒဂ်ဘွဲ့ကို ချီးမြှင့်တော်မူ၍ ၀ိသာခါ ကျောင်းအမကြီးအား လှူဒါန်းစွန့်ကြဲသည့် အမျိုးသမီးများတွင် အသာလွန်ဆုံး ဖြစ်သည့် ဒါယိကာမဧတဒဂ် ဘွဲ့ကို ချီးမြှင့်တော်မူခဲ့သည်။
ဘုရားရှင်သည် ၄၅-၀ါအနက် ဇေတ၀န်ကျောင်းတော်တွင် အချိန်အကြာမြင့်ဆုံး ၁၉-၀ါတိုင်တိုင် သီတင်းသုံးတော်မူသဖြင့် သာဝတ္တိပြည်၌ ဟောသော တရားများသည် အများဆုံး ဖြစ်တော့သည်။ပုဗ္ဗာရုံကျောင်းတော်တွင် ၆-၀ါသီတင်းသုံးတော်မူသည်။



အပြည့်အစုံသို့...

ဘုရားရှိခိုးခြင်း

ရှိခိုးဦးချပုံ ဦးချနည်း
ဘုရားနှင့် သံဃာတော်တို့ထံ ဆည်းကပ်ရှိခိုးသောအခါ ရိုသေစွာလက်အုပ်ချီပြီးနောက် ‘‘နီး ၊ ဝေး၊ ရှေ့၊ နောက်၊ မြင့်မောက်၊ လေညာ’’ဟူသော အပြစ်ခြောက်မျိုးလွတ်သော နေရာ၌ ရှိခိုးပြီး လျှောက်ထားဖွယ် စကားတို့ကို လျှောက်ထားရမည်။
လျှောက်ထား နာယူပြီးလျှင် ရှိခိုးဦးချ၍ ပြန်ရမည်။ ပြန်သောအခါ ဘုရားရှင်နှင့် သံဃာတို့ကို ကျောပေး၍ မပြန်ဘဲ ဘက်အုပ်ချီကာ လေးငါးလှမ်းခန့်နောက်ဆုတ်ပြန်ရမည်။

ရှိခိုးခြင်း သုံးမျိုး
(၁) ထိခြင်းငါးပါးနှင့်အညီ ကိုယ်ဖြင့်ရှိခိုးခြင်း (ကာယ၀န္ဒနာ)၊
(၂) နှုတ်ဖြင့် ရွတ်ဆို ရှိခိုးခြင်း (၀စီဝန္ဒနာ)၊
(၃) စိတ်ဖြင့် ရည်မှတ် ရှိခိုးခြင်း (မနောဝန္ဒနာ)။

ထိခြင်းငါးပါး ရှိခိုးခြင်း
ဒူးနှစ်ဘက်၊ လက်နှစ်ဘက်၊ နဖူးတို့ကို မြေ၌သို့မဟုတ် ကြမ်းပြင်၌ ထိစေ၍ ရှိခိုးခြင်းသည် ထိခြင်းငါးပါးနှင့်အညီ ရှိခိုးသည်မည်၏။

ဆောင်ပုဒ်။ ။ခြေ လက် နဖူး၊ တံတောင် ဒူး ၊ ငါးဦး မြေထိစေ။

ရပ်လျက်ရှိခိုးခြင်း

လမ်းတွင် ရဟန်းသံဃာတော်တို့ကို တွေ့ဆုံသောအခါ ဦးထုပ်၊ဖိနပ်ချွတ်၍ ခြေစုံရပ်ကာ လက်အုပ်ကို ဦးထိပ်၌တင်လျက် ကိုယ်ကိုရှေ့သို့ ညွတ်ကာ ရှိခိုးရမည်။

ထိုင်လျက်ရှိခိုးခြင်း

အမျိုးသားဖြစ်လျှင် ဆောင့်ကြောင့်ထိုင်လျက်၊ အမျိုးသမီးဖြစ်လျှင် ကြုံ့ကြုံ့ထိုင်လျက် ထိခြင်းငါးပါးနှင့် အညီ တုပ်ဝပ်လျက် ရှိခိုးရမည်။
ဘုရားရှိခိုးသောအခါ ဦးစွာပထမ ဦးချရမည် ။ ဦးချသောအခါ-

ဗုဒ္ဓံ ပူဇေမိ = ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ ပူဇေမိ-ပူဇော်ပါ၏ အရှင်ဘုရား။
ဓမ္မံ ပူဇေမိ = ဓမ္မံ-တရားတော်မြတ်ကို ၊ ပူဇေမိ- ပူဇော်ပါ၏ အရှင်ဘုရား။
သံဃံ ပူဇေမိ = သံဃံ-သံဃာတော်အရှင်မြတ်ကို၊ ပူဇေမိ-ပူဇော်ပါ၏ အရှင် ဘုရား- ဟုဆို၍ ဦးချရမည်။
စာရေးသူမှတ်ချက်။ ။ထိခြင်းငါးပါးဖြင့် ရှိခိုးကန်တော့၍ ကုသိုလ်ရယူနိုင်ကြပါစေ။

အပြည့်အစုံသို့...

Friday, September 12, 2008

ရှစ်ပါးသီလ

ရှစ်ပါးသီလခံ ယူဆောက်တည်ပုံ

၁။ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ ။
၂။ ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ ။
၃။ တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ ။


သံဃာ - ယ. မဟံ ၀ဒါမိ တံ ၀ဒေထ ။
လူ - အာမ ဘန္တေ ပါအရှင်ဘုရား ။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။ (သုံးခေါက်ဆို)

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။

သံဃာ - တိသရဏဂမနံ ပရိပုဏ္ဏံ ။
လူ - အာမ ဘန္တေ ပါ အရှင်ဘုရား ။

၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၎။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၅။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၆။ ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၇။ နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိလူသန
ဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။

သံဃာ - တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ သာဓုကံ ကတွာ ဓမ္မံ
အပ္ပမာဒေန သမ္ပာဒေထ ။
လူ - အာမ ဘန္တေ ပါ အရှင်ဘုရား ။

တစ်ပါးစီ၏ အနက်အဓိပ္ပါယ်
ပါဏာတိပါတ သိက္ခာပုဒ် သိမှတ်ဖွယ်
သေစေလိုသောစိတ်ဖြင့် မည်သည့်သတ္တ၀ါ၏အသက်ကိုမဆိုသတ်ဖြတ်ခြင်းသည် ပါဏာတိ ပါတာ မည်၏ ။
အဒိန္နာဒါန သိက္ခာပုဒ် သိမှတ်ဖွယ်
ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ ၊ စာဖြင့်ဖြစ်စေ သူတပါးတို့ ကမပေးသော ဥစ္စာကို ခိုးယူခြင်း၊ ဓားပြတိုက်ခြင်း ၊ လိမ်ညာယူခြင်း၊လှည့်ပတ်ယူခြင်း၊ အရောင်းအ၀ယ်ပြုလုပ်ရား၌ အလေး တင်းတောင်း ချိန်ခွင် စသည့်ဖြင့် မမှန်မကန်ပြုခြင်း ၊ ရောင်းကုန်တိုးအောင် ရေထိုးခြင်း စသည်ဖြင့် မရိုးမသား မတရားပြုလုပ်၍ ယူခြင်းမှန်သမျှသည် အဒိန္နာဒါန ဖြစ်သည်။
အဗြဟ္မစရိယသ သိက္ခာပုဒ် သိမှတ်ဖွယ်
မမြတ်သော မေထုန်အကျင့်ဟူရာ၌ မိန်းမယောက်ျားနှစ်ဦးသားတို့၏ အချင်းချင်း ပျော်ပါး ပေါင်းသင်းမှု ကိစ္စကို မေထုန်ဟုဆိုသည်။ကာမေသုမိစ္ဆာစာရမှာမိမိတို့ ဇနီးခင်ပွန်းအချင်းချင်း ပေါင်းသင်းခွင့်ရသေးသည်၊ ဤ အဗြဟ္မစရိယ ဆောက်တည်သူတို့မှာ ဇနီး ခင်ပွန်း အချင်းချင်း သော်မှပေါင်းသင်းဆက်ဆံခွင့်မရ။ အိမ်ထောင်မရှိသော သူတော်စင်များသည် ငါးပါးသီလတွင် ကာမေသုမိစ္ဆာစာရအစား ဤအဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည်ပါက သာ၍အကျိုး ကြီးသည်။
မုသာဝါဒ သိက္ခာပုဒ် သိမှတ်ဖွယ်
နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ကိုယ်လက်လှုပ်ပြ၍ ဖြစ်စေ လိမ်ညာမှု မှန်သမျှသည် မုသာဝါဒ ဖြစ်သည်။ သို့သော်နှုတ်ဖြင့် ပြောရသော မုသားကများ၍ ၀စီဒုစရိုက်၌ထည့်သွင်းရသည်။ လိမ်လည်ပြောဆိုရာ၌ သူတပါးအကျိုးစီးပွား ပျက်စီးအောင် လိမ်ညာပြောဆိုသောမုသား မျိုးသာ အပါယ်ရောက်ကြောင်း ဖြစ်သည်။ သူတပါးအကျိုးစီးပွား အနည်းငယ် ပျက်စီး လျှင် အပြစ်ငယ်၏ ။ များစွာ ပျက်စီးလျှင်အပြစ်ကြီး၏ ။
သုဒါမေရယ သိက္ခာပုဒ် သိမှတ်ဖွယ်
သေရည် သေရက် ဘိန်း ဘင်း ကစော် လှော်စာ ကုတ်ကင်း ဆေးခြောက် ဘိန်းဖြူစသော မူးယစ်စေတတ်သော မည်သည့်ပစ္စည်းတို့ကိုမဆို သောက်စားသုံးစွဲခြင်းမပြုရ။ ထိုအရာများကို သောက်စားသုံးစွဲခြင်းသည် ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော ကြောင့် ရှောင်ကြဉ်ရသည်။
ဝိကာလဘောဇန သိက္ခာပုဒ် သိမှတ်ဖွယ်
နေလွဲသောအခါ အစာစားခြင်းမှ ရှောင်ကြဉ်ပါ၏’’ဆိုရာတွင် နေ့လယ် မွန်းတည့် (၁၂) နာရီ အချိန်မှ နောက်ပိုင်းကို နေလွဲ မွန်းလွဲဟုခေါ်သည်။ ထိုနေ လွဲသည်မှစ၍ နောက်နေ့ နံနက် အရုဏ်တက်သည့်တိုင်အောင် ထမင်းဟင်းလျာ မုန့် ပဲ သရေ စာ သစ်သီးစသည့် စား သောက်ဖွယ်ရာ ဟူသမျှကို မစားရ။ ယင်း အစားအစာများကို စားလျှင် ၀ိကာလဘောဇန သိက္ခာပုဒ်ပျက်သည်။ ဆာလောင်မွတ်သိပ်မှု ဖြစ်ခဲ့သော ဖျော်ရည် တစ်မျိုးမျိုး ကို သောက် ကောင်း၏ ။ ထန်းလျက်ကိုပင် မစားရ၊ ဖျော်ရည်လုပ်၍ သောက်ရသည်။
နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိလူသနဋ္ဌာနာ သိက္ခာပုဒ် သိမှတ်ဖွယ်
နစ္စ = ကခြင်း
ဂီတ = သီဆိုခြင်း
ဝါဒိတ = တီးမှုတ်ခြင်း
ဝိသူကဒဿန = ဆန့်ကျင့်ဘက်ကို ကြည့်ရူခြင်း
မာလာဓာရဏ = ပန်းပန်ခြင်း
ဂန္ဓဓရဏ = အမွှေး ရနံဆောင်ခြင်း
ဂန္ဓ၀ိလေပန = နံ့သာ နံ့သာပျောင်းသုံးစွဲခြင်း
မဏ္ဍန = အလှပြင်ခြင်း
ဝိဘူသန = တန်ဆာဆင်ခြင်း
ဋ္ဌာန = အကြောင်းအရာ
ဥစ္စာသယန မဟာသယနာ သိက္ခာပုဒ် သိမှတ်ဖွယ်
ဥစ္စာသယန။ ။ (မြင့်သောနေရာ) အခြေတစ်ထောင့်ထွာထက် ရှည်သော အိပ်ရာ ခုတင် ကုလားထိုင်ကြီးများစသည်‘ဥစ္စာသယန’ ဟုခေါ်သည်။ မထိုင်ကောင်း အအိပ်ကောင်း။
မဟာသယနာ။ ။ (မြတ်သောနေရာ)စည်းစိမ်ခံစားလေ့ရှိသော လူချမ်းသာများ၏ အိမ်
၌ လက်လေးသစ်မက ခမ်းနားဆန်းကြယ်သော သားမွေးအခင်း၊ ရွှေခြည် ငွေခြည်တို့ဖြင့် ချုပ်
လုပ်ထားသော ပိုးအခင်း လဲမွေ့ရာ ဂွမ်းမွေ့ရာများကို မသုံးကောင်း၊ အသုံးပြုလျှင် ဤသိက္ခာ
ပုဒ်ပျက်သည်။ အုန်းခွံအဆာသွတ် မွေ့ရာကိုမူ သုံးကောင်းသည်။ သင်ဖြူးချော ကော်ဇောမွေး
တိုစသည် တို့ကိုကားဤသိက္ခာပုဒ်အရ မြတ်သောနေရာဟုမဆိုရချေ

ရှစ်ပါးသီလစောင့်တည်ခြင်းဖြင့် ရရှိသောအကျိုးများ

ရှစ်ပါးသီလသည် အမြဲတတ်နိုင်လျှင် အမြဲစောင့်ထိန်းသင့်ပြီး ရံခါတတ်နိုင်လျှင် ရံခါ စောင့်ထိန်းသင့်သော သီလဖြစ်သည်။ လူတို့နှင့် အထူးသင့်လျော်သော သီလဖြစ်သည်။
အထူးသဖြင့် ဤရှစ်ပါးသီလကို လဆန်း(၈)ရက်၊ လဆုတ် (၈)ရက်၊ လပြည့်၊ လကွယ်နေ့များ၌ ဥပုသ်နေ့ အဖြစ်သတ်မှတ် ပိုင်းခြား၍ ကျင့်သုံးလေ့ရှိသည်။
ဤရှစ်ပါးသီလကို သာမန်စောင့်ရိုးစောင့်ရက်များတွင်သာ အကြိုအပို စောင့်သုံးသော
အားဖြင့် အဖိတ်နေ့ ဥပုသ်နေ့အထွက်နေ့များတွင်ပါ စောင့်သုံးလေ့ရှိသည်။ ဤရှစ်ပါးသီလကို
ကျင့်သုံးဆောက်တည်ခြင်းသည်-
- ဘုန်းတန်ခိုး အရှိန်အ၀ါ စည်းစိမ်ဥစ္စာ တိုးတက်မြင့်မားစေနိုင်သည်။
- စကြ၀တေးမင်း ဧကန်ဖြစ်မည့် စကြာမင်းလောင်းသည်ပင် ရှစ်ပါးသီလ
ဆောက်တည်မှသာ စကြာရတနာဆိုက် ရောက်ပြီး စကြ၀တေးမင်းအဖြစ်သို့
ရောက်ရှိနိုင်သည်။
- ဘ၀သံသရာ၌ ကောင်းရာသုဂတိသို့ ရောက်ရှိကာ လူနတ်စည်းစိမ်ချမ်းသာ
အမျိုးမျိုးကို အကြိမ်ကြိမ်ခံစားရပြီး မဂ်ဖိုလ် နိဗ္ဗာန် အထိအဆင့်ဆင့်သော အကျိုးတရားများကို ရရှိနိုင်သည်။
- မျက်မှောက်ဘ၀တွင် လူတော်လူကောင်းတစ်ယောက်ဖြစ်ကာ အပြစ်ကင်းစင်
၍ အများချစ်ခင်လေးစားမှု ယုံကြည်မှု အားထားမှုကို ခံရသည်။
- ယခုဘ၀တွင်ပင် စည်းစိမ်ဥစ္စာတို့ အစုလိုက် အပုံလိုက် တိုးတက်ကြီးပွားနိုင်သည်။
စာရေးသူမှတ်ချက်။ ။ဗုဒ္ဓဘာသာဝင်အများစုသည် မူလတန်းမှစ၍ ငါးပါးသီလကို သိရှိကြသည်။ ထိုကြောင့်သိရှိပြီးဟုယူဆ၍ ငါးပါးသီလ ဆောက်တည်ပုံကို မဖော်ပြတော့ဘဲ ရှစ်ပါးသီလဆောက်တည်ပုံကို ဖော်ပြလိုက်ပါသည်။ဓမ္မမိတ်ဆွေများ ကုသိုလ်ယူနိုင်ကြပါစေ။ (ဗုဒ္ဓသာသနာတော် အထက်တန်းအဆင့် စာအုပ်မှကောက်နုတ်တင်ပြသည်)


အပြည့်အစုံသို့...

Wednesday, September 3, 2008

ဂုဏ်တော်ကွန်ခြာ

အခက်အခဲများမှရုန်းထွက်နိုင်ပြီး လိုချင်သောဆန္ဒများပြည့်ဝစေရန် (ပုတီးစိပ်နည်း)

၁။ဂုဏ်တော်ကိုးပါး ကိုအသွားအပြန် (ပုတီးတစ်ပတ် စိပ်ရန်)
(အသေးစိတ်ကို အောက်တွင် ဖော်ပြထားပါသည်။)
၂။ အရဟံ (ပုတီးတစ်ပတ်)

၃။ဂုဏ်တော်ကိုးပါးကိုအသွားအပြန်(ပုတီးတစ်ပတ်စိပ်ရန် အောက်တွင်ပြထားသည့်အတိုင်း)

၎။ သမ္မာသမ္ဗုဒ္ဓေါ (ပုတီးတစ်ပတ်)

၅။ဂုဏ်တော်ကိုးပါးကိုအသွားအပြန်(ပုတီးတစ်ပတ်စိပ်ရန် အောက်တွင်ပြထားသည့်အတိုင်း)

၆။ ၀ိဇ္ဇာစရဏသမ္ပန္နော (ပုတီးတစ်ပတ်)

၇။ဂုဏ်တော်ကိုးပါးကိုအသွားအပြန်(ပုတီးတစ်ပတ်စိပ်ရန် အောက်တွင်ပြထားသည့်အတိုင်း)

၈။ သုဂတော (ပုတီးတစ်ပတ်)

၉။ဂုဏ်တော်ကိုးပါးကိုအသွားအပြန်(ပုတီးတစ်ပတ် စိပ်ရန် အောက်တွင်ပြထားသည့်အတိုင်း)

၁၀။ လောက၀ိဒူ (ပုတီးတစ်ပတ်)

၁၁။ဂုဏ်တော်ကိုးပါးကိုအသွားအပြန်(ပုတီးတစ်ပတ်စိပ်ရန်အောက်တွင်ပြထားသည့်အတိုင်း)

၁၂။ အနုတ္တရော ပုရိသဒမ္မသာရထိ (ပုတီးတစ်ပတ်)

၁၃။ဂုဏ်တော်ကိုးပါးကိုအသွားအပြန်(ပုတီးတစ်ပတ်စိပ်ရန်အောက်တွင်ပြထားသည့်အတိုင်း)

၁၄။ သတ္ထာဒေ၀မနုဿာနံ(ပုတီးတစ်ပတ်)

၁၅။ဂုဏ်တော်ကိုးပါးကိုအသွားအပြန်(ပုတီးတစ်ပတ်စိပ်ရန်အောက်တွင်ပြထားသည့်အတိုင်း)

၁၆။ ဗုဒ္ဓေါ (ပုတီးတစ်ပတ်)

၁၇။ဂုဏ်တော်ကိုးပါးကိုအသွားအပြန်(ပုတီးတစ်ပတ်စိပ်ရန်အောက်တွင်ပြထားသည့်အတိုင်း)

၁၈။ ဘဂ၀ါ (ပုတီးတစ်ပတ်)

ဂုဏ်တော်ကိုးပါး ကိုအသွားအပြန်စိပ်ရန် အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်သည်။
(( အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ ၊၀ိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောက၀ိဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊ သတ္ထာ ဒေ၀မနုဿာနံ ၊ဗုဒ္ဓေါ ၊ဘဂ၀ါ ၊ ဘဂ၀ါ၊ ဗုဒ္ဓေါ ၊ သတ္ထာ ဒေ၀မနုဿာနံ၊ အနုတ္တရော ပုရိသဒမ္မသာရထိ ၊လောက၀ိဒူ ၊ သုဂတော ၊ ၀ိဇ္ဇာစရဏသမ္ပန္နော၊
သမ္မာသမ္ဗုဒ္ဓေါ ၊ အရဟံ။
- အရဟံ၊အရ ဟံ
- အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ ၊ သမ္မာသမ္ဗုဒ္ဓေါ ၊အရဟံ
- အရဟံ၊သမ္မာသမ္ဗုဒ္ဓေါ ၊၀ိဇ္ဇာစရဏသမ္ပန္နော၊၀ိဇ္ဇာစရဏသမ္ပန္နော၊ သမ္မာသမ္ဗုဒ္ဓေါ၊အရဟံ
- အရဟံ၊သမ္မာသမ္ဗုဒ္ဓေါ ၊၀ိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ သုဂတော၊၀ိဇ္ဇာစရဏသမ္ပန္နော၊ သမ္မာသမ္ဗုဒ္ဓေါ ၊ အရဟံ၊
- အရဟံ၊သမ္မာသမ္ဗုဒ္ဓေါ၊၀ိဇ္ဇာစရဏသမ္ပန္နော၊သုဂတော၊လောက၀ိဒူ၊လောက၀ိဒူ၊ သုဂတော၊ ၀ိဇ္ဇာစရဏသမ္ပန္နော၊ သမ္မာသမ္ဗုဒ္ဓေါ၊ အရဟံ၊
- အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ ၊၀ိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောက၀ိဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊အနုတ္တရောပုရိသဒမ္မသာရထိ၊လောက၀ိဒူ၊သုဂတော၊၀ိဇ္ဇာစရဏသမ္ပန္နော၊ သမ္မာသမ္ဗုဒ္ဓေါ၊ အရဟံ၊
- အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ ၊၀ိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောက၀ိဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊သတ္ထာဒေ၀မနုဿာနံ၊သတ္ထာ ဒေ၀မနုဿာနံ၊အနုတ္တရော ပုရိသဒမ္မသာရထိ၊ လောက၀ိဒူ၊ သုဂတော၊၀ိဇ္ဇာစရဏသမ္ပန္နော၊ သမ္မာသမ္ဗုဒ္ဓေါ ၊ အရဟံ၊
- အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ ၊၀ိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောက၀ိဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊ သတ္ထာ ဒေ၀မနုဿာနံ ၊ဗုဒ္ဓေါ၊ ဗုဒ္ဓေါ၊ သတ္ထာ ဒေ၀မနုဿာနံ၊အနုတ္တရော ပုရိသဒမ္မသာရထ၊ လောက၀ိဒူ၊ သုဂတော၊၀ိဇ္ဇာစရဏသမ္ပန္နော၊ သမ္မာသမ္ဗုဒ္ဓေါ ၊ အရဟံ၊
- အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ ၊၀ိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောက၀ိဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊သတ္ထာဒေ၀မနုဿာနံ၊ဗုဒ္ဓေါ၊ဘဂ၀ါ၊ဘဂ၀ါ၊ဗုဒ္ဓေါ၊သတ္ထာဒေ၀မနုဿာနံ၊အနုတ္တရော ပုရိသဒမ္မသာရထ၊ လောက၀ိဒူ၊ သုဂတော၊၀ိဇ္ဇာစရဏသမ္ပန္နော၊ သမ္မာသမ္ဗုဒ္ဓေါ ၊ အရဟံ။ )) ပုတီးတစ်ပတ်ပြီး၏။

စာရေးသူမှတ်ချက်။ ။ ဂုဏ်တော်ကွန်ခြာပုတီးစိပ်နည်းကို နှစ်မျိုးစိတ်နိုင်သည်။ (၁) ၃ရက် ၊ (၂) ၃လနှင့် ၃ရက် မိမိလိုအပ်သော ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ။


အပြည့်အစုံသို့...

Saturday, August 23, 2008

ဘုရားရှင်၏(၃၂)ပါးသောလက္ခဏာတော်များ

လောက၌ သမ္မာသမ္ဓုဒ္ဓ ဘုရားစင်စစ် ဧကန်ဖြစ်သူ၏ ကိုယ်တော်၌ ယောကျာ်းးမြတ် လက္ခဏာ (၃၂)ပါး အထင်အရှား ပါရှိရမြဲ ဖြစ်၏ ။ ထို့ကြောင့် ပေါက္ခရသာတိ ပုဏ္ဏားကြီးက ထိုယောကျာ်းမြတ်လက္ခဏာအားဖြင့် ဘုရားဟုတ်၊ မဟုတ် စစ်တမ်းထုတ်ခြင်း ဖြစ်သည်။ ထိုလက္ခဏာတော်ကြီး (၃၂)ပါး ဖြစ်ပေါ်လာရပုံတို့ကို ဘုရားရှင် ဟောတော်မှုသည့်အတိုင်း တစ်ပါးစီသေးစိတ် ရှင်းပြပေထားပါသည်။

(၁) ခြေဖ၀ါးလက္ခဏာတော်
မြတ်စွာဘုရား၏ ခြေဖ၀ါးတော်သည် မြေ၌နင်းသောအခါ ရွှေခြေနင်းပမာ ညီညာစွာ ထိသော ဖ၀ါးအပြင်ရှိ၏ ။ ထိုလက္ခဏာတော်သည် မြတ်စွာ ဘုရားနှင့် စကြာမင်းတို့၏ သီးခြားလက္ခဏာ တစ်ပါးဖြစ်သည်။


ဘုရားအလောင်းတော်သည် ဘ၀များစွာတို့၌ ပါရမီကောင်းမှု မှန်သမျှမတွန့်မ ဆုတ်မြဲမြံစွာအား ထုတ်တော် မှုခဲ့သော ကြောင့်ဤလက္ခဏာ တော်ကို ရရှိတော်မူသည်။

(၂) စက်ဝန်းလက္ခဏာတော် မြတ်စွာဘုရား၏ ခြေဖ၀ါးတော်၌ အကန့်တစ်ထောင်၊ အကွပ်၊ ပုံတောင်းတို့နှင့်တကွ အခြင်းအရာ အလုံးစုံ နှင့်ပြည့်စုံသော တစ်ရာ့ရှစ်ကွက် စက်လက္ခဏ ထင်ရှားစွာ ဖြစ် ပေါ် လျက်ရှိ၏ ။ ဘုရားအလောင်းတော်သည် ဒါန ပြုလုပ်သောအခါတိုင်း အခြံအရံ ပစ္စည်းများကိုပါ ပြည့်စုံစွာ ပြု လုပ်လှူဒါန်းခဲ့သော ကောင်းမှုကြောင့် ဤလက္ခတော်ကို ရရှိတော်မူသည်။

(၃) ဖနောင့်လက္ခတော်
မြတ်စွာဘုရား၌ ရှည်လျားသော ဖနောင့်တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် ဘ၀များစွာ ကာလပတ်လုံး သူ့အသက်သတ်ခြင်းမှ ဝေးစွာရှောင်ကြဉ် စောင့်ထိန်းခဲ့သော ကောင်းမှုကြောင့်(၁)ရှည် လျားသော ဖနောင့် တော်၊ (၂) ရှည်သွယ်သောလက်ချောင်း၊ခြေချောင်းတော်၊ (၃) ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ် တော်ဟူသော ယောက်ျားမြတ်လက္ခဏာ တို့ကို ရရှိတော်မူသည်။

(၄)လက်ချောင်း၊ ခြေချောင်းလက္ခဏာတော် မြတ်စွာဘုရား၌ ရှည်သွယ်သောလက်ချောင်းတော်၊ ခြေချောင်း တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် သူတပါး အသက်သတ်မှုမှ အထူး ရှောင်ကြဉ်ခဲ့သော ကောင်းမှု ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၅) လက်ဖ၀ါး၊ ခြေဖ၀ါးလက္ခတော်

မြတ်စွာဘုရား၌ နူးညံ့နုနယ်ချောမွေ့သော လက်ဖ၀ါးတော်၊ ခြေဖ၀ါး တော်အပြင်ရှိ၏ ။ဘုရားအလောင်း တော်သည် ရှေးရှေးဘ၀ များစွာတို့၌ လူအများတို့အား သင်္ဂဟတရားလေးပါးဖြင့် ချီးမြှင့်မြှောက်စား အားပေး ကူညီမှု ပြုခဲ့သော ကောင်းမှုတော်ကြောင့် (၁) နူးညံ့ နုနယ်ချောမွေ့သော လက်ဖ၀ါးတော်၊ ခြေဖ၀ါးတော်၊ (၂) ရွှေဇာကွန်ရက် ခက်သည့်ပမာ ညီညာသော လက်ချောင်း၊ ခြေချောင်းတော်ဟူသော ယောက်ျား မြတ်လက္ခဏာ တို့ကိုရရှိတော်မူသည်။

(၆) လက်ခြေလက္ခဏာတော်

မြတ်စွာဘုရား၏ လက်တော် ခြေတော်၌ လေသာနန်းတံခါးတွင် စိုက်စီ ၍ထားသော ရွှေပွတ်လုံးတိုင် ကဲ့သို့ အကြားအထင် ညီညာသော လက်ချောင်း တော်၊ ခြေချောင်းတော် ရှိတော်မှုသည်။ ဘုရား အလောင်း တော် သည် လူအများတို့အား သင်္ဂဟတရားလေးပါး ဖြင့်ချီးမြှင့်မြှောက်စား အားပေးကူညီခဲ့သော ကောင်းမှု ကြောင့် ပင် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၇) ခြေဖမျက်လက္ခဏာတော်

မြတ်စွာဘုရား၌ အနည်းငယ်မြင့်မောက်သော ခြေဖမျက်တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် ဘ၀များစွာ တို့၌ သတ္တ၀ါတို့အား ကြီးပွားမြင့် မောက် အထက်တန်း ရောက်စေနိုင်သည့် တရားစကားများကိုသာ ကာလ ရှည်ကြာစွာ ပြောဆိုဖြည့်ကျင့်ခဲ့ရသော ကုသိုလ်တော်ကြောင့် (၁) မြုမှုန်များ မငြိမ တွယ်စဉ်းငယ်မြင့်သော ခြေဖမျက်တော်၊ (၂) မျက်နှာတော်ကို မော်၍ဖူးသည့် ပမာ အထက်သို့သာ အဖျားကော့သော မွေးညင်းတော် ဟူသော ယောက်ျား မြတ်လက္ခဏာ တို့ကို ရရှိတော်မူသည်။

(၈) သလုံးမြင်းခေါင်းလက္ခဏာတော်

မြတ်စွာဘုရား၌ ဧဏီမည်သော သားကောင်၏ သလုံးမြင်းခေါင်းကဲ့သို့ အထက်ပိုင်းသို့ အစဉ်အတိုင်း မြင့်တက် လုံးဝန်း ပြေပြစ်သော သလုံးမြင်းခေါင်း တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် မိမိထံမှောက် နည်းခံ ရောက် လာကြ သောတပည့်တို့အား ၀ိဇ္ဇာပညာအမျိုးမျိုး၊ သိပ္ပံပညာအမျိုးမျိုး၊ အကျင့်စရဏ အမျိုးမျိုးကို သင်ကြား ပေးရာ၌ ဆရာစားမချန် အပြည့်အစုံ သင်ကြားပေးခဲ့သော ကောင်းမှုကုသိုလ်တော်ကြောင့် ဤလက္ခဏာ တော်ကို ရရှိတော်မူသည်။

(၉) အရပ်တော်နှင့် အချိုးကျသွယ်လျသော လက်တော်လက္ခဏာ

မြတ်စွာဘုရား၌ ကိုယ်တော်ကို မကိုင်းညွတ်ဘဲ မတ်မတ်ရပ်လျက်ပင် နှစ်ဘက်သော လက်ဖ၀ါးပြင်တို့ဖြင့် ပုဆစ်ဒူးဝန်းနှစ်ဘက်ကို သုံးသပ်ဆုပ်နယ် နိုင်အောင် အရပ်တော်နှင့် အချိုးတကျ သွယ်လျသော လက်တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် မိမိ၏ အခြွေအရံများကို ချီးမြှင့်မြှောက် စားတော်မူသောအခါ သူ့အရည်အချင်းနှင့် သူကိုက်ညီအောင် အရည်အချင်း လိုက် ချီးမြှင့်မြှောက်စားတော် မူခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၁၀) ယောက်ျားနိမိတ်လက္ခဏာတော်

မြတ်စွာဘုရား၌ အအိမ်ဖြင့် ဖုံးအုပ်ထားသော ယောကျာ်းနိမိတ်ရှိ၏ ။ ဘုရားအလောင်းတော်သည် အချင်းချင်း စိတ်သဘောထား ကွဲပြားနေသော သူတို့ကို ညီညွတ်အောင် အချင်းချင်း၏ အပြစ်ကိုဖုံးအုပ်လျက် စေ့စပ် ပေးတော်မူခဲ့ခြင်း၊ ညီညွတ်နေသူတို့ကို မြင်လျှင်လည်း အလွန်ဝမ်းမြောက် တော်မူလျက် စည်းလုံးညီညွတ်မှု တည်မြဲအောင် အစဉ်ပြုလုပ်တော်မူခဲ့ခြင်းတို့ကြောင့် ဤ လက္ခဏာတော်ကို ရရှိတော်မူခဲ့သည်။

(၁၁) အသားတော်လက္ခဏာ

မြတ်စွာဘုရား၌ ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အသားအရေတော်ရှိ၏။ ဘုရားအလောင်းတော်သည် အမျက်ဒေါသ နည်းပါးတော်မူခဲ့၏ ။ ထွက်သော အမျက်ကိုလည်း လျင်မြန်စွာ ပယ်ဖျောက်ထိန်းသိမ်း ငြိမ်း အေးစေတော်မူခဲ့၏ ၊ ပြင်းပြင်းထန်ထန် စိတ်ပူပန်ခြင်း (ဥပါယာသတရား) နည်းပါးတော်မူခဲ့၏ ၊ နူးညံ့ ချောမွေ့ သော အခင်းအရုံ အ၀တ်အထည် တို့ကိုလည်း ပေးလှူတော်မူခဲ့၏ ။ ဤ စိတ်ထား ဤကောင်းမူ ကုသိုလ် များကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၁၂) အရေတော်လက္ခဏာ

မြတ်စွာဘုရား၌ မြုအညစ်အကြေးတို့ မလိမ်းမတင် နိုင်အောင်ပင်ချော မွေ့နူးညံ့သော အရေတော်ရှိ၏ ။
ဘုရားအလောင်းတော်သည် ပညာရှိ ရဟန်းပုဏ္ဏားတို့ထံ ကပ်ရောက်၍ မိမိစိတ်အစဉ်တွင် အကုသိုလ် အညစ်အကြေး မလိမ်းမတင်နိုင်အောင် အစဉ်သဖြင့် မေးမြန်းစုံစမ်းလေ့ရှိသော ကုသိုလ်တော်ကြောင့် ဤလက္ခဏာကို ရရှိတော်မူသည်။

(၁၃) မွေးညင်းတွင်း လက္ခဏာတော်

မြတ်စွာဘုရား၏ ကိုယ်တော်၌ မွေးညင်းတွင်း တစ်တွင်းတစ်တွင်းတွင် မွေးညင်းတော် တစ်ပင် တစ်ပင်စီသာ ပေါက်လေ့ရှိ၏ ။ ဘုရားအလောင်းတော်သည် မုသားမပါ တစ်မျိုးတည်းသော သစ္စာ စကားကိုသာ ကာလ ကြာရှည်စွာ ပြောဆိုခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတောမူခဲ့သည့် အပြင်၊ မျက်မှောင် တော်နှစ်ဘက် အလယ်ချက်၌ ဖြုစင် ၀င်းလက်သော ဥဏ္ဏလုံ မွေးရှင်တော် ပေါက်လျက်ရှိခြင်း ဟူသော ယော က်ျားမြတ်လက္ခဏာတော် တို့ကိုပါ ရရှိတော်မူသည်။

(၁၄) မွေးညင်းတော်လက္ခဏာ

မြတ်စွာဘုရား၌ မျက်နှာတော်ကို မော်၍ ဖူးသည့်ပမာအထက်သို့သာ အဖျားကော့သော မွေးညင်းတော်ရှိ၏ ။
ဘုရားအလောင်းတော်သည် ဘ၀များစွာ၌ သတ္တ၀ါတို့အား ကြီးပွားမြင့် မောက် အထက်သို့ရောက်စေနိုင်သော တရားစကားများကိုသာ ပြောဆိုခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၁၅) ဖြောင့်မတ်သော ကိုယ်တော်လက္ခဏာ

မြတ်စွာဘုရား၌ ဖြောင့်မတ်သော ကိုယ်တော်ရှိတော်မူ၏ ။ ဘုရားအလောင်းတော်သည် ဘ၀များစွာ၌ သူ့အ သက်သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့သော ကောင်းမူတော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၁၆) ပြည့်ဖြိုးသော အသားတော်လက္ခဏာ

မြတ်စွာဘုရားသည် ခြေဖမိုးတော်နှစ်ဘက်၊ လက်ဖမိုးတော်နှစ်ဘက် ၊ ပခုံးတော်နှစ်ဘက်နှင့် လည်ကုပ် တော်ဟူသောခုနစ်ဌာနတို့၌ ပြည့်ဖြိုးသော အသားတော်ရှိ၏ ။ ဘုရားအလောင်းတော်သည် ဘ၀များစွာ၌ အရ သာနှင့် ပြည်စုံသော ကောင်းမွန်မြိန်မြတ်သော ဘောဇဉ် အမျိုးမျိုးတို့ကို အပြည့်အစုံ လှူခဲ့ဖူးသော ကုသိုလ် တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၁၇) ရှေ့ပိုင်းကိုယ်တော်လက္ခဏာ

မြတ်စွာဘုရား၌ ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ ပြည့်ဖြိုးသော ကိုယ်တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် လူအများ၏ အကျိုးစီးပွားကို အလိုရှိ တော်မူခဲ့၏ ။ ‘‘ဤသူတို့အား သဒ္ဓါ ၊ သီလ ၊ သုတ ၊ ဓမ္မ ၊ စာဂ ၊ပညာ တရား များ၊ ဥစ္စာစပါး၊ လယ်ယာ ကျွဲနွား ၊ သားမယားနှင့် အလုပ်သမား ၊ကျေးကျွန် ၊ မိတ်ဆွေမွန် ၊ ဆွေမျိုးများ ကြီးပွား တိုးတက်အောင် အဘယ်သို့ ဆောင်ရွက် ပေးရပါမည်နည်း’’ ဟုလူအများ၏ ကြီးပွား တိုးတက်ရန်ကိုသာ ကြံစည် စဉ်းစား အားထုတ်တော်မူခဲ့သော ကုသိုလ်တော်ကြောင့် - (၁) ခြင်္သေ့မင်း၏ ရှေ့ပိုင်း ကိုယ်ကဲ့သို့ ပြည့်ဖြိုးသောကိုယ်တော် အပြင် (၂) ခါးတော်မှစ၍ အထက်လည် ကုပ်တော်တိုင်အောင် ရေစီးကြောင်း (ကျောရိုးကြောင်း) မထင် ပြည့်ဖြိုးညီညာ သော ကျောပြင်၊ (၃) ညီညာစွာ လုံးဝန်းသော လည်တိုင် တော်ဟူ သော ယောကျာ်းမြတ် လက္ခဏာတော်တို့ကို ရရှိတော်မူသည်။

(၁၈) ကျောက်ကုန်းတော်လက္ခဏာ

မြတ်စွာဘုရား၌ ခါးတော်မှစ၍ အထက်လည်ကုပ် တော်တိုင်အောင် ရေစီးကြောင်းမထင် ပြည့်ဖြိုး ညီညာသော ကျောပြင်ရှိ၏ ။ ဘုရားအလောင်းတော်သည် လူအများ၏ အကျိုးစီးပွား တိုးတက် တည်တံ့စေရန် ကြံစည် ပြု လုပ်သော ကောင်းမူတော်ကြောင့် ဤလက္ခဏာတော်တို့ကို ရရှိတော်မူသည်။

(၁၉) လုံးဝန်းသော ကိုယ်တော်လက္ခဏာ

မြတ်စွာဘုရား၌ အရပ်တော်နှင့် လက်အလံတော် အချိုးကျကျ အညီအမျှဖြစ်ရ၍ ပညောင်ပင် အ၀န်းကဲ့သို့ လုံးဝန်းသော ကိုယ်တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် တပည့်များအား အရည်အချင်းနှင့် ကိုက်ညီအောင် ချီးမြှင့် မြှောက်စားတော်မူ ခဲ့သောကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၀) လည်တိုင်တော် လက္ခဏာ

မြတ်စွာဘုရား၌ ညီညာစွာ လုံးဝန်းသော လည်တိုင်တော်ရှိ၏ ။ဘုရားအလောင်းတော်သည် လူအများ၏ အကျိုးစီးပွားကိုသာ လိုလားခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၁) ရသာဆောင်ကြော လက္ခဏာ

မြတ်စွာဘုရား၌ အလွန်ကောင်းမြတ် ထက်မြက်သော ရသာဆောင် ကြောများရှိ၏ ။ မြတ်စွာဘုရား၌ အဖျား ချင်းအပ် လည်မှာစွပ်လျက် တည်ရှိ ကြသော အရသာကြောပေါင်း ခုနစ်ထောင်တို့သည် နှမ်းစေ့ခန့်မျှ သေးငယ် နူးညံ့ လှသည့် အရသာကိုပင် တစ်ကိုယ်လုံး ပျံ့နှံသွားအောင် စွမ်းဆောင်နိုင် ကြ၏ ။ ဘုရား အလောင်း တော်သည် ဘ၀ပေါင်း များစွာတို့၌ သတ္တ၀ါတို့ကို တုတ် ဓား လက်နက်ဖြင့် ညှင်းပန်းနှိပ်စက်မှု ပြုတော် မမူ ခဲ့သော ကုသိုလ် တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၂) မေးတော်လက္ခဏာ

မြတ်စွာဘုရား၌ ခြင်္သေ့မင်း၏ မေးကဲ့သို့ ပြည့်ဖြိုးသော မေးတော်ရှိ၏ ။ လဆန်းပက္ခ တစ်ဆယ့် နှစ်ရက်မြောက်ည၌ ထွက်ပေါ်သောလနှင့် သဏ္ဌာန်တူ ၏ ။ ဘုရားအလောင်းတော်သည် ဘ၀ပေါင်း များစွာ တို့၌ ပြိန်ဖျင်းသေးနုပ်၍ အကျိုးမရှိသော သမ္ဖပ္ပလာပစကား ပြောကြားမှုမှ ရှောင်ကြဉ်တော်မူခဲ့သော ကုသိုလ် တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၃) သွားတော် (၄၀)လက္ခဏာတော်

မြတ်စွာဘုရား၌ အထက်သွားတော် နှစ်ဆယ်၊ အောက်သွားတော်နှစ် ဆယ်အားဖြင့် သွားတော် လေးဆယ် အစေ့အင ရှိတော်မူ၏ ။ ဘုရားအလောင်းတော်သည် ရှေးဘ၀ ပေါင်းများစွာ တို့၌ ကုန်းချော စကား ပြော ကြား ခြင်းမှ ဝေးစွာ ရှောင်ကြဉ်တော်မူခဲ့၏ ၊ စိတ်ဝမ်းကွဲပြားနေကြ သော သူတို့ကိုတွေ့လျှင် အချင်းချင်း ညီညွတ် သင့်မြတ်အောင် စေ့စပ်ပေး တော်မူခဲ့၏ ။ ညီညွတ်သူတို့ကို တွေ့လျှင်လည်း ညီညွတ်မှု မပျက်ပြားဘဲ ဆက် လက်ခိုင်မာအောင် အားပေးတော်မူခဲ့၏ ၊ အချင်းချင်း ညီညွတ်ရေးစကားကို သာပြောကြား တော်မူခဲ့သော ကုသိုလ်တော်ကြောင့် (၁) သွားတော်လေးဆယ် အစေ့အင ရှိတော်မူသည့်အပြင် (၂) သွားတော်မကျဲမကွာ စေ့စပ်စွာ တည်ရှိခြင်း ဟူသော ယောကျာ်းမြတ်လက္ခဏာ တို့ကို ရရှိတော်မူသည်။

(၂၄) ညီညာသော သွားတော်လက္ခဏာ

မြတ်စွာဘုရား၌ လွှဖြင့်ဖြတ်အပ်သော ခရုသင်းချပ် အလွှာကဲ့သို့တစ်သားတည်း ညီညာသော သွားတော် အစဉ်ရှိ၏ ။ ဘုရားအလောင်းတော်သည် ရှေးဘ၀ ပေါင်းများစွာတို့၌ မှားယွင်းယုတ် မာသော အသက် မွေးမှု မျိုးကိုပယ်၍ မှန်ကန်ဖြူစင်သော အသက်မွေးမှုဖြင့် အ သက်မွေးမြူတော်မူခဲ့၏ ။ ချိန်စဉ်းလဲစသော စဉ်းလဲမှု အမျိုးမျိုးနှင့် ကောက်ကျစ်လှည့်ပတ်မှုအ မျိုးမျိုး ၊ သူတစ်ပါးကို သတ်ဖြတ်လုယက် မြို့ရွာဖျက်လျက် နိုင်ထက်က လူပြုမူခြင်း အမျိုးမျိုးတို့မှ ဝေးစွာရှောင်ကြဉ်တော်မူခဲ့သော ကုသိုလ်တော်ကြောင့် (၁) လွှဖြင့် ဖြတ်အပ်သော ခရုသင်းချပ် အလွှာကဲ့သို့ တစ်သားတည်း ညီညာဖြူစင်သောသွားတော် (၂) သောက်ရှူးကြယ်ပမာ လွန်စွာ စင်ကြယ် ဖြူဝင်း၍ အရောင်တလက်လက် ထွက်သော စွယ်တော်လေးဆူ ဟူသော ယောကျာ်းမြတ်လက္ခဏာ တို့ကို ရရှိတော်မူသည်။

(၂၅) သွားမကျဲခြင်း လက္ခဏာတော်
မြတ်စွာဘုရား၌ ရွှေသားပျဉ်ချပ်မှာ ကောင်းစွာစိုက်စီ၍ ထားအပ်သော ၀ဇိရစိန်ရွဲ အစဉ်အတန်းကဲ့သို့ မကျဲမ ကွာ စေ့စပ်စွာတည်ရှိသော သွားတော်ရှိ ၏ ။ ဘုရားအလောင်းတော်သည် ဘ၀ပေါင်းများစွာ ကွဲပြားနေ သူတို့ ကိုညီညွတ်အောင် စေ့စပ်ပေးခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၆) စွယ်တော်လေးဆူ လက္ခဏာတော်

မြတ်စွာဘုရား၌ သောက်ရှူးကြယ်ပမာ လွန်စွာစင်ကြယ် ဖြူဝင်း၍ အရောင်တလက်လက် ထွက်သော စွယ်တော် လေးဆူရှိ၏ ။ ဘုရားအလောင်းတော်သည် ဘ၀ပေါင်းများစွာ သန့်ရှင်း ဖြုစင်စွာ အသက်မွေးလာခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၇) လျှာတော်လက္ခဏ

မြတ်စွာဘုရား၌ နီမြန်းသော အဆင်းရှိ၍ ရှည်လျား နူးညံ့ ကျယ်ပြန့် သော လျှာတော်ရှိ၏ ။ ဘုရား အလောင်း တော်သည် ရှေးဘ၀ပေါင်းများစွာတို့၌ ရုန့်ရင်းကြမ်း တမ်းစွာ ဆဲရေး တိုင်းထွာသော စကားကို ပြောကြားခြင်မှ ဝေးစွာ ရှောင်ကြဉ် တော်မူကာ အပြစ်ကင်းစင် ချစ်ခင်ဖွယ်ရာ ချိုသာ ယဉ်ကျေးသော စကားကိုသာပြောဆို တော်မူခဲ့၏ ။ ထိုကုသိုလ်တော်ကြောင့် (၁) နီမြန်းသော အဆင်းရှိ၍ ရှည်လျား နူးညံ့ ကျယ်ပြန့်သော လျှာတော် အပြင် (၂) ဗြဟ္မာမင်း၏ အသံကဲ့သို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ဟူသော ယောကျာ်းမြတ် လက္ခဏာတို့ကို ရရှိတော်မူသည်။

(၂၈) အသံတော်လက္ခဏာ

မြတ်စွာဘုရား၏ အသံတော်သည် ဗြဟ္မာမင်း၏ အသံကဲ့သို့ သန့်ရှင်းခြင်း ၊ သိလွယ်ခြင်း ၊ သာယာခြင်း၊ နာချင်ဖွယ်ရာရှိခြင်း၊ အသံလုံလုံလဲလဲရှိ ခြင်း၊ တရားနာ ပရိသတ်၏ပြင်ဘက်သို့ မထွက်ခြင်း၊ အသံတော် မတိမ်ဘဲ နက်နဲခြင်း၊ ပဲ့တင်ထပ်ခြင်း ဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၏ ၊ ကရ၀ိတ်ငှက်မင်း၏ အသံကဲ့သို့ လွန်စွာသာယာ၏ ။ ဘုရားအလောင်းတော်သည် ဘ၀များစွာ ယဉ်ကျေးသော စကားတော်ကိုသာ ဆိုခဲ့သော ကုသိုလ်တော်ကြောင့် ထိုလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၉) မျက်လုံးတော်လက္ခဏာ

မြတ်စွာဘုရား၌ ညိုသင့်ရာ အရပ်ဌာနမှာ အောင်မည်းညိုပွင့်ပမာ ညိုသောမျက်လုံးတော်ရှိ၏ ။ ဘုရား အလောင်းတော်သည် မျက်လုံးပြူး၍လည်း ကြည့်တော်မမူခဲ့ချေ၊ ရိုးဖြောင့်သော စိတ်ရှိလျက် ရိုးဖြောင့် တည်ငြိမ်စွာသာ ကြည့်တော်မူခဲ့၏။ ချစ်ကြည်သော မျက်လုံးဖြင့် လူအားလုံးးကို ကြည့်ရှူတော်မူခဲ့သော ကုသိုလ် တော်ကြောင့် (၁) ညိုသောမျက်လုံးတော်အပြင် (၂) အလွန်နူးညံ့သော မျက်တောင်မွေးတော် ဟူသော ယောကျာ်းမြတ် လက္ခဏာတို့ကို ရရှိတော်မူသည်။

(၃၀) မျက်တောင်မွေးတော်လက္ခဏာ

မြတ်စွာဘုရား၌ ဖွားသစ်စ နွားငယ်၏ မျက်မွေးကဲ့သို့ အလွန်နူးညံ့သော မျက်တောင်မွေးတော်တို့ အစီအရီ ပေါက်လျက်ရှိ၏ ။ ဘုရားအလောင်းတော်သည် လူသား အားလုံးတို့ကို ချစ်ကြည်သော မျက်လုံးဖြင့် ကြည့် ရှုခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၃၁) ဥဏ္ဏလုံမွေးရှင်တော်လက္ခဏာ

မြတ်စွာဘုရား၏ မျက်မှောင် (မျက်ခုန်း) တော်နှစ်ဘက် အလယ်ချက် တည့်တည့်၌ ဖြူစင်ဝင်းလက်သော ဥဏ္ဏလုံမွေးရှင်တော် ပေါက်လျက်ရှိ၏ ။ မွေးရှင်တော်သည် သောက်ရှူးကြယ် ပမာ လွန်စွာဝင်းလက် တောက် ပသည်။ နူးညံ့သော လဲ ၀ါဂွမ်းပမာ လွန်စွာဖြူစင် နူးညံ့သည်၊ ဆွဲ၍ဆန့်လျှင် နှစ်တောင် ခန့် ရှည်လျားသည်။ လွှတ်လိုက်သောအခါ သူ့အလိုလိုသာ လကျာ်ရစ် ခွေ လည်၍ အထက်သို့ အဖျား ကော့လျက် တည်ရှိသည်။ ဘုရားအလောင်းတော်သည် ကာလရှည်လျားစွာ မုသားမနှာ တစ်မျိုးတည်းသော သစ္စာစကားကိုသာ ပြော ဆိုခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၃၂) သင်းကျစ်တော်လက္ခဏာ

မြတ်စွာဘုရား၏ နဖူးတော်တွင် ပကတိပင်ကိုအားဖြင့်ပင် သင်းကျစ် ရွှေပြား တပ်စီ၍ ထားသကဲ့သို့ သင်းကျစ် တော် အသားလွှာပါရှိ၏ ။ ဘုရားအလောင်းတော်သည် ရှေးဘ၀ပေါင်း များစွာတို့၌ သုစရိုက်ဆယ်ပါးကို ဖြည့်ကျင့်မှု၊ ဒါနမှု ၊ သီလဆောင်တည်မှု ၊ ဥပုသ်စောင့်သုံးမှု ၊ အမိအဘ တို့ကို လုပ်ကျွေးမှု စသော ကောင်းမှု ပြုလုပ်ရာတွင် လူအများ၏ ရှေ့သွားဦးစီး အကြီးအမှူး ပြုလျက် စီမံဆောင်ရွက် တော်မူခဲ့သော ကောင်းမူ တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။


စာရေးသူမှတ်ချက်။ ။မိတ်ဆွေအပေါင်း ဗဟုသုတ တိုးပွားနိုင်ကြပါစေ။





အပြည့်အစုံသို့...

Wednesday, August 6, 2008

ဘုရားအလောင်းဖြစ်ရန်ပင် အမှန်ခဲယဉ်းခြင်း

သမ္မာသမ္ဗုဒ္ဓ သဗ္ဗညုတဘုရားရှင် အဖြစ်ကို မဆိုထားဘိ သုမေဓာရသေ့ ကဲ့သို့ နိယတဗျာဒိတ်ရ ဘုရား လောင်း တော် ဘ၀ကိုသော်မှလည်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံမှသာ ရနိုင်ပေသည်။ ထိုအင်္ဂါရှစ်ပါးမှာ -
(၁) လူဇာတ်စင်စစ် ဖြစ်ရခြင်း၊
(၂) ယောက်ျားစင်စစ် ဖြစ်ရခြင်း၊
(၃) ထိုဘ၀မှာပင် အရဟတ္တဖိုလ် ရနိုင်လောက်သော တိဟိတ်ပဋိသန္ဓေနှင့် ပြည့်စုံသူ ဖြစ်ရခြင်း၊
(၄) သက်တော်ထင်ရှား မြတ်စွာဘုရားကို ဖူးတွေ့ရခြင်း၊
(၅) ကမ္မ၀ါဒီရသေ့ (သို့မဟုတ်) သာသနာတော်တွင်း ရဟန်းဖြစ်ရခြင်း၊
(၆) ဈာန် သမာပတ်တန်ခိုး ဂုဏ်ကျေဇူးနှင့် ပြည့်စုံသူ ဖြစ်ရခြင်း၊
(၇) ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ သက်တော်ထင်ရှား ဘုရားရှင် ထံတော်၌အလွန်အကြူး ပါရမီကုသိုလ်တို့ကို ပြုစု ပွားများအားထုတ် သူဖြစ်ခြင်း၊
(၈) ဘုရားဖြစ်လိုသော ကုသိုလ်ဆန္ဒအား ကြီးသူ ဖြစ်ခြင်း တို့ဖြစ်သည်။

ဆိုအပ်ပြီးသော အင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံသူဖြစ်မှသာ ဘုရားဆု ပန်နိုင်ခွင့်ရှိသူ ဖြစ်နိုင်၍ ဘုရား လောင်း ဖြစ်ရေးသည်ပင်လျှင် လွန်စွာခဲယဉ်းလှပေသည်၊ မြတ်စွာဘုရား အလောင်းတော် သုမေဓာရှင်ရသေ့သည်ကား အင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံသူဖြစ်သဖြင့် ဒီပင်္ကရာ မြတ်စွာဘုရား၏ ထံတော်မှောက်ဝယ် အလျားမှောက်လျက် ‘‘ နောင်အခါဝယ် ဂေါတမမည်တွင် ဘုရားရှင် ဖြစ်လိမ့်မည်’’ ဟူသော နိယတဗျာဒိတ် ကို ရရှိသူဖြစ်လေသည်။ ထိုဘ၀မှစ၍ ပါရမီဆယ်ပါး၊ အပြားသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါး၊ စရိယာသုံးပါးတို့ကို ရပ်နားမရှိ ပါရမီဖြည့် ခဲ့လေသည်။



ပါရမီ
ဒါနစသော မြင့်မြတ်သော ကျေးဇူးဂုဏ်တို့ကို ပြည့်စုံအောင် ပြုလုပ်တတ်သောကြောင့် ဘုရား အလောင်း တော် ကြီးများ ကို ‘ပရမ’ - သူတော်သူမြတ် ဟုခေါ်သည်။ ထိုသို့ ပရမ မည်သော ဘုရားလောင်း သူတော်ကောင်း တို့ ကျင့်ကြံ ပြုလုပ် အားထုတ်အပ်သော ဒါန စသော တရား ဆယ်ပါး ကို ‘ပါရမီ’ ဟုခေါ်သည်။ ထိုပါရမီ တော်များ သည်-
ဒါန.သီလ၊ နေက္ခမ္မ၊ ပည.၀ီရိယာ။
ခန္တီ.သစ္စ၊ဓိဌာန၊ မေတ္တ. ဥပေက္ခာ-ဟူသော လင်္ကာဆောင်ပုဒ်အရ

(၁) ဒါနပါရမီ၊
(၂) သီလပါရမီ၊
(၃) နေက္ခမ္မပါရမီ၊
(၄) ပညာပါရမီ၊
(၅) ၀ီရိယပါရမီ၊
(၆) ခန္တီပါရမီ၊
(၇) သစ္စာပါရမီ၊
(၈) အဓိဌာနပါရမီ၊
(၉) မေတ္တာပါရမီ၊
(၁၀)ဥပေက္ခာပါရမီ- ဟူ၍ (၁၀)ပါး အပြားရှိသည်။

မိမိခန္ဓာကိုယ်မှ အပဖြစ်သော ပစ္စည်းဥစ္စာတို့ကို စွန့်၍ ဖြည့်ကျင့်လျှင် ပါရမီဆယ်ပါးဖြစ်သည်၊ ကိုယ်အင်္ဂါ အစိတ် အပိုင်းကို စွန့်လွတ်၍ ဖြည့်ကျင့်လျှင် ဥပပါရမီဆယ်ပါးဖြစ်သည်၊ အသက်ကိုစွန့်၍ ဖြည့်ကျင့်လျှင် ပရမတ္ထပါရမီ ဆယ်ပါးဖြစ်သည်။ ဤသို့ဖြင့် ပါရမီဆယ်ပါး အပြားအားဖြင့် သုံးဆယ်ဖြစ်လေသည်။

၁-ဒါနပါရမီ
ပါရမီဆယ်ပါးတို့တွင် ဒါန ပါရမီသည် ဦးစွာ ဖြည့်ကျင့်ရမည့် ပါရမီဖြစ်သည်။ ဒါန တရားသည် စိတ်နှလုံးကို နူးညံ့ စေတတ်သော တရားဖြစ်၏ ။ အလှူဒါန ပြုလုပ်သော သူသည် ထိုဒါန၏ ကျေးဇူးပြုပေးကြောင့် သီလ ဆောက် တည်ရန်၊ သမထဘာဝနာ ပွားများရန်၊ ၀ိပဿနာ ဘာဝနာပွားများရန် စိတ်နှလုံးနူးညံ့ပြီး ဖြစ်လေတော့သည်။ ဒါန မပါဘဲ သံသရာခရီး သွားရလျှင် သုဂတိ ဘ၀ကောင်းကို ရရန်ခက်၏ ။ သုဂတိဘ၀ကို ရပြန်လျှင်လည်း ဘောမသမ္ပတ္တိပြည့်စုံဖို့ရန် ခက်ခဲပြန်၏ ၊ ထိုအခါ ကုသိုလ်တရားကို ရှာဖွေပြုလုပ် ချင်သော်လည်း ရှာ ဖွေပြု လုပ်နိုင်တော့မည်မဟုတ်ပေ။ သံသရာ ခရီးသွားမရပ်စဲသေးသော သူများမှာ ဒါန တရားကို အထူး အားထုတ်ဖို့ အရေးကြီး လှပေသည်။

သာမန်အလှူရှင် တို့သည် အလှူခံပုဂ္ဂိုလ်ကို အယုတ် အလတ် အမြတ် ရွေးချယ်၍ ‘ဤကောင်းမှုမြတ်ဒါနကြောင့် လူ့ဘ၀ နတ်ဘ၀ ရောက်ရှိပြီး လူ့စည်းစိမ် နတ်စည်းစိမ် ခံစား စံစားရပါလို၏’ ဟု ဋနိဿိတ ဒါနမျိုးကို ပြုတတ် ကြ၏ ။ ဘုရားလောင်းတော်ကြီး များမှာမှု အလှူခံကိုလည်း မရွေးချယ်၊ သဗ္ဗညုတဉာဏ်တော် ရဖို့ရန်သာ ရည် ရွယ်ရင်းရှိတော် မူကြပေသည်။

ဘုရားလောင်းတော်သည် ဒါနပါရမီကို ဖြည့်ကျင့်ရန် သုမေဓာရသေ့ ဘ၀က အဓိဋ္ဌာန်တော် မူခဲ့သည့်အတိုင်း လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်း ဖြစ်လေရာ ဘ၀တို့၌ ထီးနန်းစည်းစိမ် ဥစ္စာပစ္စည်း ရွှေ ငွေ စသည့် သက်မဲ့ဝတ္ထု ပစ္စည်းများအပြင် ဇနီး မယား သမီး သားနှင့် အင်္ဂါခြေလက် အသက်တို့ကို စွန့်လှူတော် မူခဲ့လေသည်။

၂-သီလပါရမီ

သီလပါရမီ၌ သီလသဒ္ဒါသည် ကောင်းသောအကျင့်၊ ကောင်းစွာထားရှိခြင်း၊ ကောင်းစွာ ဆောင်ရွက် ခြင်းဟူသော အဓိပ္ပါယ်ကို ဟောဆို၏ ။ သီလစောင့်ထိန်းသူ သန္တာန်၌ ကာယကံမှု ၀စီကံမှုတို့သည် အထိန်း မရှိသော ချည်ခင်ပမာ ဖြစ်လိုရာ ဖရိုဖရဲ မဖြစ်ပေါ်တော့ပေ၊ ကုသိုလ် ဟူသမျှသည်လည်း သီလနှင့်ကင်း၍ ကောင်းစွာ မဖြစ်နိုင်ပေ၊ သီလရှိသူ သန္တာန်မှာသာ ကုသိုလ်တရားတို့ ဖြစ်ပွားနိုင်လေသည်။ သို့ဖြစ်၍ ကာယ ကံ မှု ၀စီကံမှုတို့ကို ရုန့်ရင်းကြမ်းတမ်းစွာ ဖြစ်ခွင့်မပေးဘဲ သိမ်မွေ့ နူးညံ့အောင် ကောင်းစွာ ထား တတ် သော ကြောင့်လည်းကောင်း၊ ကုသိုလ်တရားများ အဆင့်ဆင့်ဖြစ်ပွားအောင် အခြေခံ အကြောင်းရင်း အဖြစ်ဖြင့် ကောင်းစွာ ရွက်ဆောင်တတ် သောကြောင့် လည်းကောင်း သီလ ဟုခေါ်ဆိုရလေသည်။
ဘုရားလောင်းတော်သည် သီလပါရမီကို ဖြည့်ကျင့်ရန် သုမေဓာရှင်ရသေ့ဘ၀က အဓိဋ္ဌာန် တော်မှုခဲ့သည့် အတိုင်း လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်း ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်ဖြင့် သီလ ပါရမီ ကိုဖြည့်ကျင့်တော်မှုခဲ့သည်။ စာမရီ သားကောင်သည် မိမိ၏ မြီးဆံကို အသက်နှင့်လဲ၍ စောင့်ရှောက်သကဲ့သို့ လည်းကောင်း၊ ယစ်မသည် မိမိ၏ဥကို အသက်နှင့်လဲ၍ စောင့်ရှောက်သကဲ့သို့ လည်းကောင်း ဘုရားအ လောင်းတော်သည်လည်း မိမိ၏ သီလကို အသက်နှင့်လဲ၍ပင် ဖြည့်ကျင့်တော်မှုခဲ့လေသည်။

၃-နေက္ခ္မမ္မပါရမီ

နေက္ခမ္မပါရမီ၌ နေက္ခမ္မသဒ္ဒါသည် ထွက်မြောက်ခြင်းဟူသော အနက်ကိုဟော၏ ။ ထွက်မြောက်ခြင်း ဟူသည် သံသရာမှ ထွက်မြောက်ခြင်း၊ ကာမ(နှစ်သက်ဖွယ်ရာ အာရုံငါးပါး ကာမဂုဏ်တရား)မှ ထွက်မြောက်ခြင်း ဟူ၍ နှစ်မျိုးရှိ၏ ၊ သံသရာမှ ထွက်မြောက်ခြင်းမှာ အကျိုးဖြစ်၍ ကာမ မှထွက်မြောက်ခြင်းမှာ အကြောင်းဖြစ်သည်။ ကာမမှ ထွက်မြောက်အောင် ဖြည့်ကျင့်နိုင်မှ သံသရာမှ ထွက်မြောက်နိုင်မည်။
ကာမသည် ကိလေသကာမနှင့် ၀ထ္ထုကာမဟူ၍ နှစ်ပါးရှိသည်၊ နှစ်သက်ဖွယ်သော အာရုံကို လိုချင် မက် မော တတ်သော လောဘကိလေသာကို ကိလေသာကာမဟုခေါ်သည်၊ မက်မောတွယ်တာဖွယ်ရာ အရာဝတ္ထု အစုစုကို ၀တ္ထုကာမ ဟုခေါ်သည်၊ ထိုကာမနှစ်မျိုးမှ ကင်းလွတ်အောင် အားထုတ်ကြိုးပမ်းခြင်းကို နေက္ခမ္မ ပါရမီ ဟုခေါ်သည်။
နေက္ခမ္မပါရမီ ဖြည့်ကျင့်ရန် အတွက် အခြေခံအကြောင်းရင်းမှာ တောထွက်၍ ရသေ့ရဟန်း ပြုလုပ်ခြင်းပင်ဖြစ်၏ ။ ဘုရားအလောင်းတော်သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်း နေက္ခမ္မပါရမီကို ဘ၀ပေါင်း များစွာ ဖြည့်ကျင့်ခဲ့လေသည်။

၎-ပညာပါရမီ

လက်မှု စက်မှု တွေးခေါ်သိမြင်မှု စသော ၀ိဇ္ဇာ သိပ္ပ အတတ်ပညာ ဟူသမျှကို သိမြင်နိုင်ခြင်း၊ လူတို့၏ ကောင်း ကျိုး ကို ဆောင်နိုင်သော အတတ်ပညာ အသိပညာ အားလုံးကို တတ်ကျွမ်း နားလည်ခြင်းနှင့် အကြောင်း အကျိုးကို ဆက်စပ်မြော်မြင်နိုင်ခြင်းသည် ပညာဖြစ်သည်။
ပညာရှိတို့ထံ အဖန်ဖန် မေးမြန်းခြင်း စသည်ဖြင့် ပညာတိုးပွားခြင်းအကြောင်း ခုနစ်မျိုး
ရှိသည်။ ထိုခုနစ်မျိုးတို့မှာ-
(၁) ပညာရှိတို့ထံ အဖန်ဖန် မေးမြန်းခြင်း၊
(၂) ကိုယ်တွင်း ကိုယ်ပ သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ခြင်း၊
(၃) သဒ္ဒါ ၀ီရိယ စသည်တို့ကို ညီမျှ နေစေရခြင်း၊
(၄) ပညာမဲ့သူတို့ကို ရှောင်ရခြင်း၊
(၅) ပညာရှိတို့ကို ပေါင်းသင်းရခြင်း၊
(၆) ခက်ခဲသော သဘောတရားများကို တွေးတော စဉ်းစားရခြင်း၊
(၇) လျောင်း ထိုင် ရပ် သွား အမြဲတမ်းအားဖြင့် ပညာပွားရန် ရည်သန်နေရခြင်း တို့ဖြစ်ကြသည်။
ထိုထို ကိစ္စတို့၌ပညာတရားသည် ရှေ့ဆောင်ဦစီးအကြီးအမှူး အဖြစ်ဖြင့် ဖြစ်သောအခါ ၀ီမံသာ ဓိပတိဟူ၍ ခေါ် ၏ ။ ထိုပညာသည် သူတမယပညာ စိန္တမယပညာ ဘာဝနာမယပညာ ဟူ၍ပညာသုံးမျိုးရှိသည်။ ကြားနာရ၍ ဖြစ်ပေါ်လာသောပညာ၊ ကြံစည်သဖြင့် ဖြစ်ပေါ်လာသော ပညာ၊ ဈာန်ဝင်စားခိုက် ဖိုလ်ဝင်စားခိုက်တို့၌ ဖြစ် ပေါ် လာသော ပညာတို့ဖြစ်ကြသည်။ အလောင်းတော်သည် သုတမယပညာ စိန္တာမယပညာ တို့ကို အရင်းခံထား၍ လောကီဈာန်အသိဉာဏ်နှင့်တကွ သင်္ခါရုပေက္ခာ ၀ိပသာနာဉာဏ်တိုင် အောင်သော လောကီ ဘာဝနာမယ ပညာ တို့ကို ရှာမှီးခဲ့လေသည်။ ထိုပညာဖြင့် သတ္တ၀ါတို့၏ ကောင်းကျိုးကို ဆောင်တော်မူခဲ့သည်။

၅-၀ီရိယပါရမီ
ဘုရားအလောင်းတော်သည် ပါရမီ ဖြည့်ကျင့်ရာ၌ အရေ အကြော အရိုး မျှသာ ကြွင်းကျန်ပြီး၊ အသား အသွေး တွေ အားလုံး ခန်းခြောက်သွားပါစေ၊ ၀ီရိယကို လျှော့ချရိုးမရှိ၊ ဇွဲလုံ့လအပြည့်ဖြင့် ကြိုးစားဖြည့်ကျင့် တော် မူခဲ့ သည်။
ရည်မှည်းချက် ကိစ္စတစ်ရပ် ပြီးမြောက်ရေးအတွက် မည်သည့် အခက်အခဲမျိုးနှင့် ရင်ဆိုင်ရစေကာမူ နောက် မ တွန့်၊ အခက်အခဲ အဟန့်အတားများကို ကြိုးစားကျော်ဖြတ်ပြီး ပန်းတိုင်သို့ မရောက်ရောက်အောင် ချီတက် ကြိုပမ်းမှုသည် ၀ီရိယဖြစ်သည်။ ဇွဲလုံ့လ ၀ီရိယကို အလျှော့မပေးဘဲ မနေမနား ကြိုးစား အားထုတ်ခြင်းသည် ၀ီရိယ ပါရမီ ဖြည့်ကျင့်မှုဖြစ်သည်။ ကောင်းမြတ် မှန်ကန်၍ စွဲမြဲပြင်းထန်စွာ အားထုတ်သော ၀ီရိယကို သမ္မာဝါ ယာမ ဟုခေါ်သည်။ ၀ီရိယ ပါရမီဖြည့်ရာ၌ သမ္မာဝါယာမကိုသာ ဆည်းပူး ပွားများအားထုတ်လျက် ပြည့်ဝအောင် ဖြည့်ကျင့်ရသည်။ မဖြစ်သေးသော ကုသိုလ် အသစ်များဖြစ်ရန် ဖြစ်ပြီးသော အကုသိုလ် အဟောင်းများကို ပယ် ရန် အားထုတ်မှု စသော သမ္မပ္ပဓာန်သည် ၀ီရိယာ ဓိပတိပင် ဖြစ်သည်။
ဘုရားအလောင်းတော်သည် ၀ီရိယပါရမီတော်ကို ဖြည့်ကျင့်ရာ၌ သားကောင်ဖမ်းသော ခြင်္သေ့မင်းပမာ လုပ် ငန်းကိစ္စ ကြီးသည် ငယ်သည် သဘောမထား၊ မည်သည့်အခါမျှ ၀ီရိယကို လျှော့လေ့မရှိ။ ဖြစ်လေရာဘ၀တို့၌ တွေ့ကြုံလာသော မိမိသူတပါးအရေးကိစ္စ မှန်သမျှတို့ကို မည်သည့်နည်းနှင့်မျှ နောက်မဆုတ်ဘဲ ရဲရဲဝံ့ဝံ့ ရွက် ဆောင် အားထုတ်တော်မှုခဲ့လေသည်။

၆-ခန္တီပါရမီ

ခန္တီဟူသည် သည်းခံခွင့်လွှတ် မှုဖြစ်သည်၊ ချမ်းသာသုခနှင့် ကြုံတွေ့သော်လည်း စိတ် တက်ကြွ မှုမရှိ၊ ဒုက္ခ နှင့် ရင်ဆိုင်ရသော်လည်း စိတ်မပျက်၊ အမျက်မထန်၊ သည်းခံခြင်း နှလုံးခိုင်ခံခြင်း ကို ခန္တီ ဟုခေါ်သည်။ ခန္တီ သဘောမှာ အဒေါသဖြစ်သည်။ သည်းခံလိုက်ရသဖြင့် စိတ်ဆိုးမှု ပူပန်မှု အားငယ်မှု မဖြစ်ပေ၊ သည်းခံခြင်းထက် မြင့်မြတ်သော ကျင့်စဉ်မရှိပေ။ သည်းခံခြင်းသည် အမြင့်မြတ် ဆုံးသော အကျင့်ဖြစ်သည်။ သည်းခံခြင်းသည် အငြိမ်း ချမ်း ဆုံးသော အောင်မြင်မှုကို ပေးစွမ်နိုင်သည်။ ဤနည်းအားဖြင့် ဘုရားအလောင်းတော်သည် ခန္တီ ပါရမီကို ဖြည့်ကျင့်တော်မှုခဲ့ပေသည်။

၇-သစ္စာပါရမီ

မဟုတ်မမှန်သော စကားကို ပြောဆိုမှုမှ ရှောင်ကြဉ်၍ မှန်ကန်ဖြောင့်မတ်စွာ ပြောဆိုခြင်းသည် သစ္စပါရမီ မည် ၏ ၊ သစ္စာ၏ ပဓာနလက္ခဏာမှာ အမှန်အကန်ပြောဆိုမှု ၀စီသစ္စာ ဖြစ်သည်။ သစ္စာပါရမီသည် အခြား ပါရမီ တို့ ထက် ထူးခြားမှုရှိ၏ ၊ သစ္စာပါရမီတော်၌ မိမိပြုအပ်သော သစ္စာစကားဖြင့် လိုအပ်သော အရာကို တောင့်တ လျှင် ခဏချင်းပြည့်စုံစေ နိုင်သော သတ္တိထူးရှိ၏ ။
ဘုရားအလောင်းတော်တို့သည် ဖြစ်လေရာရာ ဘ၀တိုင်း သစ္စပါရမီကို အသက်စွန့်၍ ဖြည့်ကျင့်ကြ၏ ၊ မုသာဝါ ဒကို လုံးဝ ရှောင်ကြဉ်ကြ၏ ။ မဟာသူတသောမဇာတ်၌ ‘‘မြေပြင်တစ်ဝန်း၌ အလုံးစုံသော အရသာမျိုးတို့ ရှိကြ ရာ ထိုအရသာတို့တွင် သစ္စာသည်သာလျှင် အချိုမြိန်ဆုံး အရသာဖြစ်ပေ၏’’ ဟူ၍ ဟောဆိုထားတော်မှု၏ ။ ‘ကတိသစ္စာ၊ တည်သောခါဝယ်၊ သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏’ ဟူ၍လည်း ဖွဲ့ဆိုကြ၏ ။
သစ္စာတရား ထွန်းကားရာခေတ်၌ သစ္စာစကားသည် အလိုရှိရာ ကောင်းကျိုးကို ချက်ချင်းပေးနိုင်၏ ။ မုသာဝါဒ ထွန်းကားရာ ခေတ်ကာလ၌ သစ္စာစကားတို့လည်း ချက်ချင်း အစွမ်းမပြနိုင် ၊ မုသာဝါဒ အကုသိုလ် တရား တို့လည်း ချက်ချင်း အစွမ်းမပြနိုင်တော့ပေ။
မည်သို့ပင်ဖြစ်စေ ဘုရားအလောင်းတော်ကား လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်း ဘ၀ပေါင်းများ စွာ၌ သစ္စာပါရမီကို ဖြည့်ကျင့်တော်မှုခဲ့လေသည်။

၈-အဓိဋ္ဌာန်ပါရမီ
အဓိဋ္ဌာန်ပါရမီဟူသည် မည်သည့်ကိစ္စ၊ မည်သည့်အခြေအနေ၊ မည်သည့်အနှောက်အယှက် အဟန့်အတား အခက် အခဲ နှင့် ရင်ဆိုင်ရသည်ဖြစ်စေ မိမိရည်ရွယ်အပ်သည့် အလုပ်ကိစ္စကို မရွေ့မရှား မတုန်မလှုပ် ကြံ့ကြံ့ တည်လျက် ပြီးမြောက်အောင် ဆောင်ရွက်ဖြင့်ဖြစ်သည်။ အဓိဋ္ဌာန်ပြုရာ၌ ကြံ့ချိုကဲ့သို့ ကျင့်ရသည်။ ကြံ့ချို ဟူသည် တစ်ချောင်းတည်းသာရှိ၏ ၊ နှစ်ချောင်းမရှိ။ အဓိဋ္ဌာန်ဟူသည်လည်း အဓိဋ္ဌာန်သည့်အတိုင်း အတည် သာဖြစ်ရမည်၊ နှစ်ခွမရှိရ၊ နှစ်မျိုးမရှိ ၊အလုပ်ကိစ္စ မပြီးစီးသည် မရှိရ၊ မြဲမြဲမြံမြံ သေသေချာချာ ကျင့်ကြံရမည်ဟု ဆိုလိုသည်။
‘သစ္စာဓိဋ္ဌာန်ပြုကြပါသည်’ဟု တွဲ၍ သုံးရိုးစဉ်လာ ရှိနေသော်လည်း သစ္စာနှင့်အဓိဋ္ဌာန်သည် အခြားစီဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မှန်ကန်ခြင်းသဘောကို အခြေခံပြုပြီး လိုအပ်သော အရာကို တောင့် တ မြွက်ဆို ခြင်းသည် သစ္စာမည်၏ ။ မိမိစိတ်ဆုံးဖြတ် ရည်မှန်းထားသည့်အတိုင်း ပြီးမြောက်အောင် ဆောင် ရွက်ခြင်းသည် အဓိဋ္ဌာန်မည်၏ ။
ဘုရားအလောင်းတော်သည် ဒါနစသော ပါရမီအကျင့်များကို ကျင့်ရာ၌ ကြိုတင်အဓိဋ္ဌာန်ပြုပြီးမှ ထိုအဓိဋ္ဌာန် ချက်အတိုင်း စိတ်ဆုံးဖြတ်ထား သည့်အတိုင်း ကိစ္စတစ်ခုကို ပြည့်စုံပြီးမြောက်အောင် အားထုတ်လေသည်။

၉-မေတ္တာပါရမီ

သူတပါးတို့၏ အကျိုးစီးပွားဖြစ်ထွန်းမှုကို လိုလားခြင်းသည် မေတ္တာမည်၏ ။ လင်ချစ် မယားချစ် (တဏှာပေမ)၊ သားချစ် သမီးချစ် (ဂေဟဿိတပေမ) တို့ကဲ့သို့ တဏှာလောဘပါသော အချစ်မျိုးမဟုတ်။ မေတ္တာတရားသည် စင်ကြယ်မွန်မြတ်သော အဒေါသ သဘောတရားသာဖြစ်၍ ဗြသ္ဓ၀ိဟာရဟူသော အမည်ကိုလည်း ရ၏ ။ ဤ တရားကို ပွားများနေလျှင် မြတ်သောနေခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားအလောင်းတော်သည် မေတ္တာဖြင့် နေခြင်းဖြင့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလ အတွင်းဘ၀ပေါင်း များစွာတို့၌ မေတ္တာပါရမီကို အစွမ်းကုန် ဖြည့်ကျင့် တော်မှုခဲ့လေသည်။

၁၀-ဥပေက္ခာပါရမီ

ဥပေက္ခာ ဟူသော စကား၏အဓိပ္ပာယ်မှာ အညီအမျှရှုခြင်းဖြစ်သည်။ဆင်းရဲမှု ချမ်းသာမှုနှစ်မျိုးတွင် မည်သည့် ဘက် သို့မျှ တစ်ဘက်သတ် မလိုက်ဘဲ အညီအမျှ ရှုခြင်းဖြစ်သည်။ ဥပေက္ခာ ပါရမီသည် ချစ်ခြင်း မုန်းခြင်း ဟူသည့် အစွန်းနှစ်မျိုးသို့ မကပ်ရောက်ဘဲ လက်မလိုက် တည့်မတ်သောစိတ်ဖြင့် ဖြည့်ကျင့်ရသော ပါရမီ ဖြစ်သည်။
ဘုရားအလောင်းတော်သည် မိမိအပေါ် ရောက်ရှိလာသော ချမ်းသာဆင်းရဲ၊ ချစ်ခြင်း မုန်းခြင်းများကို ချိန်ခွင် လျှာသဖွယ် မစောင်းမငဲ့ အမှန်တည့်တည့် ရပ်တည်ခြင်းဖြင့် ဥပေက္ခာပါရမီကို ဖြည့်ကျင့်တော်မှုခဲ့လေသည်။

ပါရမီဖြည့်ပုံ

ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ရာ၌ ဘုရားအလောင်းတော်သည် ပါရမီတစ်ပါးလျှင် တစ်ဘ၀နှုန်းဖြင့် ဖြည့်ကျင့်သည်မဟုတ်ပေ၊ ဖြစ်လေရာရာ ဘ၀တိုင်းတို့၌ ဒါန သီလ နေက္ခမ္မ ပညာ ၀ီရနယ စသော ပါရမီဆယ်ပါး ကို ရနိုင်သလောက် ဖြည့်ကျင့်ခဲ့သည်။ တချို့သောဘ၀ တချို့သောကာလတွင် ပါရမီ မြောက် ဖြည့်ကျင့်ခဲ့သလို တချို့သောဘ၀တွင် ဥပပါရမီမြောက်၊ တချို့သောဘ၀တွင် ပရမတ္ထပါရမီမြောက် ဖြည့် ကျင့်ခဲ့သည်။

ဒါန ပါရမီကိုပင် သူမတူအောင် စွန့်လွတ် နိုင်ခဲ့သဖြင့် ပဉ္စမဟာပရိစ္စာဂ (စွန့်ခြင်းကြီး ငါးပါး) ဟု ၀ိသေသတပ်၍ အမြတ်တနိုး ခေါ်ခဲ့ကြသည်။ ပါရမီများကို ဖြည့်ကျင့်ရာတွင် စရိယာ သုံးပါးခေါ် ကျင့်စဉ်သုံးပါးကို ဖြည့် ကျင့် ခဲ့သည်။
- သတ္တ၀ါအားလုံး ကောင်းစားရေး
- မိမိမျိုးနွယ်တစ်ရပ်လုံး ကောင်းစားရေး
- သဗ္ဗညုတဉာဏ်တော်ကို ရရှိရေး -
ဟူသော ပဓာနရည်မှန်းချက်ကြီးများ ပြည့်ဝအောင် အသက်ကိုပင် စွန့်၍ဖြည့်ကျင့် ခဲ့ရလေသည်။

ဤသို့လျှင် သုမေဓာရှင်ရသေ့ ဘ၀ ဗျာဒိတ်ရချိန်မှစ၍ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ဘ၀များ စွာအနစ်နာခံလျက် ပါရမီ ဆယ်တန်တို့ကို ကျင့်ကြံဖြည့်ဆည်း တော်မှုခဲ့သဖြင့် နောက်ဆုံးဘ၀၀ယ် သဗ္ဗညုတ ဥာဏ်တော်ကြီးကို ဆရာမရှိ မိမိကိုယ်တော်တိုင် ရရှိပိုင်ဆိုင်တော်မှုခဲ့လေသည်။

စွန့်ခြင်းကြီး ငါးပါး

ဘုရားအလောင်းတော်သည် ဒါန စသော ပါရမီတရားများကို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလ ပတ်လုံး ဘ၀ ဆက်တိုင်း ဖြည့်ကျင့်တော်မှုရာ၌ အခြားတပါးသူတို့ ကြံတွေးရုံမျှ ကြက်သီထလောက်အောင် လွန်စွာ အနစ်နာခံ မှုတို့ကို ပြုလုပ်ခဲ့ရသည်။ ထိုသို့စွန်လွတ်မှု အနစ်နာ ခံမှုများကို မြင့်မြတ်သော စိတ်ထားဖြင့် စွန့် လွတ်ဖြည့်ကျင့် ခဲ့သဖြင့် ပဉ္စမဟာပရိစစ္စာဂ=စွန့်ခြင်းကြီးငါးပါး ဟူ၍ ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြသည်။ စွန့်ခြင်းကြီး ငါးပါး ကိုစွန့်ကာ သူမတူအောင် ဖြည့်ကျင့်ကြိုးပမ်းခဲ့သည်မှာ သဗ္ဗညုတ ဥာဏ်တော်မြတ်ကို ရရှိ ရေး အတွက်သာ ဖြစ်သည်။ ထိုဥာဏ်တော်မြတ်ကို ရယူလိုသည့် ရည်ရွယ်ချက်မှာလည်းသတ္တ၀ါ အများကို သံသရာဝဋ်ဆင်းရဲ အပေါင်းမှ ကယ်တင်တော်မှုလိုသော အာသီသဆန္ဒ ကြောင့်သာ ဖြစ်ပေသည်။ ထို့ကြောင့် ဤ စွန့်လွတ် အနစ်နာခံမှုများကို မဟာပရိစ္စာဂ မြင့်မြတ်သော ရည်ရွယ်ချက်ဖြင့် မြင့်မြတ်သောသူတို့သာ ပြုလုပ် နိုင်စွမ်းသော မြင့်မား ခက်ခဲ သည့် စွန့်လွတ်ခြင်းကြီးများဟု အမည်သမုတ်ခဲ့ကြပေသည်။ထိုစွန့်ခြင်းကြီး ငါးပါးတို့မှာ -
(၁) ဓနပရိစ္စာဂ - ရွှေ ငွေ ဘဏ္ဍာ ရတနာပစ္စည်းများနှင့် တိုင်းပြည် နိုင်ငံထီးနန်း စည်းစိမ် ကိုစွန့်လှူ၍ ပါရမီဖြည့်ခြင်း။
(၂) ပုတ္တပရိစ္စာဂ - သားသမီး ရတနာများကို စွန့်လှူ၍ ပါရမီ ဖြည်းခြင်း။
(၃) ဘရိယပရိစ္စာဂ - ဇနီးမယားကို စွန့်လှူ၍ ပါရမီဖြည့်ခြင်း။
(၄) အင်္ဂပရိစ္စာဂ - မျက်စိ နား နှာ ကိုယ်အင်္ဂါ အစိတ်အပိုင်း တို့ကို စွန့်လှူ၍ ပါရမီဖြည့်ခြင်း။
(၅) ဇီဝိတပရိစ္စာဂ - မိမိအသက်ကိုပင် နှမြောတွန့်တိုမှု အရှိဘဲ စွန့်လွှတ် စွန့်လှူ အနစ်နာခံကာ ပါရမီဖြည့်ကျင့်ခြင်း- တို့ဖြစ်သည်။

ဓနပရိစ္စာဂ

ထိုစွန့်ခြင်းကြီး ငါးပါးတို့သည် တစ်မျိုးထက် တစ်မျိုးက ပို၍ ခက်ခဲသည်။ မိမိကိုယ်တိုင် အပတ်တကုတ် နေပူ မိုးရွာ မရှောင် နေ့ညမဟူ ချမ်းသာဆင်းရဲမျိုးစုံ ဆင်နွဲကာ ရှာဖွေထားသော ပစ္စည်းဥစ္စာ ရတနာတို့ကို ပကတိဖြူစင် ကြည်လင်သော စိတ်ထားဖြင့် စွန့်လှူမှုသည် လူတိုင်းပြုနိုင်သော အမှုကိစ္စ မဟုတ်ပေ။ မိမိ လက်ဝယ် ရောက် ရှိ ပိုင်ဆိုင်လာသော တိုင်းပြည် နိုင်ငံထီနန်း စည်းစိမ်တို့ကို စွန့်လွှတ်လှူဒါန်း နိုင်မှုသည်လည်း လွန် စွာခက်ခဲသော ကိစ္စမျိုးပင် ဖြစ်ပေသည်။ သို့သော် ဘုရားအလောင်းတော် တို့မှာမှု မိမိပိုင်ဆိုင်သော ထီး နန်း စည်းစိမ်ကိုပင် လိုချင်သူ ပေါ်ပေါက်လာပါက စိတ်ရင်းဖြူစင်စွာ ပေးလှူခဲ့ကြသည်မှာ ဘ၀များစွာ အကြိမ် များစွာပင် ဖြစ်လေသည်။ မဟာသီလ၀ဘုရင် မင်းကြီးဘ၀တွင် မိမိနိုင်ငံကို လိုချင်သော ကောသလ မင်းကြီး အား အသာတကြည်ပင် ပေးလှူ၍ ပါရမီဖြည့်ခဲ့လေသည်။

ပုတ္တပရိစ္စဂ

ဥစ္စာပစ္စည်း စွန့်လှူမှု၊ တိုင်းပြည်နိုင်ငံ စွန့်လှူမ၍မျိုးထက် သားသမီးများကို လှူဒါန်းနိုင်မှု မှာ ပို၍ ခက်ခဲပေသည်။ အရေထူလွန်မြောက် အရေပါးဖောက်၍ ရိုးတွင်းချဉ်ဆီ ရောက်အောင် အသည်းခိုက်မျှ ချစ်ခင် ယုယ ကြင်နာ ခဲ့ရသည့် မိမိရင်နှစ်သည်းချာ သားသမီးရတနာတို့ကို လူတိုင်းချစ်မြတ်နိုး ကြပေသည်။ ဘုရားအ လောင်းတော်တို့လည်း လူသားသဘာဝ ချစ်မြတ်နိုးကြသည်ပင်။ သို့သော်လည်း သဗ္ဗညုတဥာဏ်တော်မြတ်ကို ရယူလိုမှုက ပိုမိုပြင်းထန်လှသဖြင့် ပါရမီဖြည့်ဘက် သားသမီးတို့ကို လိုလားသူ အလှူခံ ပေါ်ပေါက်ပါက လှူဒါန်း ခဲ့ကြသည်မှာ ဘ၀များစွာရှိခဲ့သည်။ ဝေဿန္တရာမင်းကြီး ဘ၀တွင်အလှူခံလာသူ ဇူဇကာပုဏ္ဏားအား သားတော် သမီးတော်များ ဖြစ်ကြသော ဇာလီနှင့်ကဏှာဇိန် တို့ကို ပေးလှူခဲ့သည်။ ဇူဇကာပုဏ္ဏားက မိမိရင်းသွေးတို့ကို မိမိမျက်မှောက်မှာပင် ကြိုးနှင့်တုပ် တုတ်နှင့်ရိုက် ကြိမ်းမောင်း ဆဲဆိုပြီး လိုရာသို့ခေါ်ဆောင်သွားပုံကို မြင် ရသော ဘုရားအလောင်းတော် ဝေဿန္တရာမင်းအဖို့ စိတ်မသက်သာ ပင်ပန်းနာကျင်ခဲ့ရသည်။ သို့သော်လည်း သဗ္ဗညုတဉာဏ်တော်ကို လိုလားမှုက ပြင်းပြလှသဖြင့် သားသမီးတို့ကို စွန့်လှူကာ ပါရမီဖြည့်ခဲ့ရပါသည်။

ဘရိယပရိစ္စာဂ

ဘရိယပရိစ္စာဂမှာ ဇနီးမယားကို စွန့်လွှတ်လှူဒါန်းမှုဖြစ်သည်။ ဘ၀ကြင်ဖော်အဖြစ် လက်တွဲ၍ ချမ်းသာဆင်းရဲ မခွဲအတူ ကြည်ဖြုမြတ်နိုး လှသော မိမိ၏ဇနီးကို စွန့်လွှတ်ခြင်းသည်ကား ကြီးမားလွန်းလှသော စွန့် လွှတ်မှုမျိုးဖြစ်သည်။ လူတို့သဘာဝအရ မိမိ၏ အိမ်သူသက်ထားကို သူတစ်ပါး စေ့စေ့ကြည့်တောင် ခံ လိုသောစိတ်မရှိ။ ဘုရားအလောင်းတောင်သည် လူထဲက လူတစ်ဦးသာ ဖြစ်သဖြင့် မိမိဇနီးကို ချစ် ခင် လှ သည်။ သို့သော်လည်း ပါရမီမျိုးစေ့ဟူသမျှ အနည်းငယ်မျှ အကျန်ရအောင် ဖြည့်ကျင့်နေသော ဘုရား အလောင်းတော်အဖို့ သဗ္ဗညုတဥာဏ်တော်မြတ်ကို ရရှိရေးသည်သာ ပဓာနဖြစ်သဖြင့် ချစ်လှစွာသော ဇနီးမယားတို့ကို စွန့်လွှတ် လှူဒါန်းခဲ့သည့် အကြိမ်ပေါင်းမှာ များလှချေပြီ။ ဝေဿန္တရာမင်းမြတ်သည် မဒ္ဒီမိဖုရားကို ပုဏ္ဏားအို အယောင်ဆောင်လာသူ သိကြားမင်းအား တွန့်တို ဆုတ်နစ်မှုမရှိ လှူဒါန်းခဲ့သည်။

အင်္ဂပရိစ္စာဂ

အထက်ပါ စွန့်ခြင်းကြီးသုံးမျိုးမှာ ပြုလုပ်ရန် လွန်စွာခဲယဉ်းလှပါသည်။ သို့သော်လည်း မိမိကိုယ်ခန္ဓာနှင့် မစပ်သော ပြင်ပအရာ များသာဖြစ်၍ လှူနိုင်ကောင်း လှူနိုင်ဦးမည်။ မိမိကိုယ်ခန္ဓာ အစိတ်အပိုင်းတို့ကို တစ်ပိုင်းစီ ဖြုတ်ဖြတ်၍ စွန့်လွှတ်လှူဒါန်းမှုမှာ ပို၍ ခက်ခဲလှပါ သည်။ လူတိုင်းလူတိုင်းပင် မိမိကိုယ်ခန္ဓာ အားအင်ပြည့်ဝ လှပစေရန် စီမံအားထုတ်မြဲ ဖြစ်သည်။ လူတိုင်းပင် မိမိတို့ ကိုယ်ခန္ဓာကို တွယ်တာ မြတ်နိုးကြမြဲ ဖြစ်သည်။ ဘ၀တစ်သက်တာတွင် အတွယ်တာဆုံး အမြတ်နိုးဆုံးအရာသည် မိမိတို့ကိုယ်ခန္ဓာ ပင်ဖြစ်သည်။ ထိုမျှ ချစ်ခင်မြတ်နိုးလှပါသော ခန္ဓာကိုယ်ကြီးမှ မျက်စိကို ထုတ်၍ လှူခြင်း၊ နားကိုဖြတ်၍ လှူခြင်း၊ ခြေလက်အင်္ဂါဖြတ်၍ လှူခြင်းမျိုးကား မိမိစွန့်လွှတ်မှုကြောင့် တစ်ဖက်သား အကျိုးရှိမည်ဆိုလျှင်ဖြစ်စေ၊ အခြားသူတစ်ဦးဦးက မိမိခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခုကို လိုချင်ပါသည်ဟု အလှူခံလာလျှင်ဖြစ်စေ နှမြောတွန့်တို ခြင်းမရှိ၊ ကြောက်စိတ်မ၀င်၊ ရွှင်ကြည် ၀မ်းမြောက်စွာ လှူဒါန်းခဲ့သည်မှာ ဘ၀များစွာပင် ရှိခဲ့ပြီ။ သဗ္ဗုညုတဥာဏ်တော်ကိုသာ ရမည်ဆိုပါက စွန့်လွှတ်မည်သာဖြစ်သည်။ အလောင်းတော် သိဝိမင်းဘ၀ တွင်မျက်စိနှစ်ကွင်းကိုထုတ်၍ လှူဒါန်းခဲ့သည်။ အလောင်းတော်မျောက်မင်း ဘ၀တွင် မိမိခါးတွင် နွယ်ကြိုးချည်၍ မျောက်အပေါင်းကို ခန္ဓာကိုယ်ပေါ်မှ ဖြတ်လျှောက်စေကာ ကိုယ်ခန္ဓာကို စွန့်လွှတ်၍ ပါရမီဖြည့်ခဲ့သည်။

ဇီဝိတပရိစ္စာဂ

စွန့်ခြင်းကြီးငါးပါးတွင် အခက်ခဲဆုံးကား အသက်ကို စွန့်လွှတ်၍ ပါရမီဖြည့်မှု ဇီဝိတပရိစ္စာဂ ပင်ဖြစ်သည်။ ပြင်ပဥစ္စာ သားသမီး ဇနီးမယားတို့ကို စွန့်လွှတ်စဉ် အခါတုန်းက‘‘မိမိကိုယ်တိုင် မဟုတ်၍ စွန့်လှူနိုင်ခြင်း ဖြစ်သည်။ ဘုရားအလောင်းတော်တို့သည် မိမိ သဗ္ဗညုဥာဏ် ရရှိရေး အတွက် မိမိကို မှီခို အားထားနေကြသည့် သားသမီး ဇနီးမယားတို့ကို ရက်ရက်ရောရော စွန့်လှူခဲ့ကြသည်။ ထိုသို့ စွန့်လွှတ်မှုကို မိမိကိုယ်ကျိုးအတွက် ပြုလုပ်သည်’’ ဟုထင်မြင်ကောင်း ထင်မြင်စရာရှိသော်လည်း မိမိ၏ ကိုယ်ခန္ဓာ အသက်ကိုပင် မြက်တစ်ပင်မျှ ပမာမထား စွန့်လွှတ်စွန့်စား သည်ကို ကြည့်လျှင် ထိုထင်မြင်မှုများ ယုတ္တိမရှိကြောင်း သိသာလှ၏ ။ အလောင်းတော်မြတ်တို့၏ စိတ်အစဉ်ဝယ် တွယ်ကပ် စွဲလမ်းနေသည့်အရာမှာ ဘုရားဖြစ်ရေးပင်ဖြစ်သည်။ သဗ္ဗညုတ ဥာဏ်တော်ကို ရရှိရန်သာ ဖြစ်သည်။
သသပဏ္ဍိတ ယုန်ပညာရှိဘ၀တွင် မိမိအသားကို အလှူခံလာသော ပုဏ္ဏားအို (သိကြားမင်း)အတွက် မီးပုံကြီးထဲ ခုန်ဆင်းကာ အသက်စွန့်လှူဒါန်းခဲ့သည်။ နိဂြောဓသမင် ဘ၀တွင် သားသည်အမေ သမင်မတစ်ကောင် အတွက် မိမိအသက်ကို စွန့်၍ လှူဒါန်းခဲ့သည်။ အသက်နှင့်ခန္ဓာကိုယ်အစိတ်အပိုင်း တို့ကို စွန့်လွှတ်၍ ပါရမီဖြည့်ပုံကို ဆိုရလျှင် ကောင်းကင်ပြင်ရှိ ကြယ်အရေအတွက်မျှမက မျက်စိများကို လှူဒါန်းခဲ့သည်။ မဟာသမုဒ္ဒရာ ရေပြင်မက သွေးများကို လှူဒါန်းခဲ့သည်။ မဟာပထ၀ီ မြေပြင်မက အသားခန္ဓာတို့ကို လှူဒါန်းခဲ့သည်။ ထိုမျှ ကြီးကျယ်များပြားစွာ စွန့်လွှတ်အနစ်နာ ခံမှုများမှာ သဗ္ဗညုတ ဉာဏ်တော်အတွက်သာ ဖြစ်ချေသည်။
သဗ္ဗညုတဥာဏ်ကိုသာ ရရှိမည်ဆိုလျှင် မည်သည့်အရာကို စွန့်ရစွန့်ရ၊ စွန့် လွှတ်မည် သာ ဖြစ် ပေ သည်။ သဗ္ဗ ညုတ ဥာဏ်ရမှသာ မိမိကယ်မလိုသော သတ္တ၀ါတို့ကို အထွတ်အထိပ် ကယ်နိုင်မည်မဟုတ်ပါလား။ ဤသို့လျှင် သဗ္ဗညုတဥာဏ်တော်ကို ရရှိရေးအတွက် ဘုရားအလောင်းတော်သည် စွန့်ခြင်းကြီးငါးပါးကိုလည်း စွန့် လှူခဲ့ရလေသည်။


စရိယာ သုံးပါး
ဘုရားအလောင်းတော်သည် ဘ၀များစွာ ပါရမီတို့ကို ဖြည့်ကျင့်ရာ၌ ကျင့်စဉ်ကြီးသုံး
ချက်ကို ဦးထိပ်ထား၍ ကျင့်တောင်ခဲ့သည်။ ထိုကျင့်ဆောင်ချက် ကြီးသုံးမျိုးကို ‘စရိယာ ၃- ပါး’ ဟူ၍ ခေါ်ကြ သည်။ ထို စရိယာ ၃ - မျိုးမှာ

(၁) လောကတ္ထစရိယာ - လောကလူသား ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါ အများ ကောင်းစားချမ်း သာရေး အတွက်ကျင့်စဉ်၊
(၂) ဉာတတ္ထစရိယာ - မိမိ၏ နိုင်ငံနှင့် လူမျိုး ကောင်းစား ချမ်းသာရေး အတွက် ကျင့်စဉ်၊
(၃) ဗုဒ္ဓတ္ထစရိယာ - သတ္တ၀ါအများကို သံသရာဝဋ်ဆင်းရဲမျ ကယ်တင်နိုင်သော သဗ္ဗညုတ ဘုရားဖြစ်ရေးအတွက် ကျင့်စဉ်တို့ဖြစ်ကြသည်။ ဘုရား အလောင်းတော်သည် ဘ၀တိုင်းဘ၀တိုင်း ပါရမီဖြည့်ကျင့်တိုင်း ဤကျင့်စဉ်ကြီး သုံးရပ်ကို ဦးထိပ်ထားခဲ့လေသည်။
လောကတ္ထစရိယာ

လောကတ္ထစရိယာ အရ လူ့လောကအပါအ၀င် သတ္တလောကကြီး တရပ်လုံး တိုးတက်
ကောင်းစားရေးအတွက် အမြဲကျင့်ဆောင်ခဲ့သည်။
ရှေးအခါက အင်္ဂတိမင်းကြီးသည် မိစ္ဆာအယူရှိသူ ဗြာဟ္ဓဏတို့၏ ၀ါဒကို မှားယွင်းစွာ လိုက်နာပြီး သူ့အသက်သတ်မှု၊ သူ့ဥစ္စာခိုးမှု၊ သူတပါးသားမယားကို စော်ကားကျူးလွန်မှု၊ မုသားမြောမှု၊ အရက်သေစာ သောက်စားမှုတို့ကို ပြုလုပ်နေသည်။ တစ်တိုင်းပြည်လုံး ငါးပါးသီလ မစောင့်ထိန်းကြဘဲ အကျင့်တရား ပျက်ပြားနေကြသည်။ သမီးတော် ရုစာမင်းသမီး
က ဟောပြသော်လည်း မလိုက်နာကြပေ။ သမီးတော်၏ အဓိဠာန်ပြုမှုကြောင့် ဘုရားအ လောင်းတော်နာရဒရသေ့ ကောင်းကင်မှကြွရောက် တန်ခိုးပြ၍ တရားဟောတော်မှုမှ အင်္ဂတိမင်းကြီး နှင့်တကွ တစ်တိုင်းပြည်လုံး ငါးပါးသီလ စောင့်ထိန်းကြသည်။ ဤသို့လျှင် လူအများ ကောင်းစားရေးအတွက် ဆောင်ရွက်တော်မှုခဲ့လေသည်။

ဉာတတ္ထစရိယာ

ဉာတတ္ထစရိယာ အရ ဘုရားလောင်းသည် မိမိအမျိုးသားတို့ ကောင်းစားရေးအတွက် ဆောင်ရွက်ခဲ့ပုံကို ဘုရားအလောင်း ကျီးမင်းဘ၀ တွင်လည်းတွေ့မြင်နိုင်သည်။ ပုရော ဟိတ် ပုဏ္ဏားတစ်ဦးသည် ညီလာခံဝင်လာစဉ် ကျီးတစ်ကောင်က မစင်စွန့်ချခဲ့သဖြင့် ကျီးတို့ကို ရွံမုန်းစိတ်နာပြီး ကျီးမျိုးပြုတ်စေရန် ကြံခဲ့ဖူးသည်။ ဘုရင့်ဆင်များ၏ မီးလောင် ဒဏ်ရာ အနာကို ‘ကျီးကန်အဆီဖြင့် သုတ်လိမ်းမှ ပျောက်ကင်းပါမည်’ ဟုလက်စားချေ လိုသောစိတ် ဖြင့် မဟုတ်မမှန် သံတော်ဦးတင်ခဲ့သည်။ ဘုရင်လည်း ကျီးကန်းဟူသမျှ ဖမ်းဆီးသတ်ဖြတ် ခိုင်းသည်။
ဘုရားအလောင်းကျီးမင်းသည် မိမိအသက်ကို စွန့်၍ ဘုရင့်ထံ အရောက်ဝင်ကာ ကျီးတို့မှာ အဆီမရှိကြောင်း တင်ပြလျှောက်ထားခဲ့သည်။ ထိုသို့ အသက်စွန့်၍ မိမိအမျိုးကျီးကန်း များအတွက် ဆောင်ရွက်မှုကြောင့် ကျီးကန်းလောက မျိုးပြုတ်ရေးဆောင် ရွက်ချက် ရပ်ဆိုင်းသွားရသည်။ ဤသို့လျှင် မိမိအမျိုးသား ကောင်းစားရေးအတွက် ဘ၀အဆက်ဆက် ကြိုးပမ်းကျင့်ဆောင်ခဲ့သည်။ ဘုရားဖြစ်တော်မှုသောအခါကား ပြောဖွယ်ရာ
မရှိ၊ ရောဟိနီမြစ်ရေခွဲဝေမှုနှင့် ပတ်သတ်၍ ဆွေတော်မျိုးတော်တို့ စစ်မက်ခင်းကာလက်နက် ဖြင့်ဖြေရှင်းကြမည် ရှိသောအခါ ကောင်းကင်မှ ကြွသွားတော်မှုပြီး ငြိမ်းချမ်းရေးတရား ဟောကြားတော်မှုရာ သာကီဝင် ဆွေတော်မျိုးတော်များ အားလုံး အသက်ဘေးမှ လွတ်ကာ ချမ်းသာရာ ရခဲ့ကြသည်။

ဗုဒ္ဓတ္ထစရိယာ

ဗုဒ္ဓတ္ထစရိယာ အရ ဘုရားဖြစ်ရေးကျင့်ဆောင် မှုမှာအထူး ပြောရန်မလို၊ ဘုရား အလောင်းတော်သည ဤရည်မှန်းချက်ကြောင့်ပင် ဘ၀များစွာ ပါရမီဖြည့်ခဲ့သည်။ စွန့်ခြင်းကြီး
ငါးပါး ဖြည့်ကျင့်ခဲ့သည်။ ထိုကျင့်ကြံမှု မှန်သမျှ၏ ပဓာနရည်ရွယ်ချက်မှာ ဘုရားဖြစ်ရေးပင် ဖြစ်သည်။ ထိုရည်ရွယ်ချက် ပြီးမြောက်၍ ဘုရားအဖြစ်သို့ ရောက်တော်မှုသောအခါ လူ နတ် ဗြဟ္မာ သတ္တ၀ါအများ၏ အကျိုးစီးပွား ချမ်းသားရေးကိုသာ ၄၅-၀ါ ကာလပတ်လုံး မရပ်မနား ကြိုးစားဆောင်ရွက်တော် မှုခဲ့လေသည်။

ဤသည်မှာ ဘုရားအလောင်းတော်၏ ကျင့်စဉ် စရိယာကြီးသုံးပါးပင် ဖြစ်ပေသည်။



အပြည့်အစုံသို့...

Wednesday, July 30, 2008

အခက်အခဲဟူသမျှ ကျော်လွှား လွန်မြောက်နိုင်သည့် ဂါထာတော်

ဂါထာတော် ဖြစ်ပေါ်လာပုံ

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မှုစဉ် ညတစ်ည၀ယ် လနတ်သားသည် ရာဟု အသူရိန်မင်းကြီး၏ ဖမ်းယူခြင်းကို ခံရ၏ ။ ထိုအခါ လနတ်သားသည် မြတ်စွာဘုရားကို သတိရ အာရုံပြုလျက် တမ်းတ တိုင်တည်သောအားဖြင့် ပထမဂါထာကို ရွတ်ဆိုသည်။ ထိုအခါ မြတ်စွာဘုရားသည် ဒုက္ခရောက်နေသော လနတ်သား အခက်အခဲမှ လွတ်မြောက်ရေးအတွက် ဒုတိယ ဂါထာကို ရွတ်ဆိုတော်မှုကာ ရာဟု အသူရိန်နတ်ကြီးအား အမိန့်ပေးတော်မှုသည်။ မြတ်စွာဘုရား၏ အမိန့်ပေး မေတ္တာရပ်ခံစကားကြောင့် ရာဟုအသူရိန်သည် လဗိမာန်ကို ဖမ်းထားရာမှ လွှတ်လိုက်သဖြင့် ချမ်းသာသုခ ရခဲ့သည်။



ဂါထာ
၁။ နမော တေ ဗုဒ္ဓ ၀ီရတ္ထု၊ ၀ိပ္ပမုတ္တောသိ သဗ္ဗဓိ။
သမ္ဗဓပ္ပဋိပန္နော သ္မိ၊ တဿ မေ သရဏံ ဘ၀။

၂။ ထထာဂတံ အရဟန္တံ၊ စန္ဒိမာ သရဏံ ဂတော။
ရာဟု စန္ဒံ ပမုဉ္စဿု၊ ဗုဒ္ဓါ လောကာနုကမ္ပကာ။

၁။ ၀ီရ၊ ကြီးမြတ်သော လုံ့လ ၀ီရိယ ရှိတော်မူသော။ ဗုဒ္ဓ၊ ရှင်တော်မြတ်ဘုရား။ တေ၊ ရှင်တော်မြတ် ဘုရားအား။ မေ၊ တပည့်တော်၏ ။ နမော။ လက်စုံမိုး၍ ရှိခိုးခြင်းသည်။အတ္ထူ၊ ဖြစ်ပါစေသတည်း။ တွံ၊ ရှင်တော်မြတ် ဘုရားသည်။ သဗ္ဗဓိ၊ ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ် ဟူသော ကျဉ်းကျပ်ရာ ဌာနအပေါင်းမှ။ ၀ိပ္ပမုတ္တော၊ ကောင်းစွာမချွတ် ကျွတ်လွတ်တော်မူသည်။ အသိ၊ ဖြစ်ပြီ။ အဟံ ပန၊ တပည့်တော်မှာ မူကား။ သမ္မာဓဋိပန္နော၊ ရာဟု အသူရိန်နတ်မင်းကြီး၏ ဖမ်းဆီးခြင်းကို ခံနေရ၍ ကျပ်တည်း ကျဉ်းမြောင်း လဲလျောင်းနေရသည် (၀ါ) အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ အသ္မိ၊ ဖြစ်၏ ။ တွံ၊ ရှင်တော်မြတ် ဘုရားသည်။ တဿ မေ၊ ထိုသို့ အခက် အခဲနှင့် ရင်ဆိုင်နေရသည့် တပည့်တော်၏။ သရဏံ၊ ကိုးကွယ် အားထားရာသည်။ ဘ၀၊ ဖြစ်တော်မူပါဘုရား။

၂။ ရာဟု၊ အို- ရာဟုအသူရိန်။ စန္ဒိမာ၊ လနတ်သားသည်။ အရဟန္တံ၊ ပူဇော်အထူးကို ခံတော်မူ ထိုက်သော။ တထာဂတံ၊ မြတ်စွာဘုရားကို။ သရဏံ၊ မှီခိုအားထား ကိုးစားရာဟူ၍ မှီဝဲ ဆည်းကပ် သိမှတ်ပါ၏ ။ စန္ဒံ၊ လဗိမာန်ကို။ ပမုဉ္စဿု၊ လွှတ်လိုက်ပါလော။ ဗုဒ္ဓါ၊ ဘုရားရှင်တို့ မည်သည်။ လောကာနုကမ္ပကာ။ လူ နတ် ဗြဟ္မာ သတ္တ၀ါ ဟူသမျှကို သနားသမှု ကြောင့်ကြပြု၍ ဂရုစိုက်တော်မူကြကုန်၏ ။ ရာဟု၊ ရာဟုအသူရိန်နတ်။ တွံ၊ သင်သည်။ စန္ဒံ၊ လဗိမာန်ကို။ ပမုဉ္စဿု၊ လွှတ်လိုက်ပါလော။



အပြည့်အစုံသို့...

Monday, July 28, 2008

လူမှုရေးကျင့်ဝတ်များ

သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များ

သိင်္ဂါလောဝါဒခေါ် လူတို့ကျင့်ဝတ်များ

တစ်လောကလုံး၊ ညွတ်ရုံးဦးချ၊ နှိုင်းမမျှသား၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား၊ ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည့်၊ လောကကျင့်ရာ၊ အကျဉ်းမှာပိမ့်၊ နတ်ရွာသို့လုံးလုံး၊ ကျက်၍သုံး။

သားသမီးကျင့်ဝတ် ၅-ပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှုမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ် သားတို့တာ။


(၁) မိဘတို့ကို လုပ်ကျွေးခြင်း၊
(၂) မိဘတို့၏ အမှုကိစ္စကို ဆောင်ရွက်ခြင်း၊
(၃) မိဘစကားကို နားထောင်၍ မိဘတို့အမွေကို ခံထိုက် အောင် ပြု
ပြုလုပ်ခြင်း၊
(မိဘစကား နားမထောင်က အမွေမခံထိုက်ပါ)
(၄) မိဘတို့ ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်စူး၍
ကုသိုလ်ပြုလုပ် အမျှပေးဝေခြင်း၊
(၅) မိဘတို့၏ မျိုးနွယ် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်
ရခြင်း။



မိဘကျင့်ဝတ် ၅- ပါး
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်မြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင် မယ်တို့တာ။
(၁) မကောင်းမှုများကို တားမြစ်ခြင်း၊
(၂) ကောင်းမှု ကောင်းရာများကို ညွှန်ပြရခြင်း၊
(၃) အတတ်ပညာ သင်ကြား ပေးရခြင်း၊
(၄) ရင်းနှီးလုပ်ကိုင်စားဖို့ရန် ပေးရခြင်း၊
(၅) လက်ထက်ထိမ်းမြာ ပေးရခြင်း၊

တပည့်ကျင့်ဝတ် ၅-ပါး
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနှီး. လုပ်ကျွေး၊ သင်တွေးအံရွတ်၊
တပည့်ဝတ်၊ မချွတ် ငါးခုသာ။
(၁) ဆရာသင်ကြား ဆုံးမသမျှကို လေးစားစွာ ဂရုတစိုက်
နာခံမှတ်သား ရခြင်း (ဆုံးမနာယူ)၊
(၂) ဆရာလာသောအခါ ညီညာစွာ မတ်တတ်ရပ်လျက် ခရီးဦး ကြိုဆို
ရခြင်း ( လာမှုကြိုဆီး)၊
(၃) ဆရာ့ထံပါး ဆည်းကပ် ခစားရခြင်း (ထံနီး)၊
(၄) ဆရာ့ထံပါးဝယ် ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးရခြင်း (လုပ်ကျွေး)
(၅) ဆရာသင်ပေး ပြီးသောသင်ခန်းစာ များကိုလေးစားစွာ တွေးတော
ကြံစည် သင်အံလေ့ကျက် နှုတ်တက်ရွက်ဆို ရခြင်း (သင်တွေးအံရွတ်)။

ဆရာကျင့်ဝတ် ၅-ပါး
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊
ဆရာတို့၊ ကျင့်ဖို့ ၀တ်ငါးဖြာ။
(၁) သိသင့်သမျှ အတတ်ပညာများကို သင်ကြားးပေးရခြင်း၊
(၂) ဆုံးမ သြ၀ါဒပေး၍ ပြုပြင်ပေးရခြင်း၊
(၃) မိမိတတ်သမျှ အကုန်သင်ပေးရခြင်း၊
(၄) တပည့်များ ဘေးအန္တရာယ် မဖြစ်စေရန် ကြိုတင်တားဆီး
ကာကွယ်ပေးရခြင်း၊
(၅) မိမိထက် ကျေးဇူးပြုနိုင်မည့် ဆရာထံသို့ အပ်နှံပေးရခြင်း။

လင်ကျင့်ဝတ် ၅-ပါး
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။
(၁) မိမိ မယားအား မထီလေးစား မပြုလုပ်ရခြင်း၊
(၂) မိမိ ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံရခြင်၊
(၃) အခြားမိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိရခြင်း၊
(၄) အ၀တ်အစားများကို ဆင်ယင်ပေးရခြင်း၊
(၅) မြတ်နိုးကြင်နာစွာ ဆက်ဆံရခြင်း။

မယားကျင့်ဝတ် ၅-ပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမှု၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။
(၁) အိမ်တွင်းမှု လုပ်ငန်းကိစ္စကို အဆင်ပြေစေရန် စီမံပြုလုပ်ရခြင်း၊
(၂) မိမိလင်ယောက်ျား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်း
ဆည်း ထိန်းသိမ်းထားရခြင်း၊
(၃) မိမိယောက်ျားမှ တပါးသော ယောက်ျားတို့နှင့် မမှားယွင်း မဖောက်
ပြန်ရခြင်း၊
(၄) မိမိဘက်ဆွေမျိုး လင်ဘက်ဆွေမျိုးတို့၌ မျှမျှ တတ ပေးကမ်း
ရခြင်း၊
(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။

မိတ်ဆွေကျင့်ဝတ် ၅-ပါး

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။
(၁) မိမိတတ်နိုင်သလောက် ပေးကမ်းချီးမြှင့်ခြင်း၊
(၂) ကိုယ့်အောက်သို့ မနှိမ့်ချမူ၍ ကိုယ်နှင့်တန်းတူထားကာ ဆက်ဆံ
ခြင်း၊
(၃) နှစ်ဦးနှစ်ဝ ကြီးပွားရန်အတွက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်
ဆောင်ရွက်ရခြင်း၊
(၄) ပြောဆိုဆက်ဆံရာ၌ စကားအရာ ပြေပြစ် ချိုသာစွာ ပြောရခြင်း၊
(၅) စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် သစ္စာဖောက်ဖျက်မှု မရှိဘဲ
မှန်ကန်တိကျခြင်း။

ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ၅-ပါး

မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ဘေးတွယ်မပစ်၊ သားမြစ်စဉ်ဆက်၊ မပျက်ချီးပင့်၊ ၀တ် ငါးဆင့်၊ ပြုကျင့်မိတ်ဆွေများ။

(၁) မေ့လျော့နေသော ဥစ္စာများကို စောင့်ရှောက်ရခြင်း၊
(၂) တစ်ဘက်မိတ်ဆွေ၏ ဥစ္စာများကို စောင့်ရှောက်ရခြင်း၊
(၃) မိမိမိတ်ဆွေ ဘေးဒုက္ခရောက်သောအခါ အားကိုးရာ ဖြစ်ရခြင်း၊
(၄) ဘေးဒုက္ခရောက်သောအခါ ပစ်ပယ်စွန့်ခွာ၍ မသွားရခြင်း၊
(၅) သားစဉ်မြေးဆက် အဆက်ဆက် မိတ်ဝတ်မပျက်ဘဲ ပေးကမ်းချီး
မြှင့်ရခြင်း။

အလုပ်ရှင်ကျင့်ဝတ် ၅-ပါး

ဝစွာ ကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင်ဝတ်၊ မချွတ် ငါးခုသာ။
(၁) မိမိအလုပ်သမားကို ၀လင်စွာ ကျွေးမွေးရခြင်း၊
(၂)သူတို့လုပ်နိုင်သော အလုပ်ကိုသာ လုပ်စေပြီး သင့်လျော်သော
အချိန်၌ ခိုင်းစေရခြင်း၊
(၃) မကျန်းမမာသောအခါ၌ ရောဂါပျောက်အောင် ကုသပေးရခြင်း၊
(၄) ထူးဆန်းသော အစားအစာကို ရသောအခါ ဝေငှပေးကမ်းရခြင်း၊
(၅) ဥပုသ်နေ့၊ ပွဲတော်နေ့၊ အလုပ်ပိတ်ရက် စသောအခါတို့၌ အခိုင်း
အစေ စာရင်းငှား ကျွဲနွားတို့ကို မခိုင်းစေဘဲ အနားပေးရခြင်း၊ အခွင့်
လွှတ်ရခြင်း။

အလုပ်သမားကျင့်ဝတ် ၅-ပါး

အိပ်သော်နောက်ကျ၊ ထသော်ကားရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။
(၁) နောက်ကျမှ အိပ်ရခြင်း၊
(၂) အိပ်ရာမှ စောစောထရခြင်း၊
(၃) မိမိအရှင် ပေးကမ်းမှသာ ယူရခြင်း၊
(၄) မိမိအရှင်၏ လုပ်ငန်းများကို မခိုမကပ်ဘဲ စေတနာ ရှေ့ထား၍
စေ့စေ့စပ်စပ် ဆောင်ရွက်ရခြင်း၊
(၅) မိမိအရှင်၏ ဂုဏ်ကျေးဇူးကိုသာ ပြောဆိုရခြင်း။

ဒါယကာကျင့်ဝတ် ၅-ပါး

မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှုစေ၊ ၀တ်ငါးထွေ၊ ပြုလေ ဒါယကာ။
(၁)ရဟန်းသံဃာတို့အပေါ်၌ မေတ္တာစိတ် ရှေ့ထားရခြင်း၊
(၂) ရဟန်း သံဃာတို့အတွက် ဆောင်ရွက်စရာများကို ချစ်ခင်လေး
စား စေတနာထား၍ ဆောင်ရွက်ရခြင်း၊
(၃) ခင်ခင်မင်မင် လေးလေးစားစား နှုတ်ချို ကြည်သာစွာ ပြောဆို
ရခြင်း၊
(၄) အလိုရှိသောအရာများကို တောင်းပါဟု ဖိတ်ထားရခြင်း၊
(၅) တတ်နိုင်သမျှ လှုဒါန်ရခြင်း။

ရဟန်းကျင့်ဝတ် ၆-ပါး

မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထတင်ရာ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခု လွန်သေချာ။
(၁)မကောင်းမှု မပြုလုပ်ရန် တားမြစ် ဟောပြရခြင်း၊
(၂) ကောင်းမှုကုသိုလ် ပြုလုပ်ရန်အတွက် ညွှန်ပြဟောပြရခြင်း၊
(၃) ထူးခြားသော တရားအသစ်များကို ဟောကြားရခြင်း၊
(၄) နဖူးသော တရားများကို ထပ်မံ၍ ဟောကြားရခြင်း၊
(၅) နတ်ပြည်သို့ရောက်ဖို့ နည်းလမ်းကို ညွှန်ကြားဟောပြရခြင်း၊
(၆) ဒကာ ဒကာမတို့အား စေတနာ မေတ္တာထား၍ ဆုံးမဟောကြား
ရခြင်း။

နာယကကျင့်ဝတ် ၆-ပါး

ထကြွ.နိုးကြား၊ သနား.သည်းခံ၊ ဝေဖန်.ကြည့်မှု၊ဤ ခြောက်ခု၊ ကြီးသူ့ ကျင့်ရာတရားတည်း။
(၁) သူများထက် လုံ့လရှိရခြင်း၊
(၂) သူများကို မိမိက ရှေ့ဆောင်ပြုလုပ်နိုင်အောင် နိုးကြား တက်ကြွ
ခြင်း၊
(၃) မိမိလက်အောက်ငယ်သားများကို သနားကြင်နာခြင်း၊
(၄) သည်းခံ ခွင့်လွှတ်တတ်ခြင်း၊
(၅) အရာရာကို ချင့်ချိန် ဝေဖန် ထောက်ဆ၍ ပြုလုပ်ရခြင်း၊
(၆) အရာရာမှာ ဉာဏ်ပညာဖြင့် ဆင်ခြင်ကြည့်ရှုခြင်း။

စားရေးသူမှတ်ချက်။ကျင့်ဝတ်အထွေထွေကိုဖတ်ရှု၍သိမြင်နားလည်နိုင်ကြပါစေ။


အပြည့်အစုံသို့...

Original Design by : x-template.blogspot.com.

Modified by :...