Friday, April 25, 2008

ဗုဒ္ဓအဆုံးအမ အားလုံးတို့သည် ဗဟုသုတရရုံမဟုတ်ဘဲ လက်တွေ့လေ့ကျင့်ရန် နှင့် အကျိုးရှိအောင် အသုံးချရန် ဖြစ်သည်။

ဗုဒ္ဓအဆုံးအမ အားလုံးတို့သည် ဗဟုသုတရရုံမဟုတ်ဘဲ လက်တွေ့လေ့ကျင့်ရန် နှင့် အကျိုးရှိအောင် အသုံးချရန် ဖြစ်သည်။
(Buddha’s Teachings are not for Knowledge only but also for Self Practice & Implementation)
အနှစ်သာရရှိလှခြင်း

- ဗုဒ္ဓဘုရားရှင် အဆုံးအမ အားလုံးသည် ဗဟုသုတ ရရုံပါးစပ်ဖျားလေးမှ ပြောနေ ဟောနေရုံမျှ လမ်းဆုံးနေတာမျိုး တစ်ခွန်းမျှ မရှိခဲ့ပါဘူး။
- အဆုံးအမတိုင်းသည် ကိုယ်တိုင်လက်တွေ့ ကျင့်ရမယ်။ ပြီးမှ မိမိနှင့်အများအကျိုးအတွက် အကျိုးရှိအောင် လက်တွေ့အသုံးချပြီးမှ သာလျှင် အဓိပ္ပါယ် ပြည့်စုံပြီး ပန်းတိုင် (နိဗ္ဗာန်) သို့ မျက်မှောက်ပြုနိုင်ခြင်း သည်သာ အနှစ်သာရဖြစ်ပါသည်။

ချမ်းသာအစစ်

- လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ သုံးမျိုးသော ချမ်းသာတို့တွင် လူနှင့်နတ်ချမ်းသာ တို့သည် ဒုက္ခသစ္စာနယ် (ဖြစ်ပေါ် ခြင်း ချုပ်ပျောက်ခြင်းတို့က အစဉ်ထာဝရ နှိပ်စက်သောနယ်) ထဲတွင်သာ ခံစားနေရပြီး သုံးဆယ် တစ်ဘုံသံသရာလည်စေပြီး ချမ်းသာအတု ဖြစ်သည်။
- နိဗ္ဗာန်ချမ်းသာ (မဖောက်မပြန် ပြုပြင်စီရင်မှုမရှိ ငြိမ်းအေးမှု အပြည့် ဒုက္ခ အားလုံးချုပ်ဆုံးခြင်း သံသရာမှလွတ်မြောက်ခြင်း) သည်သာလျှင် မဟာသန္တိသုခ ချမ်းသာ အစစ် ဖြစ်ပေသည်။

ဘုရားကန်တော့ခြင်း

- ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားကန်တော့ကြစဉ် သြကာသမှ စပြီးရွတ်ဆိုကြသည်။ (သြကာသ ဆိုသည်မှာ ခွင့်ပြုပါ ဘုရားဟု ခွင့်တောင်းခြင်းသာဖြစ်သည်၊ လူယဉ်ကျေးတို့၏ အလေ့အထ တစ်ခုဖြစ်သည်။)
- သြကာသရွတ်ပြီး ဘုရားရှိခိုးနေစဉ် ဘုရားရှင်၏ ပုံတော် (အကာ) ကိုကြည့်ပြီး ဘုရားရှင်၏ ဂုဏ်တော် (အနှစ်) ကို ရည်မှန်းပြီး ကန်တော့မှသာလျှင် အဓိပ္ပာယ်ပြည့်စုံ ပေသည်။

ဆုတောင်းခြင်း

- သြကာသဖြင့် ဘုရားကန်တော့ပြီးနောက် ဤသို့ ကန်တော့ရသော အကျိုးအားကြောင့် အပ္ပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး စသည်ဖြင့် ဘေးအပေါင်းမှ လွတ်ရန် ရှည်လျားလှစွာသော ဆုတောင်းများကို ထုံးတမ်းစဉ်လာအရ ပါးစပ်ဖျားလေးဖြင့် ဆုတောင်းကာ နောက်ဆုံး နိဗ္ဗာန်ချမ်းသာကိုပင်လျှင် ပါးစပ်ဖြင့်တောင်းရုံနှင့်ရသကဲ့သို့ မှားယွင်းစွာ ဆုတောင်းနေကြလေသည်။ အမှန်မှာ ဆုတောင်းသကဲ့သို့ လက်တွေ့ကျင့်ရန်သာ အဓိကဖြစ်သည်။

ကိုယ်တိုင်လေ့ကျင့်ခြင်း

(က) အပါယ်လေးပါး ဘေးမှလွတ်ရန်ကား

အပါယ်လေးပါးဆိုသောအဓိပ္ပါယ်နှင့် အပါယ်ကျစေနိုင်သော အကြောင်းတရားနှင့် အပါယ်လွတ်ရန် ကိုယ်တိုင် လေ့ကျင့်ရမည့်တရားတို့ကို သိရှိလေ့ကျင့်ရန်လိုပေသည်။
(၁) တိရစ္ဆာန်ဘုံရောက်ခြင်းသည် မောဟ (အမှားသိ တွေဝေ) ကြောင့်ဖြစ်ပြီး ၎င်းမောဟဆိုသောအကြောင်းကို သတ်မှ သာလျှင် အကျိုးတိရစ္ဆာန်ဘုံမရောက်ခြင်း ဖြစ်ပေသည်။
(၂) ပြိတ္တာဘုံ ရောက်ခြင်းသည် လောဘ (လိုချင်တပ်မက်) ကြောင့်ဖြစ်ပြီး ၎င်းလောဘဆိုသောအကြောင်းကို သတ်မှသာလျှင် အကျိုးပြိတ္တာဘုံမရောက်ခြင်း ဖြစ်ပေသည်။
(၃) အသူရကာယ် (အရံငရဲ) ဘုံရောက်ခြင်းသည် မာန(ထောင်လွှားမှု) ကြောင့်ဖြစ်ပြီး ၎င်းမာနဆိုသောအကြောင်းကို သတ်မှသာလျှင် အကျိုး အသူရကာယ်ဘုံ မရောက်ခြင်း ဖြစ်ပေသည်။
(၄) ငရဲဘုံရောက်ခြင်းသည် ဒေါသ (ကြမ်းတမ်း ခက်ထန်) ကြောင့် ဖြစ်ပြီး ၎င်းဒေါသဆိုသော အကြောင်းကို သတ်မှသာလျှင် အကျိုးငရဲဘုံမရောက်ခြင်း ဖြစ်ပေသည်။
အပါယ်လေးပါးမှ လွတ်ချင်ပါ၏လို့ ဆုတောင်းနေရုံဖြင့် အပါယ်မှ မလွတ်နိုင်၊ အပါယ်ရောက်စေနိုင်သော လောဘ ၊ ဒေါသ၊ မောဟ၊ မာန တို့ကို ကိုယ်တိုင် လေ့ကျင့်ပယ်သတ်မှသာလျှင် လွတ်နိုင်ပေမည်။

(ခ) ကပ်သုံးပါးဘေးမှ လွတ်ရန်ကား

ကပ်သုံးပါး၏ အဓိပ္ပာယ်နှင့် ကပ်ဘေးကို ဖြစ်စေနိုင်သော အကြောင်းတရား (မီး) ကို သိရန်လိုအပ်ပြီး အကြောင်းကို ခေတ္တထိန်းနိုင်သော တရားနှင့် အကြောင်းတရား (မီး) ကို အငုတ်ပြုတ်စေနိုင်သောတရားကိုသိရှိ လေ့ကျင့်ရန်လိုအပ်ပေသည်။

ကပ်သုံးပါးြ ဖစ်စေသောအကြောင်း ခေတ္တထိန်း
(မီး)
၁။ ဒုဗ္ဘိက္ခန္တရကပ် လောဘ ဒါန
(ငတ်မွတ်ဘေး)
၂။ သတ္တန္တရကပ် ဒေါသ သီလ
(သတ်ဖြတ်ဘေး) (ကာယဝစီစောင့်ထိန်း)
၃။ ရောဂန္တရကပ် မောဟ ဘာဝနာ
(ရောပါဘေး) (အဖန်တလဲလဲ ရှုမှတ်ပွားများ)

- ငတ်မွတ်ဘေး (ကပ်) ဖြစ်ရခြင်းသည် လောဘအကြောင်းကြောင့်ဖြစ်ပြီး ၎င်းလောဘမီးကို ခေတ္တခဏအားဖြင့် ဒါနပြုခြင်းဖြင့် ထိန်းထားနိုင်သည်။ သတ်ဖြတ်ဘေး (ကပ်) သည် ဒေါသကြောင့်ဖြစ်ပြီး ၎င်းဒေါသကို ခေတ္တခဏအားဖြင့် သီလဖြင့် ထိန်းထားနိုင်သည်။ ရောဂါဘေး (ကပ်) သည် မောဟကြောင့်ဖြစ်ပြီး ၎င်းမောဟကို ခေတ္တခဏအားဖြင့် ဘာဝနာဖြင့် ထိန်းထားနိုင်သည်။
- ကပ်သုံးပါးစလုံး အငုတ်ပြုတ်နိုင်ရန်ကား ဝိပဿနာ၊ ဘာဝနာ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) ရှုမှတ်ပွားများနေရမည် ဖြစ်သည်။
- ကပ်သုံးပါးမှ လွတ်မြောက်ချင်ပါ၏ လို့ ဆုတောင်းနေရုံမျှဖြင့် ကပ်သုံးပါးမှ မလွတ်နိုင်၊ ကပ်သုံးပါးကို ဖြစ်စေသော လောဘမီး၊ ဒေါသမီး၊ မောဟမီး တို့ကို မိမိကိုယ်တိုင်လည်း လေ့ကျင့်ပြီး ပယ်သတ်၊ အားလုံးသောသတ္တဝါအပေါင်းတို့မှလည်း လေ့ကျင့်ပြီး ပယ်သတ်နိုင်ကြမှသာလျှင် ကပ်ဘေးတို့မှ လွတ်မြောက်နိုင်ပေမည်။

ဒုစရိုက် / သုစရိုက်

ဒုစရိုက် (၁၀) ပါး (ဒု = မကောင်းသော ၊ စရိုက် = အကျင့်)

(က) ကာယကံ (၃) ပါး
(၁) သတ် (သတ္တဝါများ)
(၂) ခိုး (တစ်ပါးသူပိုင် ပစ္စည်း)
(၃) ဖောက်ပြန် (ကာမဂုဏ်)

(ခ) ဝစီကံ (၄) ပါး
(၁) လိမ် (မဟုတ်မမှန်ပြောခြင်း)
(၂) ကုန်းတိုက် (ညီညွတ်မှုပြိုကွဲစေခြင်း)
(၃) ကြမ်းတမ်း (ဆဲရေးတိုင်းထွာခြင်း)
(၄) အချည်းနှီး (အကျိုးမရှိသော စကားပြောခြင်း)

(ဂ) မနောကံ (၃) ပါး
(၁) အဘိဇ္ဈာ (သူတစ်ပါးပစ္စည်း မတရား ရစေလိုခြင်း)
(၂) ဗျာပါဒ (သူတစ်ပါးကို သေကြေပျက်စီး စေလိုခြင်း)
(၃) မိစ္ဆာဒိဌိ (အယူမှားခြင်း)

ဒုစရိုက် (၁၀) ပါး ပွား (၄၀)

(၁) ကိုယ်တိုင်ကျူးလွန် (၁၀) ပါး
(၂) သူတစ်ပါးအားစေခိုင်း (၁၀) ပါး
(၃) သွယ်ဝိုက်အားပေး (၁၀) ပါး
(၄) ဝမ်းမြောက် (၁၀) ပါး

သုစရိုက် (၁၀) ပါး (သု = ကောင်းသော၊ စရိုက် = အကျင့်)

(က) ကာယကံ (၃) ပါး

(ခ) ဝစီကံ (၄) ပါး ဒုစရိုက် (၁၀) ပါးကို ရှောင်ကြဉ်ခြင်း သည် သုစရိုက် (၁၀) ပါး ဖြစ်သည်။
(ဂ) မနောကံ (၃) ပါး
သုစရိုက် (၁၀) ပါးလည်း ပွားလျှင် (၄၀) ရသည်။
(၁) ကိုယ်တိုင်
(၂) စေခိုင်း
(၃) အားပေး
(၄) ဝမ်းမြောက်

မှတ်ချက်

၎င်းဒုစရိုက် / သုစရိုက်တို့သည်လည်း ပါးစပ်ဖျားဖြင့် ပြောနေ၊ ဟောနေရုံမျှဖြင့် အဓိပ္ပါယ်မပြည့်စုံဘဲ ဒုစရိုက်ကို ကိုယ်တိုင်လုံးဝ ရှောင်ကြဉ်ကြပြီး သုစရိုက်ကို လက်တွေ့လေ့ကျင့်လုပ်ဆောင်ကြပြီး မိမိနှင့် အများအကျိုး ဆောင်ရွက်နိုင်မှသာလျှင် ဗုဒ္ဓအလိုတော်ကျ ဆောင်ရွက်ခြင်းဖြစ်သည်။

ဗြဟ္မစိုရ် (၄) ပါး

မေတ္တာ = တစ်ပါးသူအား ကောင်းစေချင်သော စေတနာ အပြုမြင်ဝါဒ (တန်းတူတွေ့လျှင် မေတ္တာမပွားနိုင်က ပြိုင်တတ်သည်။)
ကရုဏာ =တစ်ပါးသူအား ဝဋ်ဒုက္ခဘေးဆင်းရဲတို့မှ လွတ်မြောက်စေလိုသော စေတနာ (ကိုယ့်အောက်နိမ့်လျှင် ကရုဏာ မထားနိုင်က နိုင်တတ်သည်။)
မုဒိတာ = သူတစ်ပါးကောင်းစားတာ ဝမ်းမြောက်ခြင်း(ကိုယ့်ထက်သာလျှင် မုဒိတာ မပွားနိုင်က ငြူစူစောင်းမြောင်း တတ်သည်။)
ဥပေက္ခာ = ချစ်လည်းမချစ်၊ မုန်းလည်းမမုန်းခြင်း (လစ်လျူရှုခြင်း)(သတ္တဝါအားလုံးတို့သည် မိမိပြုသော ကံအတိုင်းကိုသာ မိမိရကြသည်။)

မှတ်ချက်

ဗြဟ္မစိုရ်တရား (၄) ပါးသည် နတ်လူသတ္တဝါ အားလုံးတို့၏ ချစ်ဆေးဖြစ်၍ ပါးစပ်ဖျားမှ ပြောနေရုံမျှဖြင့် မပြည့်စုံနိုင်ပါ။ လက်တွေ့လေ့ကျင့်လုပ်ဆောင်ကြပြီး နှလုံးသွင်းကာ အသုံးချခြင်းဖြင့် ငြိမ်းချမ်းသာယာသော လောကကြီး ဖြစ်လာပေလိမ့်မည်။

ပုညကြိယာ (၁၀) ပါး

ကောင်းမှု ကုသိုလ် ပုည ဘုန်း (သို့) အဆင့်ဆင့်ကူးပြောင်း ခေါ်ဝေါ်လာကြရာ ယခုအခါ ဘုန်းကြီးသည်ဆိုလျှင် လူတိုင်းနှစ်သက်ကြပေရာ ကောင်းမှုများခြင်းသည်သာ ဘုန်းကြီးကြကြောင်း သိအပ်ပေသည်။

(က) ဒါန
(၁) ရိုးရိုးဒါန (လှူဒါန်းခြင်း)
(၂) ပတ္တိဒါန (အမျှပေးခြင်း)
(၃) ပတ္တာနုမောဒန (သာဓုခေါ် ခြင်း)

(ခ) သီလ
(၁) ရိုးရိုးသီလ (ကာယနှင့်ဝစီစောင့်ထိန်းခြင်း)
(၂) အပစာယန (ရိုသေခြင်း)
(၃) ဝေယျာဝစ္စ (လုပ်အားပေးခြင်း)

(ဂ) ဘာဝနာ
(၁) ရိုးရိုးဘာဝနာ (မေတ္တာဘာဝနာပွားခြင်း ဘုရားဂုဏ်တော် စသည် အာရုံမွားနေခြင်း)
(၂) ဓမ္မဿဝန (တရားနာယူခြင်း)
(၃) ဓမ္မဒေသနာ (တရားဟောပြောပြသခြင်း)
(၄) ဒိဌိဇုကမ္မ (အယူမှန်ခြင်း)

မှတ်ချက်

ပုညကြိယာ (၁၀)ပါး သည်လည်း ဟောပြောနေရုံနှင့် မပြီးဘဲ ကိုယ်တိုင်လည်းလေ့ကျင့်၊ သူတစ်ပါးအားလုံးကိုလည်း လေ့ကျင့်ကြစေရန် စည်းရုံးတိုက်တွန်းပြီး အသုံးချကြမှသာလျှင် ဗုဒ္ဓအလိုတော်ကျ အကျိုးရှိပေမည်။

0 comments:

Original Design by : x-template.blogspot.com.

Modified by :...